သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူး၊ ကျေးသီးမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရ တပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်သော ကြောင့် စစ်ဘေးရှောင်သူများ တခြားမြို့သို့ ထွက်ပြေးခိုလှုံချိန်မှစ၍ ယနေ့အထိ ညပိုင်းလုံခြုံရေး တင်းကြပ်လာသည်ဟု သိရသည်။
“အစက ရွေးကောက်ပွဲအတွက် လုံခြုံရေး တိုးမြှင့်တယ်လို့ဘဲ ထင်တာ။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ အခုထိ လွတ်လပ်စွာ သွားလာခွင့် ဆုံးရှုံးတယ်”ဟု ခိုလမ်မြို့ခံတစ်ဦးဖြစ်သူ စိုင်းလူက ပြောသည်။
နမ့်စန်မြို့ ကျားဖြူပါတီဝင် စိုင်းသန့်စင်က “ လုံခြုံရေးကြောင့် မြို့ဝင်မြို့ထွက် ခရီးသွားတွေကို တအားစစ်ဆေးတယ်။ ကားကောလူကောပဲ။ ဒေသခံတွေတော့ ညမိုးချုပ်ရင် အသွားအလာ သိပ်မရှိတော့ဘူး။ စိုးရိမ်ကြောက်ရွံ့နေကြတယ်”ဟု ပြောသည်။
“လုံခြုံရေးအတွက် တာဝန်အရလုပ်ရတာဖြစ်တယ်”ဟုလည်း နမ့်စန်မြို့ လုံခြုံရေးတာဝန်ကျ ပုဂ္ဂိုလ်တဦးကလည်း ပြောသည်။
လဲချားမြို့တွင်မူ စစ်ဘေးရှောင်ဒုက္ခသည်များ ရောက်ရှိခိုလှုံလာစဉ်ကတည်းက ယနေ့အထိ လုံခြုံရေး တင်းကြပ်ထားကြောင်း၊ အထူးသဖြင့် ညမိုးချုပ်မှ မိုးလင်းချိန်အထိ သွားလာခွင့်အား အာဏာပိုင်များက ပိတ်ပင်ထားကြောင်း ကျားခေါင်းပါတီအမတ် စိုင်းကျော်ဇေယျက ပြောသည်။
နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း လဲချားမြို့အထွက် မိုင်းနောင်မြို့အသွားလမ်း နမ့်တိန်းချောင်းတံတား အနီး တပ်စခန်းထိုင် အစိုးရတပ်မတော် စစ်ဗိုလ်က ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ကားများပင် သုံးနာရီကျော်ကြာ ပိတ်ပင်ကာ စစ်ဆေးမှုပြုခဲ့သေးသည်။
“ကျနော်တို့မိုင်းရှူးမှာတော့ ညနေ ၅ နာရီခွဲလောက်ဆို သွားလာလို့ မလွယ်ကူတော့ဘူး။ မြို့ထဲလည်း လူထုက မိုးချုပ်ရင် အိမ်အပြင်တောင် မထွက်ရဲတော့ဘူး”ဟု မိုင်းရှူးဒေသခံ (ဦး) လုံးစိုင်းခွန်က ပြောသည်။
သျှမ်းပြည်တွင် စစ်အစိုးရလက်ထက်က ဝါးတန်းဂိတ်များ ပေါများလျက်ရှိပါသည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ရောက်အမတ်များ၏ တောင်းဆိုတင်ပြမှုကြောင့် ဝါးတန်းဂိတ်များ လျော့ပါးသွားရာမှ ယခုကဲ့သို့ ပြန်လည်ပေါ်ပေါက်လာခြင်း ဖြစ်သည်။







