“အဲ(၁၆)ရက် တယောက် စက်ငယ်လေးနဲ့ လာထွယ်တော့ တပ်ကတစ်ယောက်လာပြီးမလုပ်ရဘူးဒါကတပ်ဧရိယာ။ ဒီနှစ်ပေးမလုပ်တော့ဘူး။ ပြန်တော့ ။ မင်းတို့ ထယ်ထိုးနေရင် အလကားပဲ ။မင်းတို့ဆက်မောင်းနေရင် အရေးယူမယ် စသည်ဖြင့် အဲလိုမောင်းတော့ ပြန်သွားတယ်။မနေ့က (၁၇)ရက်နေ့ကလည်း ကျနော်ကိုယ်တိုင်ပါတယ်။အဲလိုပဲထပ်ပြောတယ်။ ထပ်မောင်းပြန်တာပေ့ါ။” ဟု မြေနီကုန်းကျေးရွာမှ ဦးဦးရယ်ကဆိုသည်။
ဒေသခံများအဆိုအရ ၎င်းမြေနေရာများမှာ တပ်ပိုင်မြေမဟုတ်ဘဲ တောင်သူများနှစ်စဉ်လုပ်ကိုင်လာသည့်မြေဖြစ်ကြောင်းသိရသည်။
တပ်ပိုင်မြေနေရာများမှာလည်း ၁၉၉၁ ခုနှစ် ခလရ ၂၅၀ လာရောက် တည်ထားစဉ်က ဒေသခံများက စွန့်ခွာပေးခဲ့ပြီး တပ်နေရာနှင့်အလှမ်းဝေးကွာသော လက်ရှိနေရာသို့ ရွှေ့ပြောင်းလုပ်ကိုင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြေယာအငြင်းပွားမှုအတွက် တပ်နှင့် တွေ့ဆုံရန် အတွက် တောင်သူများက ကြိုစားကြသော်လည်း တပ်ဖက်မှ အများနှင့်မတွေ့လိုပဲ တဦး တည်းနှင့်သာ တွေ့ဆုံလိုသည့် တောင်းဆိုချက်ကြောင့် ဒေသခံများ အခက်တွေ့နေကြရကြောင်း သိရသည်။
“ကျနော်တို့တောင်ယာလုပ်တဲ့လူတွေ စုပြီးတော့ သွားတွေ့အကျိုးအကြောင်းလေး ညှိကြမယ်ဆိုလည်း လက်မခံဘူး။ လူအများနဲ့လာလို့မရဘူး။ တစ်ယောက်တည်းလာဆိုတော့ တောင်ယာပိုင်ရှင်ကလည်းမလာရဲဘူးဖြစ်နေတယ်။” ဟု ၄င်းက ဆက်ပြောသည်။
စိုက်ပျိုးရာသီ နီးလာပြီဖြစ်သည့်တွက် တောင်သူများက ယခုလို ထွန်ယက်ခွင့်မရသည်မှာ မိမိတို့အတွက် ခက်ခဲနိုင်ကြောင်းနှင့် ပြန်လည်လုပ်ကိုင်လိုကြောင်း ပြောသည်။
စစ်တပ်မှ တားမြစ်ထားသော မြေနေရာမှာ ဧကပေါင်း(၁၀၀၀)ကျော်ရှိပြီး ချိကယ်၊ထေးသမ၊ ဒေါမူကလား၊ မြေနီကုန်း၊ (၃)မိုင်ပကြဲ၊ (၃)မိုင်လွယ်တမူ၊ ဖားတီမာ၊ ပဒါးညေး၊ ကယန်းကြခူ၊ ထီးသူးကူး၊ပျားကနဲ၊ ထေးပလော်ခူ၊ ဒေါခေါ်ခူ၊ ကျေးရွာများအပြင် နာနတ်တောနှင့် နောင်ယားရပ်ကွက်နေသူအချို့က ၎င်းမြေနေရာတွင် လုပ်ကိုင်ကြကြောင်းသိရသည်။
မိမိတို့ မြေယာများပြန်လည်ရရှိရေးအတွက် ပိုင်ဆိုင်သူတောင်သူများ အမည်စာရင်းနှင့် မြေအကျယ်အဝန်း ပမာဏကို ကောက်ခံပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် လွှတ်တော်တွင် အသနားခံစာတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ခလရ (၂၅၀)တပ်နှင့် အမြောက်တပ် အနီးတဝိုက်ရှိ မြေယာများကို လွန်ခဲ့သော (၅)နှစ်ခန့် က တောင်သူများကို သီးစားခ ကောက်ခံပြီး စိုက်ပျိုးစေခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် သီးစားခပေးဆောင်စရာမလိုပဲ စိုက်ပျိုးခွင့်ရခဲ့ကြသည်။







