ကယား(ကရင်နီ) ပြည်နယ်တွင် ပထမဦးဆုံး မူကြိုနှင့် မူလတန်းကိုယ်ပိုင်ကျောင်းဖွင့်လှစ်

ကယား(ကရင်နီ) ပြည်နယ်တွင် ပထမဦးဆုံး မူကြိုနှင့် မူလတန်းကိုယ်ပိုင်ကျောင်းဖွင့်လှစ်
by -
ကန္တာရဝတီတိုင်း(မ်)
အဆင့်မြင့် မူကြိုနှင့် မူလတန်းကိုယ်ပိုင်ကျောင်းကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် လာရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရောင်ခြည် ကိုယ်ပိုင်အဆင့်မြင့်ကျောင်း အုပ်ချုပ်သူ ဒေါ်မေကျော့ခိုင်က မေလ ၈ရက်နေ့က ပြောသည်။

၎င်းကိုယ်ပိုင်အဆင်မြင့်ကျောင်းသည် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖွင့်လှစ်ခဲ့သည်မှာ ၃ နှစ်ရှိခဲ့ပြီဖြစ်ပြီး လွိုင်ကော်မြို့တွင် ကျောင်းခွဲအဖြစ် လာရောက်ဖွင့်လှစ်ကြောင်း သိရသည်။

ကိုယ်ပိုင် ကျောင်းများတွင် ကျောင်းသားဦးရေ ၂၀ ခန့်လျှင် ဆရာမ နှစ်ဦးနှုန်းဖြင့် သင်ပြနေပြီး အစိုးရကျောင်း များတွင် ကျောင်းသား ၆၀ ဦးခန့်လျှင် ဆရာမတစ်ဦးနှုန်းဖြင့် သင်ကြားနေကြရကြောင်းသိရသည်။

“ကျမတို့ကျောင်းမှာကျတော့ ဆရာအချိုးနဲ့ ကျောင်းသားအချိုးတို့ကို မျှတအောင်စီစဉ်ထားတဲ့အတွက်ကြောင့် သင်ကြားရေးအပိုင်းမှာ တော်တော်လေး အထောက်ကူရတယ်၊ အောင်လည်း အောင်မြင်တယ်” ဟု ကို်ယ်ပိုင်ကျောင်းအုပ်ချုပ်သူ ဒေါ်မေကျော့ခိုင်ကပြောသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် ကိုယ်ပိုင်ကျောင်းများ ကို လာရောက်ဖွင့်လှစ်ခြင်းအတွက် ဝမ်းပန်းတသာနှင့် ကြိုဆိုလျှက်ရှိနေကြောင်း ဗမာတိုင်းရင်းသားဝန်ကြီး ဦးလှမျိုးဆွေက ပြောသည်။

“ကျွန်တော်တို့ အစိုးရကျောင်းတွေမှာ ကျောင်းသားဦးရေ ကန့်သတ်ထားလို့မရဘူး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ခုဏပြောသလို သူ့ရဲ့အပိုင်းအခြားအရ သင်ကြားမှုကို ကျွန်တော်တို့ ပေးရတာဖြစ်တယ်၊” ဟုဝန်ကြီး ဦးလှမျိုးဆွေကပြောသည်။

နောက်ပိုင်းတွင် ကိုယ်ပိုင်ကျောင်းများ၌ သင်ကြားနေသည့် နည်းစနစ်အတိုင်း အစိုးရကျောင်းတွင်လည်း သင်ကြားနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးလှမျိုးဆွေက ပြောသည်။

ပညာရောင်ခြည် ကိုယ်ပိုင်အဆင့်မြင့်ကျောင်း၏ ကျောင်းဝင်ကြေးမှာ အတန်းတိုင်းအတွက် ၅သောင်းကျပ်စီဖြစ်ပြီး လစဉ်ကြေးကို မူကြိုတန်းအတွက် ၅သောင်း၊ သူငယ်တန်းအတွက် ၆သောင်း၊ ပထမတန်းနှင့် ဒုတိယတန်းအတွက် ရသောင်းကျပ်စီအပြင် တတိယတန်းနှင့် စတုတ္တတန်းအတွက် ၈သောင်းကျ ကျပ်သင့်မည်ဖြစ်သည်။

ထို့ပြင် ကျောင်းသုံးဖတ်စာအုပ်များကို အခကြေးမလိုပဲ ကျောင်းမှ ထုတ်ပေးမည်ဖြစ်သော်လည်း အတန်းတိုင်းအတွက် အင်္ဂလိပ်ဘာသာရပ်စာအုပ်ကြေး အတွက် ကျပ် တသောင်း နှစ်ထောင်ကို ပေးသွင်းရမည်ဖြစ်သည်။

ကျောင်းသူ၊ကျောင်းသားများအတွက် ကားဖြင့် အကြို၊အပို့လုပ်ပေးမည်ဖြစ်ပြီး မြို့ပေါ်နေထိုင်သူအတွက် ကျပ် ၃သောင်း၊ မြို့နှင့်ဝေးကွာသည့်နေရာတွင်နေထိုင်သူအတွက် ကျပ် ၄သောင်း ပေးသွင်းရမည်ဖြစ်သည်။

ကျောင်းသူ/သားစာရင်းများကို ယနေ့မှစပြီး စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။ ယနေ့အစိုးရကျောင်းများတွင် မူလတန်းမှ အလယ်တန်းထိ အခမဲ့ပညာရေးဖြစ်သည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...