အဆိုပါမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ ပြည်နယ်လွှတ်တော်(၁) ကိုယ်စားလှယ်လောင်း ရ ဦးနှင့် ပြည်နယ် လွှတ်တော်(၂) ကိုယ်စားလှယ်လောင်း ၈ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်ခဲ့သူ မိစန္ဒာနွန်က “ကျိုက်မရောမြို့နယ်မှာ ဆန္ဒမဲပေးနည်းရတဲ့ အကြောင်းရင်းက မွန်လူမျိုးတွေ ပြည်ပရောက်နေကြတာများတယ်။ နောက် တစ်ချက်က အမည်စာရင်းပါတယ် အခြားအချက်အလက်တွေလွဲမှားနေ တာများနေတာရယ်၊ ဆန္ဒမဲ ပေးသူ လူဦးရေ ၁၀၀၀ မှာ မဲထည့်တာ ၅၀၀ ကျော်လောက်ဘဲရှိတယ် ၅၀၀ ကျော်ထဲမှာ အမည်မပါ တာ အမည်စာရင်းလွဲတာ ၂၅၀ လောက်ရှိတယ်ဆိုတော့ မဲထည့်သူဦးရေနည်းသွားရတာပါ”ဟု ပြောသည်။
မွန်ပြည်နယ်တွင် ဆန္ဒမဲပေးသူ ထက်ဝက်မပြည့်သည့် မြို့နယ်များတွင် သံဖြူဇရပ်မြို့နယ် ဆန္ဒမဲ ပေးသူ (၄၅.၈) ရာခိုင်နှုန်း၊ ချောင်းဆုံမြို့နယ် ဆန္ဒမဲပေးသူ (၄၄.၅) ရာခိုင်နှုန်း၊ မုဒုံမြို့နယ် ဆန္ဒမဲ ပေးသူ (၄၆.၅) ရာခိုင်နှုန်း၊ ရေးမြို့နယ် ဆန္ဒမဲပေးသူ (၄၈.၄) ရာခိုင်နှုန်းနှင့် ပေါင်မြို့နယ် ဆန္ဒမဲ ပေးသူ (၄၉.၄) ရာခိုင်နှုန်းသာရှိခဲ့သည်။
ကျိုက်မရောမြို့နယ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နိုင်ရဲဇော်က “ပြည်ပရောက်နေတဲ့ မဲဆန္ဒ ရှင်တွေများသလို မဲပေးစနစ်အပေါ်ကြောက်လန့်နေသူတွေ ဆန္ဒမဲပေးခွင့်နဲ့ အဆင်ပြေပြေ မဲပေးနိုင် အောင် ဆောင်ရွက်ပေးထားမှုတွေလည်း လိုအပ်နေသေးတာ တွေ့ရှိခဲ့ပါတယ်”ဟု ပြောသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်မှ ပြည်ပသို့ တရားဝင်/မဝင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ၄ သိန်း ၂ သောင်းကျော် ရှိရာတွင် ပြည်ပမှမဲပေးခွင့်မရှိခဲ့ပေ။
မွန်ပြည်နယ်တွင် ကျိုက်ထိုမြို့နယ် ဆန္ဒမဲပေးသူ ၆၇.၂ ရာခိုင်နှုန်း ဆန္ဒမဲပေးသူအများဆုံးဖြစ်ပြီး မော်လမြိုင်မြို့နယ် ဆန္ဒမဲပေးသူ ၅၇.၅ ရာခိုင်နှုန်း၊ သထုံမြို့နယ် ဆန္ဒမဲပေးသူ ၅၅ ရာခိုင်နှုန်းနှင့် ဘီးလင်းမြို့နယ် ဆန္ဒမဲပေးသူ ၅၆.၉ ရာခိုင်နှုန်းတို့ ဖြစ်သည်။
မွန်ပြည်နယ်သည် ၁၀ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၅,၃၄,၄၈၆ ဦးရှိသည်အနက် ဆန္ဒမဲ ပေးသူ စုစုပေါင်း (၇,၈၆,၈၆၆) ဆန္ဒမဲပေးသူ (၅၁.၃) ရာခိုင်နှုန်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၀ သိန်းကျော်ရှိရာ မဲပေးသူ ၆၂ ရာခိုင်နှုန်းကျော်ရှိ ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။







