Published
Monday, July 31, 2017
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးမှုကြောင့်စာသင်ကျောင်းများယာယီပိတ်ထား
ကျောင်းသူအချို့အိမ်ပြန်လာစဉ်(photo: Myat Oo Thar)
ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးမှုကြောင့် ဇူလိုင်လ(၃၁) ရက်နေ့အထိ ကျိုက်ဒုံမြို့အပါအဝင်စာသင်ကျောင်း (၂၄) ကျောင်း ယာယီပိတ်ထားရပြီး လူနေအိမ် (၂၀၀) ကျော်နှင့် ရေဘေးသင့်ပြည်သူ ၉၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးမျိုးအောင်က “ကျောင်းထဲ ရေတွေဝင်လာလို့ သွားရ၊ လာရ ခက်ခဲလို့ ကျောင်းတွေကို ပိတ်ထားတာဖြစ်တယ်။ ကျောင်းမှာ စာသင်မရတော့လို့၊ ကလေးတွေ သွားရေးလာရေးခက်လို့ အန္တရာယ်များမှာစိုးလို့ ပိတ်တဲ့သဘောပါ” ဟု ပြောသည်။
ထို့အတူ ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းပေါ်ရှိ ဘေလီတံတားနှစ်စင်း ဇူလိုင်လ (၂၆) ရက်နေ့က ရေထဲမျောပါသွားသည့်အတွက်လမ်းခရီး ပြတ်တောက်နေဆဲဖြစ်ပြီး ယနေ့တွင် ရေအနည်းငယ်ပြန်ကျသွားသည်ဟု သိရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းမူက “ ကျောင်းပိတ်တဲ့ကိစ္စကို အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ အစည်းအဝေးလုပ်နေတာတွေရှိတယ်။ ရေတွေတဖြည်းဖြည်းတော့ ကျလာမှာပါ။”သည်။ ကရင်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူများကို စားနပ်ရိက္ခာများထောက်ပံ့ပေးထားကြောင်း ကရင်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီနီအောင်က ပြောသည်။ “ကျမတို့ဌာနအနေနဲ့ အဲ့ဒီကြာအင်းဆိပ်ကြီးမှာ ရေဘေသင့်ပြည်သူ ၉၀၀ ကျော်အတွက် ဆန်နဲ့ ငါးသေတ္တာတွေထောက်ပံ့ပေးနေပါတယ်” ဟု ဒေါ်နီနီအောင်က ဆိုသည်။ ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လယ်မြေ ဧက ၁,ဝဝဝ ကျော် ရေနစ်မြှုပ်နေသည်ဟု မြို့နယ်စိုက်ပျိုးရေးဌာန ဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့မှ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ဟောင်သရောမြစ်၊ ဇမိမြစ်၊ ဝင်းရော်မြစ်၊ ကွင်းကြီးချောင်း၊ ကြိတ်ချောင်းတို့မှ ရေများ လျှံထွက်လာပြီး လူနေအိမ်များနှင့် လယ်ယာစိုက်ခင်းများ ရေနစ်မြုပ်ခြင်း ဖြစ်သည်။







