နမ္မတီး-ကဆုန်လမ်း စစ်တပ်ဂိတ်အသစ် ဖြုတ်သိမ်းရန် ဒေသခံများ တောင်းဆို

နမ္မတီး-ကဆုန်လမ်း စစ်တပ်ဂိတ်အသစ် ဖြုတ်သိမ်းရန် ဒေသခံများ တောင်းဆို
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် နမ္မတီးမြို့၊ ညောင်တော ရွာထိပ်ရှိ မြန်မာစစ်တပ်ဂိတ်အသစ်ကိုဖြုတ်သိမ်းပေးရန် ဒေသခံများက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)ထံ ပြန်လည် တောင်းဆိုလိုက်ပြီ ဖြစ်သည်။ အသစ် ချထားသော အဆိုပါ တပ်မတော် စစ်ဆေးရေး ဂိတ်သည် ဒေသခံ နေ့စဉ် အလုပ်သွား/လာ သူများကို ငွေတောင်းခြင်း၊ ပစ္စည်းသိမ်းယူခြင်း၊ ထောက်ခံစာတောင်းခြင်းအပြင် အခြားဒုက္ခများစွာ ဖြစ်စေသဖြင့် ဒေသခံတောင်သူ အယောက် ၂၂၄ က လက်မှတ်ရေးထိုးပြီး မပခ တိုင်းမှူးထံ တောင်းဆို လိုက်ခြင်းဖြစ်သည်။ ဒေသခံ သုံးဘီးဆိုင်ကယ်မောင်းသူ ဦးဖန်လတ်က “ထောက်ခံစာ တောင်းပါတယ်။ ထောက်ခံစာပါရင်လည်း တစ်စီးကို ကျပ် ၅၀၀၀ စီ တောင်းပါတယ်။ ကားတစ်စီးကိုတော့ ၁၅၀၀၀ လို့ပြောတယ်။ ကျနော်တို့ အသွားအပြန် ပုံမှန်သွားတဲ့ သူတွေအတွက် အခက်အခဲ ဖြစ်ပါတယ်” ဟု ဆိုသည်။ ၄င်း စစ်တပ်ဂိတ်ကို လွန်ခဲ့သည့် သြဂုတ်လ ၁၁ တပ်မတော်သားများ ကဆုန်ကျေးရွာကို ဝင်ရောက်ပစ်ခတ်မှု အပြီး၊ ကဆုန် သွားလမ်းဖြစ်သည့် ညောင်တောတွင် ထိုအချိန်မှ စတင် ချထားခြင်း ဖြစ်သည်။ ဒေသခံတောင်သူခေါင်းဆောင် တစ်ဦးဖြစ်သော ဦးဇော်ဂျတ်က “အဲဒီ စစ်တပ်ဂိတ်ကြောင့် ကျနော်တို့ နေ့စဉ် အလုပ်သွားတဲ့ ဒေသခံတွေကို ခက်ခဲစေတယ်။ ထမင်းထုပ်၊ ဆန်အိတ်၊ မှတ်ပုံတင် သိမ်းယူပေးလိုက်တာ ရှိတယ်။ လယ်ယာသုံး စက်ပစ္စည်းတွေ သယ်လာရင် သိမ်းယူထားပြီး ပိုက်ဆံနဲ့ လာယူခိုင်းတယ်။ အလုပ်လုပ်ရာမှာ ဒီဂိတ်က ရှိနေတဲ့အတွက် မလုံခြံုဘူးလို့ ခံစားရတဲ့အတွက် ဖြုတ်ပေးဖို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။ အဆိုပါ စစ်တပ်ဂိတ်ကို ပယ်ရှားပေးရန် စက်တင်ဘာ ၁၄ ရက်စွဲဖြင့် ဒေသခံတောင်သူများ တိုင်းမှူးထံ စာရေးသား တောင်းဆိုထား သလို၊ စက်တင်ဘာ ၆ ရက်နေ့ကလည်း ကဆုန်ကျေးရွာဘာသာရေး ခေါင်းဆောင်များမှ ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆိုထားသည်ကို သိရသည်။ စစ်တပ်နှင့် ဒေသခံများကြား အကျိုးဆောင် ညှိနှိုင်းပေးနေသော ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ PCG ကို မေးမြန်းရာတွင် “ဒီကိစ္စနှင့် ပတ်သက်ပြီး ကျနော်တို့ကို မိတ္တူပို့ထားတာပဲ တွေ့သေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာမှ ကျနော်တို့က ခေါ်ယူပြောဆိုတာမျိုးလည်း မရှိသေးဘူးခင်ဗျား” ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း အဆိုပါ ဂိတ်မှ စစ်သားများက ဒေသခံများ၏ နွားကိုခိုးယူ ပစ်သတ်စား ခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း ယနေ့မှာပင် လျှော်ကြေး ပြန်ရကြောင်း သိရသည်။ အဆိုပါ မြန်မာ စစ်တပ် ဂိတ် အသစ်ကြောင့် ဒေသခံများ နေ့ည မပျက် လုံခြံုမှုမရှိ ဖြစ်စေသောကြောင့် ပယ်ရှားပေးရန် တောင်းဆိုကြခြင်း ဖြစ်သည်။
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...