တရားမဝင် သစ်တောထွက်ပစ္စည်းများ တားဆီးနိုင်ရန် ရပ်ကွက်အတွင်းတွင် စစ်ဆေးရေးဂိတ် ချထားလျက်ရှိ

တရားမဝင် သစ်တောထွက်ပစ္စည်းများ တားဆီးနိုင်ရန် ရပ်ကွက်အတွင်းတွင် စစ်ဆေးရေးဂိတ် ချထားလျက်ရှိ
by -
ကန္တရဝတီ
ဘောလခဲမြို့ ကယားပိုင်းရပ်ကွက်တွင် တရားမဝင် သစ်နှင့် သတ္တုများကို သယ်ဆောင်လာမှု များနေသောကြောင့် ဘောလခဲမြို့နယ်မှ ဌာနဆိုင်ရာများ ဂိတ်ချပြီး စောင့်နေသည်ကို တွေ့ရသည်။

သစ်မှောင်ခိုသယ်နေကြသည့်ကားများသည် မြို့ဝင်ဂိတ်မှ မသွားကြပဲ ရပ်ကွက်အတွင်းရှိ လမ်းကြားများမှ တဆင့်သွားလာသယ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဘောလခဲမြို့နယ် ကယားပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက “ဒီဖက်ကပဲ လာကြတာ များတယ်။ မြို့ထဲက ဂိတ်ရှိတော့ အဲဒီဖက်က မသွားပဲ ဒီဖက်လမ်းကနေပဲ သွားကြတာ။ ဒီဖက်က ဂိတ်မရှိဘူးကော ဂိတ်မရှိတော့ လွတ်လွတ်လပ်လပ်ပဲ ပြောရမယ်ဆိုရင် အခွန်မဆောင်ချင်လို့ပေါ့။ အဲဒီလိုမျိုး မသွားပဲ ဒီလိုမျိုးသွားကြတာပေါ့။ အဖွဲ့အစည်းများပါတယ်”ဟု ဆိုသည်။

ယခင် ဂိတ်မချထားမှီတွင် သစ်တင်ကားများ အသွားအလာရှိခဲ့ကြပြီး ယခု ဂိတ်ချထားပြီးနောက် အသွားအလာ ကျဲသွားကြောင်း ဘောလခဲမြို့ ကယားပိုင်းမှ ဘရိုင်းက ပြောသည်။

ဘရိုင်းက “သူတို့ကတော့ အကောင်းလုပ်တာပဲလေ။ ဒါမယ့် တရားမဝင် သစ်သယ်ဆောင်တဲ့သူတွေအတွက်က အလုပ်ရှုပ်တာပေါ့။ အစိုးရဖက်ကလည်း သူတို့က ထိန်းသိမ်းတယ်။ တရားမဝင်သစ်တွေ ထပ်မထွက်ဖို့ မဖြစ်ဖို့အတွက် တားဆီးတာပေါ့။ ဒါပေမယ့် ဟိုဖက် လွတ်လွတ်လပ်လပ် မလုပ်ရတော့ သူတို့အတွက် မကောင်းဘူးပေါ့” ဟု ပြောသည်။

သစ်တင်ဆောင်သော ကားများမှာ အများအားဖြင့် ဖားဆောင်းမြို့နယ်နှင့် ရွာသစ်မြို့မှ လာသော ကားများ ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ညွန်ကြားမှုဖြင့် တရားမဝင်သစ်များကို ရဲ၊ မြေစာရင်း၊ သစ်တော စသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက် ဆယ်အိမ်မူူးများ ဂိတ်တွင် စောင့်နေကြည်ဟု ဦးကိုကိုဦးက ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် တရားမဝင် ဒီလိုပဲ ဆက်လုပ်မယ်ဆိုရင် သစ်ပြုန်း ဝါးပြုန်း ဖြစ်မှာပဲလေ။ ကောင်းပါတယ် ဒီလိုမျိုး လုပ်သွားတာ အိမ်ဆောက်ဖို့ ဘာဖို့ကျတော့ လုပ်ရင်တော့ ကိစ္စမရှိဘူးလေ အခုခါကျတော့ စီးပွားရေး သက်သက်ပဲ သူများနိုင်ငံကို ရောင်းမယ်ဆိုရင်တော့ ဒီသစ်ဟာ မကြာခင် ကုန်လည်း ကုန်နေပါပြီ” ဟု ဆိုသည်။

ကယားပြည်နယ်အတွင်းရှိ ကျွမ်းသစ်နှင့် အခြားသစ်မာများ ထုတ်ယူသုံးစွဲနေမှုအခြေအနေများကို ပွင့်လင်းမြင်သာမှုရှိစေရန် လူထုအခြေပြုအဖွဲ့အစည်း ၁၃ ဖွဲ့ပါဝင်သည့်အဖွဲ့များက ပြည်နယ်အစိုးရထံ ဖေဖော်ဝါရီလ ရ ရက်နေ့က ထုတ်ပြန်ကြေငြာချက်ဖြင့် တိုက်တွန်းနိုးဆော်ထားသည်ကိုလည်းသိရသည်။

၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍနှစ် မေလကုန်အထိတွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိမှု အကြိမ် ၆ ကြိမ်နှင့် တရားမဝင်သစ်များကို ကျွန်းသစ်လုံး/တိုင် ၅.၂၀၂တန် ၊ ကျွန်းခွဲသား ၂၈.၈၄၀၂တန် ၊ သစ်မာသစ်လုံး/တိုင် ၃.၄၆၀ တန် ၊ သစ်မာခွဲသား ၁၄.၆၂၆၄ တန် ၊ အခြားသစ်လုံးတိုင် ၂.၁၂၈တိုင် ၊ အခြားခွဲသား ၀.၅၇၅၆ တန် စုစုပေါင်း ၅၄.၈၃၂၂ တန် လွိုင်ကော် သစ်တောဦးစီးဌာန မှသိရသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်းတွင်လည်း ဖရူဆိုမြို့နယ် ၊ ဘောလခဲမြို့နယ်အတွင်းတွင်လည်း တရားမဝင် ကျွန်း ၊ ပိတောက် ၊ သစ်ယာနှင့် အင်း သစ်လုံး/ခွဲသား (၁၃၆.၁၀၂၄) တန်ဖမ်းဆီးရမိခဲ့ကြကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...