မွန်ပြည်နယ်တွင် ဆန္ဒမဲပေးမှုအနည်းဆုံး ကျိုက်မရောမြို့နယ်ဖြစ်

မွန်ပြည်နယ်တွင် ဆန္ဒမဲပေးမှုအနည်းဆုံး ကျိုက်မရောမြို့နယ်ဖြစ်
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် ၁၀  မြို့နယ်အနက် ကျိုက်မရော မြို့နယ်သည် ဆန္ဒမဲပေးခွင့်ရှိသူ ၁၅၇,၄၆၈ ရှိသည့်အနက် ဆန္ဒမဲပေးသူ ၆၈,၀၁၁ ဦးရှိသည့်အတွက် ၄၃.၂ ရာခိုင်နှုန်းဖြစ်သဖြင့် ပြည်နယ်အတွင်း ဆန္ဒမဲပေးသည့် အနည်းဆုံး မြို့နယ်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ ပြည်နယ်လွှတ်တော်(၁) ကိုယ်စားလှယ်လောင်း ရ ဦးနှင့် ပြည်နယ် လွှတ်တော်(၂) ကိုယ်စားလှယ်လောင်း ၈ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်ခဲ့သူ မိစန္ဒာနွန်က “ကျိုက်မရောမြို့နယ်မှာ ဆန္ဒမဲပေးနည်းရတဲ့ အကြောင်းရင်းက မွန်လူမျိုးတွေ ပြည်ပရောက်နေကြတာများတယ်။ နောက် တစ်ချက်က အမည်စာရင်းပါတယ် အခြားအချက်အလက်တွေလွဲမှားနေ တာများနေတာရယ်၊ ဆန္ဒမဲ ပေးသူ လူဦးရေ ၁၀၀၀ မှာ မဲထည့်တာ ၅၀၀ ကျော်လောက်ဘဲရှိတယ် ၅၀၀ ကျော်ထဲမှာ အမည်မပါ တာ အမည်စာရင်းလွဲတာ ၂၅၀ လောက်ရှိတယ်ဆိုတော့ မဲထည့်သူဦးရေနည်းသွားရတာပါ”ဟု ပြောသည်။

မွန်ပြည်နယ်တွင် ဆန္ဒမဲပေးသူ ထက်ဝက်မပြည့်သည့် မြို့နယ်များတွင် သံဖြူဇရပ်မြို့နယ် ဆန္ဒမဲ ပေးသူ (၄၅.၈) ရာခိုင်နှုန်း၊ ချောင်းဆုံမြို့နယ် ဆန္ဒမဲပေးသူ (၄၄.၅) ရာခိုင်နှုန်း၊ မုဒုံမြို့နယ် ဆန္ဒမဲ ပေးသူ (၄၆.၅) ရာခိုင်နှုန်း၊ ရေးမြို့နယ် ဆန္ဒမဲပေးသူ (၄၈.၄) ရာခိုင်နှုန်းနှင့် ပေါင်မြို့နယ် ဆန္ဒမဲ ပေးသူ (၄၉.၄) ရာခိုင်နှုန်းသာရှိခဲ့သည်။

ကျိုက်မရောမြို့နယ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နိုင်ရဲဇော်က “ပြည်ပရောက်နေတဲ့ မဲဆန္ဒ ရှင်တွေများသလို မဲပေးစနစ်အပေါ်ကြောက်လန့်နေသူတွေ ဆန္ဒမဲပေးခွင့်နဲ့ အဆင်ပြေပြေ မဲပေးနိုင် အောင် ဆောင်ရွက်ပေးထားမှုတွေလည်း လိုအပ်နေသေးတာ တွေ့ရှိခဲ့ပါတယ်”ဟု ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်မှ ပြည်ပသို့ တရားဝင်/မဝင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ၄ သိန်း ၂ သောင်းကျော် ရှိရာတွင် ပြည်ပမှမဲပေးခွင့်မရှိခဲ့ပေ။
 
မွန်ပြည်နယ်တွင် ကျိုက်ထိုမြို့နယ် ဆန္ဒမဲပေးသူ ၆၇.၂ ရာခိုင်နှုန်း ဆန္ဒမဲပေးသူအများဆုံးဖြစ်ပြီး မော်လမြိုင်မြို့နယ် ဆန္ဒမဲပေးသူ  ၅၇.၅ ရာခိုင်နှုန်း၊ သထုံမြို့နယ် ဆန္ဒမဲပေးသူ ၅၅ ရာခိုင်နှုန်းနှင့် ဘီးလင်းမြို့နယ် ဆန္ဒမဲပေးသူ ၅၆.၉ ရာခိုင်နှုန်းတို့ ဖြစ်သည်။

မွန်ပြည်နယ်သည် ၁၀ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၅,၃၄,၄၈၆ ဦးရှိသည်အနက် ဆန္ဒမဲ ပေးသူ စုစုပေါင်း (၇,၈၆,၈၆၆) ဆန္ဒမဲပေးသူ (၅၁.၃) ရာခိုင်နှုန်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၀ သိန်းကျော်ရှိရာ မဲပေးသူ ၆၂ ရာခိုင်နှုန်းကျော်ရှိ ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...