“လာမယ့် မတ်လမှာ တံတားအသုံးပြုဖို့ လျာထားတယ်ပေါ့၊ သတ်မှတ်ထားတဲ့အချိန်အတိုင်း ပြီးစီးအောင်ကြိုးစား လုပ်နေပါတယ်” ဟု ဦးသိန်းမြင့်မွန်က ပြောသည်။
လက်ရှိတွင် တံတားတည်ဆောက်မှု (၆၇) ရာခိုင်နှုန်း ပြီးစီးနေပြီး ကညှော်ဘက်ခြမ်း၌ သံပေါင် ၁၄ ခန်းရှိရာ ၈ ခန်းမှာ သံပေါင်တပ်ဆင် ပြီးစီးခဲ့ကြောင်း၊ ရေလယ်ပိုင်းရှိ ကုန်း ၄ ကုန်းတွင် တစ်ကုန်းခွဲသာ သံပေါင် တပ်ဆင်ရသေးကြောင်း၊ မော်လမြိုင်ဘက်ခြမ်းမှ သံပေါင် ၄ ခန်းတွင် ကြမ်းခင်းမှုအပိုင်း ပြီးစီးနေပြီဖြစ်ကြောင်း၊ လာမည့် မတ်လတွင် တံတားတစ်စင်းလုံး ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
အဆိုပါတံတားစီမံကိန်းခန့်မှန်းကုန်ကျငွေကျပ် (၅၉၈၀၀) သန်း လျာထားခဲ့ပြီး တံတားတည်ဆောက်ရေးအတွက်၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၇၀၀) သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၂၀၀၀၀) သန်းကို သုံးစွဲပြီးဖြစ်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၁၃၆၀) သန်း သုံးစွဲရန်လျာထားကြောင်း သိရသည်။
“ တံတားပြီးစီးရင် အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်၊ ဒါပေမယ့် စိုးရိမ်စရာ တစ်ခုကတော့ ကုမ္ပဏီတွေ၊ စက်ရုံတွေ ဝင်လာမယ်ဆိုရင် ဒေသရှိ အိမ်တွင်းလက်မှုပညာတွေ ကွယ်ပျောက်သွားမှာ စိုးရိမ်တယ်” ဟု ဘီလူးကျွန်းဒေသခံ ဒေါ်မေမြတ်နိုးသူ က ပြောသည်။
တံတား တစ်ခုလုံး၏ အရှည်မှာ (၅၂၀၃ဒသမ၄) ပေရှိပြီး မုပွန်ဘက်ကမ်း ချဉ်းကပ် တံတားအရှည်မှာ (၆၈၉) ပေ၊ ကညှော်ဘက် ချဉ်းကပ်တံတား အရှည်မှာ (၂၇၅၆) ပေ၊ နှစ်လမ်းသွား ကားလမ်းအကျယ် (၂၈) ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၃) ပေ (၃) လက်မစီ ဖြစ်သည်။
မော်လမြိုင်-ဘီလူးကျွန်းတံတားစီမံကိန်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး သံမဏိသံပေါင် ကုန်းတံတား အမျိုးအစားဖြစ်ကာ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်မှ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာသို့ ဆက်သွယ်ထားခြင်း ဖြစ်သည်။
အဆိုပါ သံလွင်တံတား (ချောင်းဆုံ) ဆောက်လုပ်ပြီးစီးပါက မွန်ပြည်နယ် ၁၀ မြို့နယ်သို့ မော်တော်ကားဖြင့် ၂၄ နာရီ အချိန်အခါမရွေး ခရီးသွားလာနိုင်မည် ဖြစ်သည်။







