ခနောက်စိမ်းသတ္တုကြိတ်ခွဲသန့်စင်စက်ရုံတစ်ရုံကို မွန်ပြည်နယ်အစိုးရ စမ်းသပ်လည်ပတ်ခွင့်ပြု

ခနောက်စိမ်းသတ္တုကြိတ်ခွဲသန့်စင်စက်ရုံတစ်ရုံကို မွန်ပြည်နယ်အစိုးရ စမ်းသပ်လည်ပတ်ခွင့်ပြု
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း(photo: MNA)
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း(photo: MNA)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအုပ်စုရှိ မော်လမြိုင်စက်မှုဇုန်အတွင်းတွင် ခနောက်စိမ်းသတ္တုကြိတ်ခွဲသန့်စင်စက်ရုံတစ်ရုံကို ပြည်နယ်အစိုးရအဖွဲ့က စမ်းသပ်လည်ပတ်ခွင့် ပြုထားကြောင်း သိရသည်။ စက်ရုံစမ်းသပ်လည်ပတ်ခွင့်ရထားသည့် အရှေ့မြောက်ဆင်ဖြူတော်သတ္တုတူးဖော်ရေးကုမ္ပဏီလီမီတက်မှ စက်ရုံစမ်းသပ်လည်ပတ်ခွင့်ရရှိရန် သြဂုတ်လခန့်က ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားပြီး ပြည်နယ်အစိုးရအဖွဲ့မှ အောက်တိုဘာ ၂ ရက်နေ့မှစကာ စမ်းသပ်လည်ပတ်ခွင့် ပြုပေးလိုက်ခြင်းဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။ “စမ်းသပ်လည်ပတ်မယ့်ကာလကိုတော့ မသတ်မှတ်ထားဘူး၊ စမ်းသပ်လည်ပတ်နေစဉ်မှာ ပတ်ဝန်းကျင်ထိခိုက်မှုရှိ မရှိကို စစ်ဆေးသွားမယ်၊ ထိခိုက်မှုရှိရင်တော့ လည်ပတ်ခွင့်ပိတ်သိမ်းမယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ စက်ရုံစတင်စမ်းသပ်လည်ပတ်သည့်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေကော်တီနှင့် စက်မှုဇုန်ကော်မတီတို့ သွားရောက်စစ်ဆေးခဲ့ကြောင်း စက်ရုံလည်ပတ်ပြီး ၂ ပတ်အကြာတွင်လည်း စစ်ဆေးမှု ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။ ယခင်အစိုးရလက်ထက်ကတည်းက မော်လမြိုင်စက်မှုဇုန်တွင် ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ ၆ ရုံခန့်တို့က စက်ရုံလည်ပတ်ခွင့်ရရှိရန် ကြိုးပမ်းမှုရှိခဲ့သော်လည်း ခနောက်စိမ်းသတ္တုုသန့်စင်စက်ရုံသည် ပတ်ဝန်းကျင်ထိခိုက်မှု၊ ညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ်ဆိုင်ရာ ဆိုးကျိုးများရှိနိုင်ခြင်းနှင့် မြို့ရေပေးဝေရေးစီမံကိန်းကို ထိခိုက်စေနိုင်သည်ဟုဆိုပြီး စက်မှုဇုန်ကော်မတီနှင့် မြို့နယ်ကော်မတီတို့၏ တင်ပြမှုကြောင့် ခနောက်စိမ်းစက်ရုံကို ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၄ ခုနှစ်က တားမြစ်ပိတ်ပင်ထားခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် သြဂုတ်လခန့်တွင် စက်ရုံနှင့် စက်မှုဇုန်ကော်မတီ၊ မြို့နယ်ကော်မတီတို့ ညှိနှိုင်းမှုကြောင့် စက်ရုံတစ်ခုကို စမ်းသပ်လည်ပတ်ခွင့် ပြုပေးခဲ့ရာ အဆိုပါစက်ရုံစမ်းသပ်လည်ပတ်စဉ် စက်ရုံပတ်ဝန်းကျင်ရှိ လူထုအချို့ မူးမေ့မှုဖြစ်ပွားခဲ့သည့်အတွက် ထိုအချိန်မှစပြီး ခနောက်စိမ်းစက်ရုံအားလုံးကို ပြည်နယ်အစိုးရက ရပ်နားခိုင်းထားခဲ့သည်။ လက်ရှိအစိုးရလက်ထက်မှာတော့ ယခင်အစိုးရက ရပ်နားခိုင်းထားသည့် ခနောက်စိမ်းကြိတ်ခွဲသန့်စင်စက်ရုံတစ်ခုကို ပထမဆုံး စမ်းသပ်လည်ပတ်ခွင့် ပြုပေးခြင်းဖြစ်သည်။ ခနောက်စိမ်းစက်ရုံသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိလာနိုင်ခြင်း အထူးသဖြင့် စက်မှုဇုန်၏ အောက်ဘက် (၂) မိုင်အကွာခန့်ရှိ မော်လမြိုင်မြို့ရေပေးရေးစက်ရုံ အတ္တရံ (၁)၊ အတ္ထရံ (၂) ကို ထိခိုက်မှုရှိလာနိုင်သည့်အတွက် စက်မှုဇုန်ကော်မတီ၊ မြို့နယ်ကော်မတီနှင့် စက်မှုဇုန်ဝန်းကျင်နေလူထုတို့က ကန့်ကွက်ခဲ့ကြသည်။ စမ်းသပ်လည်ပတ်ခွင့်ရထားသည့် အရှေ့မြောက်ဆင်ဖြူတော်သတ္တုတူးဖော်ရေးကုမ္ပဏီလီမီတက်သည် တစ်နေ့လျှင် ခနောက်စိမ်းသတ္တုချော ၁ တန်ခွဲ ထုတ်လုပ်မည်ဟု စီမံကိန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...