“ဟိုယာနဲ့ ရာဧပရားကျေးရွာအုပ်စုတွေမှာ ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်နေတယ်။ ရာဧပရားအုပ်စုမှာ သေတာတွေရှိတယ်။ ဟိုယာမှာလည်း လူအများကြီးဖြစ်တယ်။ ကာလဝမ်းရောဂါက အရမ်းအန္တရာယ်များတယ်လေ။ ကူးစက်လွယ်တယ်” ဟု ဟိုယာဒေသခံ ကေဖိုးအီက ပြောသည်။
ဖရူဆိုမြို့နယ်အတွင်းရှိ ဒေါလာစောအုပ်စုတွင်လည်း ၎င်းရောဂါဖြစ်ပွားနေပြီး လူနာအချို့မှာ ဆေးရုံသို့တက်ရောက်ကုသနေကြောင်းသိရသည်။
ဖရူဆိုမြို့နယ်မှ အုပ်ချုပ်ရေးမှူးက “သေတယ်ဆိုတာတော့ မဟုတ်ပါဘူး ကျန်းမာရေးတို့က ကုနေပါတယ် စိုးရိမ်စရာမရှိပါဘူး” ဟု ပြောခဲ့သည်။
သို့သော် ယိုစူပရားအုပ်စုအတွင်းတွင် လူနာ(လူကြီး)နှစ်ဦးသည် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးခဲ့ကြကြောင်းသိရသည်။
ဟိုယာကျေးရွာတွင်လည်း ရောဂါဖြစ်ကာ ဆေးရုံတွင် ယနေ့ထိ သူနာပြုတစ်ဦးသာ ရှိနေကြောင်း ဒေသခံများထံမှသိရသည်။
“မဖြစ်ပါဘူး။ ရာဧပရားတစ်ရွာထဲပါ ၊ ဟိုယာလည်းနည်းပါတယ်၊ ရာဧပရားတစ်ရွာတည်းဆိုတာက သူတို့ရွာက တောင်ကျချောင်းရေရှိတာကိုး သိတယ်မလား အဲ့ရေကိုပဲ သူတို့သောက်တယ်လေး …”ဟု ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးကပြောသည်။
၎င်းအုပ်စုတွင် နှစ်တိုင်းလိုလို ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားတတ်ပြီးကျေးရွာများ၏ ဓလေ့မှာ ဖျားနာလျင် ဆေးခန်း ဆေးရုံသို့သွားရန် အသိပညာဗဟုသုတမရှိကြပဲ ကိုယ့်အိမ်တွင်သာ နေထိုင်ကြပြီး သက်သာလျင် ၎င်းတို့လုပ်ငန်းခွင်ပြန်ဝင်ကြပြီး မသက်သာလျင်အသက်ဆုံးရှုံးကြရသည်သာရှိသည်။
ယခုလို တိုးတက်နေသည့်ခေတ်တွင်ပင် ကျေးရွာများတွင်း ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားမှုနှုန်းလျော့ကျအောင် ဆောင်ရွက်ပေးရန်လိုအပ်နေပြီဖြစ်ပေသည်။
အချို့လူနာများ မြို့ပေါ်တွင် သွားရောက်အနားယူပြီး ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။
ဝမ်းပျက်ဝမ်းလျောရောဂါ ၎င်းတို့ဒေသတွင်း ဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။







