လောင်းကိုင်ရွာသား မန်းဒေါင်ပိုင်က “ဆောက်လုပ်ရေးဌာနက မိုးတွင်းရောက်ခါနီးမှ တံတားတွေ ဘာကြောင့် လာဖျက်လဲ မသိ ဘူး။ ဒီအချိန်က ဒေသခံတွေရဲ့ ခြံထွက်သီးနှံတွေ ကူးသန်းရောင်းဝယ်လို့ ကောင်းတဲ့အချိန်ဖြစ်တယ်။ တံတားဖျက်တာလည်း တစ်စင်းပြီးမှ တစ်စင်းလုပ်တာ မဟုတ်ဘူး။ တစ်ပြိုင်တည်း သုံးစင်းလုံးဖျက်တော့ ဒေသခံတွေ ဒုက္ခရောက်တာပေါ့။ အဓိက တော့ ကျောင်းသွားတဲ့ကလေးတွေနဲ့ ကူးသန်းရောင်းဝယ်လုပ်တဲ့ ဒေသခံတွေ၊ ခရီးသည်တွေအတွက်ပေါ့”ဟု ပြောသည်။
အဆိုပါတံတားများကို ဖြိုဖျက်ပြင်ဆင်မှု မပြုလုပ်ခင်က ကျေးရွာနှစ်ခုကို ကားဖြင့် ၂မိနစ်အတွင်း သွားလာနိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် အနည်းဆုံး နာရီဝက်ကြာ အချိန်ယူသွားရပြီး ကုန်ပစ္စည်းများ သယ်ဆောင်ပါက အချိန် ၁နာရီကြာ သွားလာ ရသလို အချို့ရက်များတွင် ညအိပ်စောင့်ကာ ဖြတ်သန်းရသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

၎င်းတံတားများကို တစ်လအတွင်း အပြီးတည်ဆောက်နိုင်သော်လည်း သုံးလကြာအထိ မပြီးခြင်းမှာ ဆောက်လုပ်ရေးပစ္စည်း မစုံလင်သည့်အတွက်ဖြစ်သည်ဟု တံတားတည်ဆောက်ရေး အလုပ်သမားများက ပြောဆိုကြောင်း၊ ဒေသခံများအနေဖြင့် အမြန် ပြန်ဆောက်ပေးရန် ဇွန်လ ၈ရက်နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆိုထားကြောင်း လောင်းကိုင်ကျေး ရွာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဦးအိန္ဒောဘာသက မိန့်ကြားသည်။
“ဒေသခံတွေ သွားလာတာ အရမ်းခက်ခဲနေတာတွေ့လို့ ဦးဇင်းက မြို့နယ်အဆင့်ပြောရင် မထိရောက်မှာစိုးလို့ ဝန်ကြီးချုပ်ထံ စာတင်ပြီး သွားပြောပြတယ်။ ဝန်ကြီးချုပ်ကတော့ အစည်းဝေးလုပ်ပြီးရင် မြန်မြန် ဆောက်လုပ်ပေးဖို့ ပြောလိုက်ပါ့မယ်ဆိုပြီး အဲလိုတော့ ပြောထားတယ်”ဟု ဆရာတော်က ကေအိုင်စီသို့ မိန့်ကြားသည်။
ယင်းဒေသ၌ ဥယျာဉ်ခြံထွက်သီးနှံများဖြစ်သည့် ဒူးရင်း၊ နာနတ်၊ မင်းဂွတ်သီးများ ထွက်ရှိချိန်ဖြစ်သလို ဒေသခံများ ကူးသန်း ရောင်းဝယ်လျှက်ရှိသည့်အချိန်တွင် တံတားများ ဆောက်လုပ်မှုမှာ မပြီးသေးသည့်အတွက် လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်နှင့် ဝင်းက စသည့်ကျေးရွာများမှာ ခြံထွက်သီးနှံများ ရောင်းဝယ်ရာတွင် သွားလာမှု ခက်ခဲနေခြင်းဖြစ်သည်။







