အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပနေစဉ် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားကို မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ခံများတက်ရောက်ခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို MSI မှ စီမံချက်မန်နေဂျာ ဒေါက်တာနေခြည်လင်းက “ကလေးမွေးရန် အခန်းတွင်းသို့ ၀င်သွားသော အမျိုးသမီးများသည် အပေါက်ဝတွင် ချွတ်ထားခဲ့သော ဖိနပ်များအား ကြောက်ရွံ့နေသော မျက်လုံးများဖြင့် သမင်လည်ပြန် ပြည်လှည့်ကြည့်လေ့ ရှိကြသည်။ သူတို့က ဒီဖိနပ်တွေကို ပြန်စီးခွင့် ရပါ့ဦးမလားဟုတွေးကြည့်ပြီးကြောက်နေကြသည်ဟု အမေကရှင်ပြခဲ့ဖူးသည်” ဟု ဖတ်ကြားခဲ့သည်။
ထို့အပြင် ကမ္ဘာပေါ်ရှိ ဆင်းရဲသော ဒေသအချို့တွင် အမျိုးသမီးများ မွေးဖွားရာ၌ အသက်အန္တရာယ်စိန်ခေါ်မူများနှင့် ကြံုတွေ့နေရဆဲဖြစ်သည်ဟု ဆက်လက်ပါရှိသည်။
အပြည်ပြည်ဆိုင်ရာ အမျိ်ုးသမီးများနေ့အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်များမှာ “အမျိုးသမီးများရဲ့အခန်း ကဏ္ဍကိုအသိမှတ်ပြုရန်၊ အမျိုးသမီးထုရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ အမျိ်ုးသမီးများရဲ့ အောင်မြင်မှုကို အသိမှတ်ပြုရန်နှင့်၊ အမျိ်ုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲပြဿနာများကို ပူးပေါင်း ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ကျင်းပနေခြင်းဖြစ်ကြောင်း” မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ တိုးတိုး အောင်က ရှင်းပြသွားခဲ့သည်။
အခမ်းအနားတွင် ကျား၊မ ရေးရာဆိုင်ရာနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက် ရေးဆိုင်ရာ သဘောတူစာချုပ်နှင့်ပတ်သတ်၍ ဖန်တီးအိမ်အဖွဲ့မှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ခင်လေးနွယ်ထွန်းမှ ရှင်းလင်းတင်ပြခဲ့သည်။ ဒါ့အပြင် စာရေးဆရာ ဦးဟွေ့ဉာဏ်မှ “ကျား၊မ တန်းတူ ကမ္ဘာတစ်ဝန်း” ခေါင်း စဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။
၁၉၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီး တစ်သောင်းကျော်က အလုပ်ချိန်လျှော့ချပေးရန်၊ လုပ်ခလစာတိုးမြှင့်ပေးရန်နှင့်၊ မဲပေးပိုင်ခွင့်ရရှိရန်တို့အတွက် ချီတက်တိုက်ပွဲ ၀င်ခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။







