ကူညီဆောင်ရွက်ပေးနေသူ နိုင်စိုးသိန်း က “ဒီအမှုကို အခုစစ်ခုံရုံးမှာ စစ်ဆေးနေပါတယ်။ စစ်ခုံရုံးက ဒီအမှုမှန်ကန်ကြောင်း စိစစ်တွေ့ရှိရင် စစ်ဘက်တရားရုံးကို လွှဲမယ်ပေါ့။ စစ်တရာရုံးရောက်ရင် ကာယ ကံရှင်တွေက စစ်တရားရုံးကို သွားရမယ်။ စစ်တရားရုံးကလည်း တနသာင်္ရီတိုင်းမှာဆိုတော့ ကာယကံရှင် မိသာစုတွေအတွက် သွားရေးလာရေး အခက်အခဲအများကြီး ရှိနိုင်တယ်” ဟု ဆိုသည်။
အဆိုပါပြစ်မှုကို မည်ကဲ့သို့စစ်ဆေးနေပြီး မည်သည့်အခြေအနေရောက်ရှိနေသည်ကို မသိရှိရကြောင်း၊ ရေးမြို့အခြေစိုက် စကခ (၁၉) သို့ သွားရောက်မေးမြန်းရာတွင်လည်း အဆိုပါအမှုနှင့်ပတ်သက်သည့် စစ်ဆေးချက်ကို မသိရှိထားဟ ုပြောဆိုခဲ့ကြောင်း နိုင်စိုးသိန်းက ဆိုသည်။
ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် က “ဒီအမှု ကျတော်တို့ဆီမရောက်သေးဘူး။ အခုစစ်ခုံရုံးမှာ စစ်ဆေး နေဆဲ ဖြစ်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ယနေ့တွင်ပြောကြားခဲ့သည်။
အဆိုပါ ဗိုလ်ကြီးဇော်မျိုးထက်အား စစ်ခုံရုံးတွင် စစ်ဆေးလျက်ရှိပြီး စစ်တရားရုံးမှအပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး စစ်တပ်မှထုတ်ပယ်သည့် အမိန့်ချမှသာ ဗိုလ်ကြီးဇော်မျိုးထက်ကို အရပ်ဖက်တရားရုံးတွင် တရားရင်ဆိုင်ရမည်ဟု သိရသည်။
သို့ရာတွင် စစ်တရားရုံးမှ စစ်တပ်ထောင်တွင်ကျခံရမည်ဟု အမိန့်ချမှတ်ပါက အရပ်ဖက်တရားရုံးတွင် အမှုရင်ဆိုင်ရမည်မဟုတ်ကြောင်း စကခ အမှတ် (၁၉) မှ ဒုတပ်မှူး ကျော်ကျော်ဦးက ၎င်းအမှုနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက် ပေးနေသူများအား မတ် (၂၉) တွင် ရှင်းပြသည်ဟု နိုင်စိုးသိန်းက ပြောသည်။
၂၀၁၆၊ မတ်လ (၈)ရက်၊ ညသန်းခေါင်အချိန်ခန့်တွင် မန်ကျီးချောင်းဝရွာသား ဦးမိုးနှင့် မောင်ချစ်စိုးတို့ နှစ်ဦးသည် နေအိမ်မှ လှေဆိပ်သို့ ထွက်လာစဉ် တနသာင်္ရီတိုင်းရှိ ရွာသို့ရောက်ရှိနေသော တပ်မတော်စစ်ကြောင်းမှ ဗိုလ်ကြီး ဇော်မျိုးထက်က သေနတ်နှင့် ပစ်ခတ်သေဆုံးမှုဖြစ်ပေါ်ခဲ့သည်။
မွန်ပြည်နယ်၊ ရေးမြို့တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲရှိ မကျည်းချောင်းဝရွာ ဒေသခံ (၂) ဦးအား မှားယွင်းပြီး ပစ်ခတ်ခဲ့သော ဗိုလ်ကြီး ဇော်မျိုးထက်အား လူသတ်မှုပုဒ်မ (၃၀၂) ဖြင့် ခေါဇာမြို့ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။







