၂၀၁၅ ရွေးကောက်ပွဲ မိုင်းလားမြို့တွင် မဲပုံးထောင်ရန် NDAA-ESS တပ်ဖွဲ့လက်မခံ

၂၀၁၅ ရွေးကောက်ပွဲ မိုင်းလားမြို့တွင် မဲပုံးထောင်ရန် NDAA-ESS တပ်ဖွဲ့လက်မခံ
by -
သျှမ်းသံတော်ဆင့်
မိုင်းလားမဲဆန္ဒနယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ကော်မရှင်မှ ကိုယ်စားလှယ်လောင်း များစာရင်း တင်သွင်းခွင့်ပြုခဲ့သော်လည်း မိုင်းလား တာဝန်ရှိသူများက ရွေးကောက်ပွဲ ကျင်းပခွင့် မပြုနိုင်ဟုဆိုကာ ပယ်ချခဲ့ကြောင်း သိရသည်။

“ကျနော်တို့ပါတီ ကော်မရှင်က အဲဒီမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုလို့ ကိုယ်စားလှယ်လောင်းစာရင်း သွားတင်တယ်။ ပြီးတော့ မိုင်းလားကို သွားတော့ သူတို့အဖွဲ့တာဝန်ရှိသူတွေက လက်ခံကျင်းပပေးမှာ မဟုတ်ဘူး။ မိုင်းလား NDAA တာဝန်ရှိသူတွေက အကြောင်းပြန်ခဲ့တယ်”ဟု မိုင်းလားတွင် သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင်အတွင်း ပါဝင်သည့် မိုင်းလားမြို့နယ် အားရွေးကောက်ပွဲ ကျင်းပရန် ရွေးကောက်ပွဲမဲဆန္ဒနယ်တခု အဖြစ် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည်။

သို့သော် မိုင်းလားဒေသ အမည်ရ အထူးဒေသ ၄ သည် ရွေးကောက်ပါ ကျင်းပရန် အခြေအနေ မပြည့်စုံကြောင်း၊ အခြေချ ရုံးစိုက်ဖွင့်လှစ်ထားသည့် ပါတီလည်း မရှိကြောင်း၊ စည်းလုံးညီညွတ်သော ငြိမ်းချမ်းရေးပါတီကလည်း နိုင်ငံရေးပါတီ မဟုတ်ဘဲ တပ်ထုအားထိန်းကျောင်းသည့် ပါတီသာ ဖြစ်ကြောင်း စသည့်အချက်များကြောင့် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမပြည့်စုံသေးကြောင်း ဌာနချုပ် အရာရှိကြီးတစ်ဦးက ပြောသည်။

“ကျနော်တို့ဆီမှာ ဘာပါတီမှ မရှိဘူးလေ။ ဒါ့ကြောင့်ရွေးကောက်ပွဲ လုပ်ဖို့ လည်းမဖြစ်နိုင်ဘူး။ စစ်တပ်က ဖွဲ့စည်းထားတဲ့ပါတီက လည်း ရွေးကောက်ပွဲအတွက် မဟုတ်ဘူးလေး။ ဒါ့ကြောင့်ဒီမှာက နိုင်ငံရေးပါတီတွေ မရှိလို့ ရွေးကောက်ပွဲလဲ လုပ်မှာ မဟုတ်ဘူး”ဟု ဥက္ကဌ ရုံးအရာရှိကြီး တစ်ဦးက ပြောသည်။

SNLD ပါတီအနေဖြင့် မိုင်းလားတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါက ပြည်သူ့လွှတ်တော် ၁ နေရာ ပြည်နယ်လွှတ်တော် ၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့ပြီး သျှမ်းတိုင်းရင်းသား အများစုနေထိုင်သည့် မိုင်းလားဒေသတွင် ရွေးကောက်ပွဲလက်ခံ ကျင်းပခွင့်မပြုခဲ့သည့် မိုင်းလား NDAA အဖွဲ့အပေါ်တွင်နားမလည်နိုင်ကြောင်း ဦးစိုင်းလိတ်က ပြောသည်။

သျှမ်းပြည်နယ်အရှေ့ပိုင်းတွင်ရှိသည့် မိုင်းလားဒေသမှာ ၂၀၁၀ ခုနစ်က လည်း ရွေးကောက်ပွဲ လက်ခံကျင်းပခဲ့ခြင်းမရှိသည့် ဒေသဖြစ်ပြီး အဆိုပါဒေ သအား ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက် လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS အမည်ရ မိုင်းလားတပ်ဖွဲ့က အုပ်ချုပ်ထိန်း ချုပ်ထားသည့် ဒေသဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံထားသည့် မိုင်းလားဒေသတွင် အစိုးရမှ မြို့နယ်အဖြစ် သတ်မှတ် ထားသည့် မိုင်းလားမြို့နယ် တမြို့နယ်သာ ရှိပြီး NDAA အဖွဲ့မှ သတ်မှတ်ချက်အရမူ မိုင်းလား၊ ဆီလူး၊ မိုင်းမ မြို့သုံးမြို့ကို မြို့နယ်အဖြစ် သတ်မှတ်ထားသည်။

ဝ၊ ကိုးကန့်တို့နှင့် မဟာမိတ်ဖြစ်သည့် မိုင်းလားဒေသတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော် လည်း တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတွင်မူ ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး ကိုးကန့် MNDAA အဖွဲ့မှလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် တဖက်သတ်အပစ်ခတ်ရပ်စဲ မှုပြုလုပ်ထားသည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...