သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ အရှေ့ဘက် မိုင် ၆၀ ကျော် တရုတ်နယ်စပ်အနီး မိုင်းလားမြို့နယ် တာလော့မြို့ ဂိုဒေါင်တခု တွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ။ ပေါက်ကွဲမှုကြောင့် အနီးအနားရှိ လူနေအိမ်ခြေအချို့လည်း မီးလောင်ကျွမ်း၍ ဂိုဒေါင်အတွင်း တာဝန်ကျသူ လူ ရ ဦး သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသည်ဟု အခင်းဖြစ်ပွားရာဒေသအတွင်း နေထိုင်သည့် ပုဂ္ဂိုလ်များက ပြောသည် ။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသအနီးနေထိုင်သည့် ဦးလောယဲန့်က – “ ဒီပေါက်ကွဲမှုက အာဏာပိုင် တွေ အလုပ်လုပ်တဲ့ အလုပ်ရုံလေ ။ ဂိုဒေါင်ပေါ့ ။ အထဲမှာ ဘာရှိလဲ ဆိုတာ ကျနော်တော့ အတိအကျ မပြောလိုဘူး ။ စစ်တွင်းအသုံးပြုတဲ့ ပစ္စည်းတွေထားတယ်လို့တော့ သိရတယ် ” – ဟု ပြောသည် ။
မိုင်းလားတပ်ဖွဲ့အာဏာပိုင်းများ ထုတ်ပြန်ကြေငြာချက်အရ ပေါက်ကွဲမှုတွင် သတ္တုပစ္စည်း များ ထုတ်လုပ်သည့် သတ္တုမိုင်း ဖေါက်ခွဲရေး ပစ္စည်း သိုလှောင်ထားသည့် ဂိုဒေါင် ပေါက်ကွဲမှုသာဖြစ်ပြီး စိုးရိမ်စရာမရှိတော့ကြောင်း ၊ အခြေအနေအားလုံးအား မိုင်းလားအာဏာပိုင်များ ထိန်းသိမ်းနိုင်ပြီးဖြစ် ကြောင်း၊ ဒေသခံများ အနေဖြင့် စိုးရိမ်စရာမရှိကြောင်း – ထုတ်ပြန်ထားသည်ဟု လည်း ဒေသခံများက ပြောသည် ။

ပေါက်ကွဲမှုကြောင့် လူ ရ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာ ရရှိသည် ဆိုသည့် အချက်ဟုတ်မှန်ကြောင်း မီးဝိုင်းဝန်းငြိမ်းသတ်သည့် ဦးအားဖှန် က ပြောသော်လည်း ပေါက်ကွဲရသည့် အကြောင်းရင်းကိုတော့ အတည်ပြုပြောဆိုချင်းမရှိသေးပါ ။
ယခုနှစ် ၂၀၁၆ နှစ်ဦးပိုင်းကလည်း ထုန်းစန်း ဝမ့်လျှို့လောင်းကစားရုံတစ်ခုတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည် ။
မိုင်းလားတပ်ဖွဲ့ ခေါ် အထူးဒေသ ၄ သည် ၁၉၈၉ ခုနှစ်ကတည်းက စစ်အစိုးရနှင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ထားထားသည့် တပ်ဖွဲ့ဖြစ်သည်။ ခေါင်းဆောင်မှာ ဦးစိုင်းလင်းဖြစ်သည် ။ ဘိန်းနှင့် မူးယစ်ဆေးဝါး ကင်းစင်သည့်ဒေသ ၊ စံပြ အထူးဖွံ့ဖြိုးရေးဒေသ အဖြစ် ၁၉၉၀ ပြည့်လွန်များ၌ စစ်အစိုးရ က ထုတ်ပြန်သတ်မှတ်မှတ်ထားသည် ။ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ဦးသိန်းစိန် အစိုးရ နှင့်လည်း ၂၀၁၁ ခု အောက်တိုဘာက ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ် ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ထားသည့် သျှမ်းပြည်အရှေ့ပိုင်းနေ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သည် ။
ဓါတ်ပုံ- မိုင်းလားမြို့တွင်ဖြစ်ပွါးခဲ့သော ပေါက်ကွဲမှု (Photo: Citizen Journalist)







