မိုင်းရှူးမြို့အနီးနှင့် ဝမ့်ဟိုင်းဌာနချုပ်အနီးရှိ SSPP/SSA တပ်စခန်းအား အစိုးရတပ် အပြင်းအထန်တိုက်ခိုက်

မိုင်းရှူးမြို့အနီးနှင့် ဝမ့်ဟိုင်းဌာနချုပ်အနီးရှိ SSPP/SSA တပ်စခန်းအား အစိုးရတပ် အပြင်းအထန်တိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့အနီးနှင့် ဝမ့်ဟိုင်းဌာနချုပ်အနီးရှိ သျှမ်းပြည် တပ်မတော် SSPP/SSA ၏  တပ်စခန်းများအား အစိုးရတပ် မတော်မှ အောက်တိုဘာ ၂၆ ရက်နေ့၊ မွန်းလွဲပိုင်းမှစပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

ဝမ့်ဟိုင်းဌာနချုပ်အနီး ကောင်းမုံမိန်းနှင့် ဝမ့်လွေ အနီးရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရ တပ်က အောက်တိုဘာ ၂၇ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်မှစ၍ မိုးချုပ်ချိန်အထိ တိုက်ခိုက်သည်ဟု ဌာနချုပ်အရာရှိ ဒုဗိုလ်မှူးကြီးတဦးက ပြောသည်။

ထို့အတူ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မိုင်းရှူးမြို့ အရှေ့တောင်ဘက် တမိုင်ခန့်အကွာ (ပတ္တမြားတောင်အသွားလမ်းရှိ) ပန်စွဲ တပ်စခန်းအား မိုင်းရှူးအခြေစိုက် ခလရ ၁၄၉ က ထိုးစစ်ဆင်တိုက် ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“သေနတ်သံ စထွက်တာ မွန်းလွဲ ၁ နာရီ လောက်တုန်းက။ မိုးချုပ်ခါနီးအထိ လက်နက်ကြီးသံ မကြာမကြာ ကြားနေရတယ်။ လက်နက်ငယ်အသံလဲ ကြား ရတယ်။ ဒီနေ့ မီးလဲ မလာဘူးဆိုတော့ တမြို့လုံးတော့ ငြိမ်နေတယ်”ဟု မိုင်းရှူးရပ်မိရပ်ဖ တဦးဖြစ်သည့် ဦးစိုင်းလူးက ပြောသည်။

အောက်တိုဘာ ၂၆ ရက်နေ့သည် သီကျွတ်ပွဲတော်၏ အဖိတ်နေ့ဖြစ်ပြီး တနှစ်ပတ်လုံး၏ ပုံမှန် ဈေးနေ့ထက် အထူးစည်ကားသည့် ဈေးနေ့ဖြစ်သည်။ သို့သော် ယခုလို ဖြစ်ပွါးသည့် တိုက်ပွဲကြောင့် မိုင်းရှူးဈေး ပျက်သွားသည်ဟု ဒေသခံ က ပြောသည်။

“ဝါကျွတ်အတွက် ဈေးနေ့လေ။ နှစ်တိုင်းဆို အရမ်းစည်တယ်။ ဒီနေ့ သေနတ်သံထွက်တော့ ဈေးလာ ဝယ်တဲ့သူကော၊ ဈေးရောင်းတဲ့သူကော ကစဉ့်ကလျား ပြေးကြတာပေါ့။ ကြောက်ကြောက်လန့်လန့်နဲ့ ဈေးဆိုင်ခန်းတွေ အကုန်လည်း ပိတ်လိုက်တယ်”ဟု ဈေးသည် နန်းညွှန့်က ပြောသည်။

၂၀၁၂ ခုနှစ်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့အထိ အစိုးရတပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ တိုက်ပွဲပေါင်း ၅၀ ထက် မနည်း၊ စစ်ဘေးဒုက္ခသည်ပေါင်း ၃ဝဝဝ ကျော် နေရပ်မှ စွန့်ခွာနေရသည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...