၂၁ ရာစုပင်လုံအကောင်ထည်ဖော်ဆောင်ရန် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ကြေညာရန်လိုအပ်ဟု နိုင်ဟံသာပြော

၂၁ ရာစုပင်လုံအကောင်ထည်ဖော်ဆောင်ရန် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ကြေညာရန်လိုအပ်ဟု နိုင်ဟံသာပြော
(ဝဲမှယာ)UNFC ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ နိုင်ဟံသာ(UNFC)
(ဝဲမှယာ)UNFC ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ နိုင်ဟံသာ(UNFC)
၂၁ ရာစု ပင်လုံညီလာခံ လာမည့်တစ်လနှစ်လအတွင်း အကောင်အထည်ဖော်ဆောင်နိုင်ရန် အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အမြန်ဆုံးကြေညာရန်လိုအပ်ကြောင်း ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဒုက္ကဋ္ဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီသို့ ပြောကြားလိုက်သည်။

နိုင်ဟံသာက “ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်လိုရင် အစိုးရကနေ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးကို အမြန်ဆုံးကြေညာဖို့လိုတယ်၊ ဒါပေမယ့် တပ်မတော် လက်ခံမှဖြစ်မယ်” ဟု ပြောသည်။

ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးတစ်နှစ်ခန့်အကြာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြေညာ၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့သည်ကို သူကထောက်ပြသည်။

သူက “၂၁ ရာစု ပင်လုံညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အပိုင်း၊ နိုင်ငံရေးပါတီတွေအပိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး အဓိကပါဝင်ဆွေးနွေး အဖြေရှာစေချင်တယ်၊ NCA လက်မှတ်ထိုးပြီးတဲ့အဖွဲ့ရော မထိုးရသေးတဲ့အဖွဲ့တွေပါ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့မကျန် အားလုံးအတူတကွ ပါဝင်ဖို့လိုတယ်” ဟု ဆက်ပြောသည်။

တောင်တန်းဒေသတိုင်းရင်းသားများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ချုပ်ဆိုခဲ့သော ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် ၂၁ ရာစုပင်လုံစာချုပ် တစ်တပ်တည်းတူညီမည်မဟုတ်သော်လည်း အဓိကဦးတည်ချက်သည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည်ဖော််ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

သို့ရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “ ၂၁ ရာစု ပင်လုံကို ဒေါ်အောင်ဆန်းစုကြည် တစ်လနှစ်လအတွင်း လုပ်မယ်ဆိုတော့ ဘယ်နည်း ဘယ်ပုံစံမျိုးနဲ့လုပ်မယ်ဆိုတာကတော့ ကျွန်တော်တို့ မသိရဘူး၊ ဘယ်သူတွေနဲ့ ဝန်းရံပြီးတော့လုပ်မလဲ ဘယ်သူတွေ ပါဝင်မလဲဆိုတာလည်း ကျွန်တော်တို့မသိရဘူး၊ အဲဒါလည်း ပြဿနာ တစ်ခုပေါ့၊ အကြီးဆုံး ပြဿနာကတော့ ကျွန်တော်အထင်ပြောရရင် တပ်မတော်နဲ့ ကျေကျေနပ်နပ် ဖြစ်မှရမယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ပင်လုံစာချုပ်အရ စစ်မှန်သောဖက်ရယ် ပြည်ထောင်စု၊ ပင်လုံစိတ်ဓါတ် ၊ ပင်လုံမူရှိခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း၊ အကောင်အထည်ဖော်ရန်ကြိုးပမ်းစဉ်တွင် ခွဲထွက်ရေးကို အခြေခံသော တောင်ကြီးမူတစ်ရပ် ထွက်ပေါ်လာကြောင်း၊ အဆိုပါ ခွဲထွက်ရေးကို အကြောင်းပြုပြီး ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း အာဏာသိမ်းခြင်း ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက သုံးသပ်သည်။

ဧပြီလ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)အဖွဲ့ဝင်များနှင့် ဆွေးနွေးပွဲတွင် ၂၁ ရာစုပင်လုံညီလာခံကို တစ်လနှစ်လအတွင်း ကျင်းပလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...