တိုက်ပွဲ ပြင်းထန်လာသဖြင့် မိုးညှင်းမြို့ အထက်တန်းကျောင်းများနှင့် မူလတန်းကျောင်းများ ပိတ်ထား လိုက်ရသလို၊ မိုးညှင်းမြို့စွန်များမှ ဒေသခံများက ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းများသို့ စုစုပေါင်း (၄၈၈) ဦး ထွက်ပြေးတိမ်းရှောင်နေ ရသည်ဟုလည်း ၎င်းက မဇ္ဈိမသို့ ပြောသည်။
“တိုက်ပွဲက ဒီနေ့ ပြင်းထန်တယ်။ ၉ နာရီကျော်ကျော်လောက်ကနေ ဖြစ်တယ်။ လက်နက်ကြီးနဲ့ ထုတယ်။ စက်သေနပ်သံတွေ ကြားနေရတယ်လေ။ ကျောင်းတွေက ပိတ်လိုက်ပြီ။ အစိုးရက တရားဝင် ပိတ်တာတော့ မဟုတ်ဘူး။ ကျောင်းသားတွေ က ကျောင်းလာမတက်တဲ့ အခါကြတော့ ကျောင်းပိတ် လိုက်ရတယ်။ အထက်တန်းကျောင်း ၃ ကျောင်းရှိတယ်။ အထက ၁ နဲ့ ၂ တော့ ပိတ်လိုက်ပြီ။ ကျောင်း သားမိဘတွေ စိုးရိမ်တာပေါ့နော်”ဟု ဦးတင်အေးက ဆက်လက် ပြောဆိုသည်။
မိုးညှင်းမြို့တွင် တိုက်ပွဲ ပြင်းထန်လာမည် ဖြစ်ပြီး အစိုးရစစ်တပ်က လေကြောင်းဖြင့် လာပစ်ခတ်မည် ဆိုသော ကောလဟလသတင်းများ ထွက်ပေါ်နေသဖြင့် ကျောင်းသား မိဘများ စိုးရိမ်မှုများ ရှိနေသဖြင့် ကျောင်းသားများ ကျောင်းတက်ခြင်း မရှိတော့သဖြင့် ကျောင်းပိတ်လိုက်ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။
နိုဝင်ဘာ ၁၆ ရက်နေ့ကမူ ကေအိုင်အေက စတင်ပစ်ခတ်လာသဖြင့် လေကြောင်းပစ်ကူများ၊ အမြှောက်ပစ်ကူများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရပြီး တပ်မတော်ဘက်ကလည်း အကျအဆုံး ရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သေးသည်။
“အိုင်ဒီပီပြောဖို့ကလည်းခက်၊ ဖြစ်တာကတောင်ပေါ်မှာ ဒါပေမဲ့ ဒီအနီးအနားမှာရှိတဲ့ လူတွေက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ တစ်နေရာရှိတယ်။ ခရစ်ယာန်ဘုရားကျောင်း အားလုံးပေါင်း ၅ နေရာ လောက်ရှိတယ်၊ သူတို့က အဲဒီမှာ အချိန်ပြည့်နေတာတော့ မဟုတ်ဘူး။ ညဆိုလာအိပ်တယ်၊ နေ့လည်က ကိုယ့်အိမ်ကို ပြန်ကြတာပေါ့”ဟု ဦးတင်အေးက ဒုက္ခသည်များ၏ အခြေအနေကို ရှင်းပြသည်။
တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ မိုးညှင်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “မပြောတတ်ဘူးနော်။ တောထဲမှာ ဖြစ်တာ။ ကျနော်တို့က မြို့မှာဆိုတော့ သိပ်တော့မသိဘူး”ဟု တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမသို့ ပြောသည်။
လက်ရှိ မိုးညှင်းမြို့ပေါ်ရှိ ဧမာနွေလဘုရားကျောင်းတွင် အိမ်ထောင်စု ၈ ခု လူ (၂၈) ဦး၊ စိန်ပတ်ထရစ် ဘုရားကျောင်းတွင် အိမ်ထောင်စု ၃၀ လူဦးရေ (၅၀) ဦး၊ နှစ်ခြင်းခရစ်ယာန်ဘရားကျောင်းမှာ အိမ်ထောင်စုက ၄၀ လူဦးရေက (၂၀၀)၊ အခြား ခရစ်ယာန်ဘုရားကျောင်းမှာက အိမ်ထောင်စု ၁၀ စု လူဦးရေ (၃၀) ၊ အရှေ့ရိပ်သာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စုက ၅၀ လူဦးရေက (၁၈၀) ဦး စုစုပေါင်း (၄၈၈)ဦး ရှိနေသည်ဟု ဦးတင်အေးက ပြောသည်။
နိုဝင်ဘာ ၁၇ ရက်နေ့အထိ ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်းတွင် ခိုလှုံံနေသူပေါင်း ၂၀၀ ကျော်ရှိရာမှ လက်ရှိ ၄၈၈ ဦးအထိ ရှိလာခြင်းဖြစ်သည်။ ထိုညတွင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်း ဘုရားကျာင်းသို့ မိုးညှင်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုး နှင့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝင်းကျော်သူတို့ ဦးဆောင်သော စစ်အင်အား ၅၀ ခန့် ရောက်ရှိလာကာ စစ်ပြေးဒုက္ခသည်များအား မိမိနေအိမ်သို့ ပြန်နေရန် မောင်းထုတ်မှုများရှိခဲ့သည်ဟု မိုးညှင်းမြို့ခံတစ်ဦးက ပြောသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း အစိုးရစစ်တပ်က နယ်မြေညှင်းလင်းရေးဟုဆိုကာ KIA တပ်မဟာ ၈ ဌာနချုပ် လက်အောက်ခံ တပ်စခန်းများသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။







