သံလွင်တံတား (ချောင်းဆုံ) ကို လာမည့့်မတ်လတွင်စတင်အသုံးပြုနိုင်မည်ဟုဆို

သံလွင်တံတား (ချောင်းဆုံ) ကို လာမည့့်မတ်လတွင်စတင်အသုံးပြုနိုင်မည်ဟုဆို
by -
မွန်သတင်းအေဂျင်စီ
သံလွင်တံတား (ချောင်းဆုံ) ဆောက်လုပ်နေစဉ်(MNA)
သံလွင်တံတား (ချောင်းဆုံ) ဆောက်လုပ်နေစဉ်(MNA)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော သံလွင်တံတား (ချောင်းဆုံ) သည် ၂၀၁၇ ခုနှစ် မတ်လတွင် စတင်အသုံးပြုရန် ခန့်မှန်းလျာထားကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းအဖွဲ့ (၄) ညွှန်ကြားရေးမှူး ဦးသိန်းမြင့်မွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“လာမယ့် မတ်လမှာ တံတားအသုံးပြုဖို့ လျာထားတယ်ပေါ့၊ သတ်မှတ်ထားတဲ့အချိန်အတိုင်း ပြီးစီးအောင်ကြိုးစား လုပ်နေပါတယ်” ဟု ဦးသိန်းမြင့်မွန်က ပြောသည်။

လက်ရှိတွင် တံတားတည်ဆောက်မှု (၆၇) ရာခိုင်နှုန်း ပြီးစီးနေပြီး ကညှော်ဘက်ခြမ်း၌ သံပေါင် ၁၄ ခန်းရှိရာ ၈ ခန်းမှာ သံပေါင်တပ်ဆင် ပြီးစီးခဲ့ကြောင်း၊ ရေလယ်ပိုင်းရှိ ကုန်း ၄ ကုန်းတွင် တစ်ကုန်းခွဲသာ သံပေါင် တပ်ဆင်ရသေးကြောင်း၊ မော်လမြိုင်ဘက်ခြမ်းမှ သံပေါင် ၄ ခန်းတွင် ကြမ်းခင်းမှုအပိုင်း ပြီးစီးနေပြီဖြစ်ကြောင်း၊ လာမည့် မတ်လတွင် တံတားတစ်စင်းလုံး ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း  ၄င်းက ဆက်ပြောသည်။

အဆိုပါတံတားစီမံကိန်းခန့်မှန်းကုန်ကျငွေကျပ် (၅၉၈၀၀) သန်း လျာထားခဲ့ပြီး တံတားတည်ဆောက်ရေးအတွက်၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၇၀၀) သန်း၊  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၂၀၀၀၀) သန်းကို သုံးစွဲပြီးဖြစ်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၁၃၆၀) သန်း သုံးစွဲရန်လျာထားကြောင်း သိရသည်။

 “ တံတားပြီးစီးရင် အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်၊ ဒါပေမယ့် စိုးရိမ်စရာ တစ်ခုကတော့  ကုမ္ပဏီတွေ၊ စက်ရုံတွေ ဝင်လာမယ်ဆိုရင် ဒေသရှိ အိမ်တွင်းလက်မှုပညာတွေ ကွယ်ပျောက်သွားမှာ စိုးရိမ်တယ်” ဟု ဘီလူးကျွန်းဒေသခံ ဒေါ်မေမြတ်နိုးသူ က ပြောသည်။

တံတား တစ်ခုလုံး၏ အရှည်မှာ (၅၂၀၃ဒသမ၄) ပေရှိပြီး မုပွန်ဘက်ကမ်း ချဉ်းကပ် တံတားအရှည်မှာ (၆၈၉) ပေ၊ ကညှော်ဘက် ချဉ်းကပ်တံတား အရှည်မှာ (၂၇၅၆) ပေ၊ နှစ်လမ်းသွား ကားလမ်းအကျယ် (၂၈) ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၃) ပေ (၃) လက်မစီ ဖြစ်သည်။

မော်လမြိုင်-ဘီလူးကျွန်းတံတားစီမံကိန်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး  သံမဏိသံပေါင် ကုန်းတံတား အမျိုးအစားဖြစ်ကာ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်မှ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာသို့ ဆက်သွယ်ထားခြင်း ဖြစ်သည်။

အဆိုပါ သံလွင်တံတား (ချောင်းဆုံ) ဆောက်လုပ်ပြီးစီးပါက မွန်ပြည်နယ် ၁၀ မြို့နယ်သို့ မော်တော်ကားဖြင့် ၂၄ နာရီ အချိန်အခါမရွေး  ခရီးသွားလာနိုင်မည် ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...