ရာဘာထုတ်လုပ်မှုအရည်အသွေး ဥပဒေသတ်မှတ်ပြဌာန်းသင့်ဟုဆို

ရာဘာထုတ်လုပ်မှုအရည်အသွေး ဥပဒေသတ်မှတ်ပြဌာန်းသင့်ဟုဆို
ကမ္ဘာ့စျေးကွက်နှင့်ယှဉ်လျှင် ကျပ် ၂၀၀ မှ ၃၀၀ ခန့် မြန်မာ့ရာဘာစျေးနိမ့်ကျနေခြင်းမှာ အရေအသွေးထက် အရေအတွက်များများ ရရှိရန်ထုတ်လုပ်နေခြင်းကြောင့်ဖြစ်ကြောင်း နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောသည်။

နိုင်ငံတော်အနေဖြင့် ရာဘာထုတ်လုပ်မူ အရည်အသွေးထိန်းသိမ်းပေးရန် လိုအပ်ကြောင်းနှင့်  စျေးနှုန်းသတ်မှတ်ပေးနိုင်မှသာ အရည်အသွေးမြင့်မားသည့် ရာဘာများ ထုတ်လုပ်လာကြမည်ဟု ဆိုသည်။

ဦးကြည်စိုး က “ရာဘာကိုစပြီးပြင်မယ်ဆိုရင် အစေးလှီးတဲ့ခြံကနေပြီးတော့ မှိုင်းခံတဲ့အထိ အဆင့်ဆင့်ပေါ့နော် ဒါတွေသန့်ရှင်းဖို့လိုတာပေါ့။ အဲဒါကို ရာဘာစိုက်တောင်သူတွေက မသိတာမဟုတ်ဘူး။ သူတို့သိထားပြီးသားပဲ၊ ဒါပေမယ့် လက်ရှိစျေးကွက်အနေအထားအရ သူတို့က ပျက်မှန်းသိနေပေမယ့် ရပ်နေတာပေါ့။ အဲဒီတော့ ပြန်ပြင်ဖို့ကျတော့ နည်းဥပဒေတွေ ပြဌာန်းဖို့ လိုလာတာပေါ့” ဟု ပြောသည်။

ထုတ်လုပ်သည့် ရာဘာများ အရည်အသွေး ကောင်းမွန်စေရန် သတ်မှတ်ချက် နည်းဥပဒေ တစ်ရပ်ပြဌာန်းပြီး လိုက်နာမည်ဆိုပါက ရာဘာစျေးများ ပြန်လည် ဦးမော့လာနိုင်ကြောင်း၊ ရာဘာထုတ်လုပ်သူများအား အရည်အသွေးမြင့်မားသည့် ရာဘာများ ထုတ်လုပ်လာစေရန် ပညာပေး ရှင်းလင်းခြင်းဖြင့်လည်း ထိရောက်နိုင်ကြောင်းဟု ဆိုသည်။

သထုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက “ဥပဒေပြဌာန်းတာထက် လူတွေကို နားလည်အောင်ရှင်းပြတာက ပိုပြီးတော့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိတယ်လေ။ ဒါကိုဥပဒေနဲ့ ထိန်းချုပ်ခြင်းဖြင့် သူတို့ရဲ့လွတ်လပ်ခွင့် ကိုယ်ပိုင်အကျိုးစီးပွားကို ထိခိုက်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သူတို့ကို နားလည်အောင် ရှင်းပြတာပါပဲ” ဟု ပြောသည်။

၂၀၀၅ ခုနှစ်မတိုင်မီကာလထိ မြန်မာ့နေရှင်နယ်လုပ်ငန်းအနေဖြင့် အစိုးရမှ ရာဘာများကို ကမ္ဘာ့ပေါက်စျေးအတိုင်း ၀ယ်ယူခဲ့ပြီးနောက်ပိုင်းတွင်  ပုဂ္ဂလိကလုပ်ငန်းများကသာ ရာဘာရောင်းဝယ်ခြင်းများကို လုပ်ကိုင်ခဲ့ကြသည်။

မွန်ပြည်နယ်တွင် ရာဘာစိုက်ဧကပေါင်း လေးသိန်းခွဲမှ ငါးသိန်းအထိရှိပြီး ယခုအခါ ရာဘာပေါက်စျေး တစ်ပေါင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိနေသဖြင့် အနိမ့်ဆုံးစျေးဖြစ်သည်။

ရာဘာစေး သိမ်းနေပုံ(MNA)

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...