မော်လမြိုင်-သံလွင်စျေး ငါးဒိုင်များကိုစျေးအနောက်ဘက်သို့ ယာယီပြောင်းရွှေ့ရန်စီစဉ်

မော်လမြိုင်-သံလွင်စျေး ငါးဒိုင်များကိုစျေးအနောက်ဘက်သို့ ယာယီပြောင်းရွှေ့ရန်စီစဉ်
သံလွင်းစျေးမှ ငါးဒိုင်(photo: မင်းချမ်းညီ)
သံလွင်းစျေးမှ ငါးဒိုင်(photo: မင်းချမ်းညီ)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်စျေးရှိ ငါးဒိုင်များကို မူလစျေးအနောက်ဘက်ခြမ်း စည်ပင်သာယာပိုင် ကမ်းနားလမ်းမြေနေရာတွင် ယာယီပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။

မွန်ပြည်နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က"ကုန်တင်ကားကြီးတွေရပ်ထားတာ ပစ်စလက်ခတ်ရပ်ထားတာတွေကြောင့် ငါးညှီနံ့တွေထွက်တယ်လို့ ၀န်ကြီးချုပ်ကိုပြောတော့ သံလွင်စျေးရဲ့ အနောက်ဘက်မှာ မြေအပိုတွေရှိတယ်။ အဲ့ဒီမှာ အဆောက်အဦးလေးဆောက်ပေးမယ်။ အောက်မှာလည်း ရေစီးဖို့အတွက် မြောင်းလေးဖောက်ပေးမယ်။ လောလောဆယ်တော့ အဲ့ဒီကို ပြောင်းရွှေ့ထားမယ်” ဟု ပြောသည်။

အဆိုပါ စျေးကို ယခင်က ကျောက်တန်းစက်ရုံစုနယ်မြေဘက်သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း မြေပိုင်ဆိုင်မှုပြဿနာအချို့ရှိနေသည်ဟု ဆိုသည်။

သို့ရာတွင် မုပွန်ရပ်ကွက်ကျောက်မီးသွေးရုံရှိ မီးရထားပိုင်မြေကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရထံတင်ပြတောင်းခံထားပြီး ခွင့်ပြုသည်နှင့်အတည်တကျ ထားရှိမှာဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

၄င်းက “ငါးဒိုင်ကတော့ ရွှေ့ရမှာပေ့ါလေ မြို့ထဲမှာဖြစ်နေလို့။မြေက မရသေးတော့ ကြားထဲမှာ လတ်တလောမှာတော့ ငါးဒိုင်တွေကို ကမ်းနားလမ်းဘက် ကပ်လိုက်မယ်။ မြို့နဲ့နည်းနည်းခွာလိုက်တဲ့သဘောပေါ့။ ကျောက်တန်းကို ပို့လိုက်မယ်ဆိုရင် အရောင်းအဝယ်တွေ ပျက်ပြားကုန်မယ်။ သိပ်တော့ အဆင်မပြေဘူးဆိုတော့ မြေရမယ်ဆိုရင် မုပွန်ဘက်ကိုပဲ တခါတည်း လျာပေးလိုက်မယ်” ဟု ပြောသည်။

သို့သော် ယင်းကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “ကျွန်တော်တို့ကိုတော့ ဘာမှမပြောသေးဘူး။ဘာမှ မသိရသေးဘူး”ဟု ပြောသည်။

ငါးဒိုင်များကို အခြားနေရာများသို့မပြောင်းရွှေ့လိုသည့်အတွက် စည်ပင်သာယာကချမှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်နေကြောင်း အေဂျီငါးဒိုင်နှင့် ဒေါ်တုံးလုံးငါးဒိုင် ဆိုင်ရှင်များက ဆိုသည်။

မော်လမြိုင်ဒိုင်တွင် ငါးအဝယ်ဒိုင်ကြီး (၁၅) ဒိုင်ခန့်ရှိပြီး ယင်းငါးဒိုင်များကို ပြောင်းရွှေ့ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...