မတ်လ ၅ ရက်နေ့ ညနေပိုင်းကတည်းက တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ပြီး (ညသန်းခေါင်ကျော်) မနက် ၁၂ နာရီကျော်မှ စတင်ကာ ရန်လုံကျိုင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုလည်း အစိုးရက ထုတ်ပြန်ထားသည်။
တရုတ်နယ်စပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အရပ်သားများ သေဆုံးမှုလည်း ရှိပြီး တရုတ်ဘက် ရှိနမ်စံသို့ အဓိက ထွက်ပြေးကြကြောင်း နမ်စံမြို့မှ ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်သူ ဦးကေသရာ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
တရုတ်ရဲ ့လမ်းမကြီးတလျှောက်ပေါ့လူကပြည့်လျှံနေတာပဲ။ အခုတောင်ခရီးသွားရင်းလှမ်းကြည့်တာ လမ်းတလျှောက်မှာ ဟိုး…ကားရောဆိုင်ကယ်ရော သုံးဘီးကော၊ နောက်ပြီးတော့ ဘာခေါ်မလဲဒွန်း မောင်းလားဘာလား အဲ့ဒီမှာ လူတွေအများကြီးပြည့်နေတယ်” ဟု ဆရာတော်က မိန့်သည်။
မြောက်ပိုင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရမူ ဒီဇင်ဘာလမှ စတင်ကာ အစိုးရ တပ်မှ အကြိမ်ကြိမ် ထိုးစစ် ဆင်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြန်လည်ခုခံနေရခြင်းများရှိခဲ့ပြီး ကိုးကန့်၊ ဟုန်အိုင်ဒေသကို အပြင်း အထန် တိုက်ခိုက်နေသော မြန်မာစစ်တပ်အားမလွဲမချောင်သာ ပြန်လည်ခုခံတိုက်ခိုက်နေရကြောင်း သတင်းထုတ်ပြန်ကာ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုက်ကျေးရွာ၊ တုန်ချိန်၊ ကျိုဖန်၊ ရှင်းပိုင်ရှင့်၊ ကျင်ရှင့်ချိန် နှင့် ကျင်ဆန်ကျော် နှင့် အခြားနေရာနှစ်ခု ၌လည်း မလွဲမချောင်သာခုခံကာကွယ်မှုများကို ပြန်လည်ပြုလုပ် နေရသဖြင့် မတ်လ (၆) ရက် နံနက် (၁၂) နာရီနောက်ပိုင်းမှစ၍ဖြစ်ပွားခဲ့ပြီး မတ်လ ၆ ရက်နေ့ နေ့လည်ပိုင်းအထိ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ထုတ်ပြန်သည်။
လောက်ကိုင်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အနည်းဆုံးအလောင်း ၂၀ ခန့်တွေ့ရှိပြီး ပြည်သူ ၄ ဦး ယာဉ်ထိန်းရဲ ၅ ဦးပါဝင်သည်ဟု အစိုးရက မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ MNDAA လက်နက်ကိုင်အဖွဲ့များသည် မတ်လ ၆ ရက် နံနက် ၂ နာရီ ခန့်တွင် လောက်ကိုင်မြို့အရှေ့ဘက်မှ ဝင်ရောက်၍ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ အဆောက်အဦများ၊ တပ်စခန်းများ နှင့် ရဲစခန်းများအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ပြီး လူနေအဆောက် အဦများ၊ ဟိုတယ်များ ပျက်စီးခြင်းနှင့် ကားမီးရှို့ခြင်းများ ဖြစ်ပွားခဲ့ကြောင်း မတ် ၆ ရက် ညနေ ၄ နာရီခန့်က သတင်းထုတ်ပြန်ထားသည်။
အစိုးရသတင်းထုတ်ပြန်ချက်တွင် MNDAA လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့်သည် လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရဲစခန်းအား နံနက် ၂ နာရီတွင် ရဲဝတ်စုံများ ဝတ်ဆင်အယောင်ဆောင်ကာ စခန်း၏ တောင်ဘက်မှဝင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြံုရေး အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်လျက်ရှိကြောင်းဆိုသည်။
အလားတူ MNDAA လက်နက်ကိုင် အင်အား ၅၀ ခန့် သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်အား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီ ခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး ဆုတ်ခွာသွားသည့် နယ်မြေရှင်းလင်းရေးလုပ်ဆဲဖြစ်ကြောင်းဆိုသည်။ ဆက်လက်ပြီး MNDAA များက နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်အား ဝင်ရောက်ပစ်ခတ်ပြီး ဟိုတယ်ရှိ မော်တော် ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကာ ဖူလီလိုက် ဟိုတယ် ငွေသိမ်းကောင်တာအား ဓားပြတိုက် လုယက်မှု ကျူးလွန်ပြီး နံနက် ၅ နာရီ ၁၀ မိနစ်တွင် အရှေ့ဘက် နှစ်နိုင်ငံနယ်စပ် BP-127 ဘက်သို့ ဆုတ်ခွာသွားရာ တပ်မတော်စစ်ကြောင်းများကလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေးအကဲခတ် တစ်ဦးကမူ ကိုးကန့် တိုက်ပွဲများမှာ မအောင်မြင်သည့် ငြိမ်းချမ်း ရေးဖြစ်စဉ်ပြယုဂ်ဖြစ်ပြီး အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြောမဟုတ်လက်တွေ့ဆောင်ရွက်သည့် အနေဖြင့် တိုင်းရင်းသားအားလုံးပါဝင်နိုင်အောင် ဆောင်ရွက်ပေးသင့်သည်ဟု မှတ်ချက်ပြုသည်။
ကိုးကန့် MNDAA ၊ တအာင်းပလောင် TNLA နှင့် AA ရခိုင်တပ်ဖွဲ့တို့မှာ ယခင်အစိုးရ လက်ထက်က တည်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တန်းတူပါဝင်ခွင့် ကန့်သတ်ခံထားရသည့် အဖွဲ့များဖြစ်ပြီး လတ်တစ်လော ကိုးကန့် တိုက်ပွဲတွင် ရခိုင် အေအေမှာလည်း ပါဝင်တိုက်ခိုက်နေသည်ဟု တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်ဖြစ်သူက ပြောဆိုသည်။







