ကျောင်းသူကျောင်းသားများနှင့် ပညာရေးလုပ်သားများအားစိတ်ဓာတ်မြှင့်တင်ရန်၊ ကရင့်ပညာရေးပိုမိုဖွံ့ဖြိုးတိုးတက် ရန်အပြင်နားလည် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုရရှိလာစေရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု KSNGဒုဥက္ကဋ္ဌနော် ဒီဘဲရီကူးနူးက ကေအိုင်စီ သို့ပြောသည်။
“အဲ့ဒေသက ဒီလိုစုံညီပွဲတော်မျိုးတစ်ခါမှမလုပ်ဖူးကြဘူး။သူတို့အတွက်ပထမဦးဆုံးဖြစ်တာပေါ့။ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း ကလည်း ရင်းနှီးမှုမရှိကြဘူး။ကျမတို့က စုခေါ်ပြီးဒီလိုလုပ်ပေးတော့ သူတို့မှာဒေသတစ်ခုနဲ့တစ်ခုတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရင်းနှီးမှုတွေရလာကြတယ်။ ပိုပြီးတော့မှလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရှိလာကြတယ်”ဟု ၎င်းက ပြောသည်။
၎င်းစုံညီပွဲတော်သို့ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကရင်ပညာရေးဋ္ဌာန(KED) ကျောင်းများ၊အစိုးရကျောင်း၊ KEDနှင့်အစိုးရတို့ ရောနှောအုပ်ချုပ်သည့် ကျောင်းများပါဝင်ခဲ့ကြပြီး ဒေသတွင်းစနစ်မတူညီသည့် စာသင်ကျောင်းများအကြား နားလည်မှုနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှုများအတွက များစွာအထောက်အကူပြုခဲ့သည်ဟုလည်း နော်ဒီဘဲရီကူးနူးက ဆက်ပြောသည်။
လေးရက်ကြာ ပြုလုပ်သည့် ၎င်းစုံညီပွဲတော်အစီအစဉ်၌ ကျောင်းဆရာ/ဆရာမ၊ ကျောင်းကော်မတီပါဝင်သည့် ဆွေးနွေးပွဲများ၊ကျောင်းသားများ၏ဘောလုံး၊ခြင်းလုံးစသည့် အားကစားပြိုင်ပွဲများ၊ ပန်းချီနှင့်ရိုးရာလွယ်အိတ် ခြင်းတောင်း၊ပလိုင်းယက်ပြိုင်ပွဲများ၊ ရိုးရာအကနှင့်တေးသရုပ်ဖော်ပြိုင်ပွဲများပါဝင်ခဲ့သည်ဟုသိရသည်။

ထို့အပြင် KED၊ နယ်စပ်အခြေစိုက် Karen Refugee Committee Education Entity-KRCEE မှတာဝန်ရှိသူများက ကရင်ပညာရေး နည်းစနစ်နှင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့်နည်းလမ်းများကို ဒေသခံကျောင်းသူကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများအား လာရောက်ပြောဆိုဆွေးနွေးခဲ့သည်ဟု သိရသည်။
KSNGမှကြီးမှူး၍ ၁၀ကြိမ်မြောက်IDPကျောင်းသားစုံညီပွဲတော်ကို ကရင်ပြည်နယ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် (ဖာပွန်မြို့နယ်)၊ဘူးအားဒဲကျေးရွာ၌ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ၂၀ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
KSNGကိုထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ပြည်တွင်း၊ ပြည်ပတွင် နေထိုင်ကြသော ကရင်ကျောင်းသားကျောင်း သူများ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်ကာ ၎င်းတို့၏ အတွေ့အကြံု ဗဟုသုတများကို ဝေငှနိုင်ရန်ရည်ရွယ်၍ ၁၉၉၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ သည်။







