ကချင် စစ်ပြေး ဒုက္ခသည်များကို တရုတ် ထပ်မံ မောင်းထုတ်

ကချင် စစ်ပြေး ဒုက္ခသည်များကို တရုတ် ထပ်မံ မောင်းထုတ်
by -
ကေအဲန်ဂျီ
မြန်မာပြည် မြောက်ပိုင်း တိုက်ပွဲ ပြင်းထန်မှုကြောင့် နယ်စပ် ဖြတ်ကျော် ထွက်ပြေးခိုလှုံလာသော ကချင် စစ်ပြေး ဒုက္ခသည်များကို တရုတ် အာဏာပိုင်များ က ယနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ဒုတိယ အကြိမ် ထပ်မံ မောင်းထုတ်ခဲ့သည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တရုတ်နယ်စပ် အနီး မြန်မာ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၃) ကြား တိုက်ပွဲ ပြင်းထန်နေသောကြောင့် တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် ၁၂ နှင့် ၁၃ ကြား Lung Byen ရွာ အနီး ယာယီ ခိုလှုံနေသော ဒုက္ခသည် ၂၀၀၀ ကျော်သည် ယနေ့ နံနက်အစောပိုင်း ၄ နာရီခန့်မှာ Dabak Hka ချောင်းကို ဖြတ်ပြီး တရုတ်နယ်နိမိတ်ထဲ ၀င်ရောက်လာခြင်း ဖြစ်သည်။

တရုတ် နယ်ခြားစောင့် တပ်ဖွဲ့များက ခိုလှုံလာသော ဒုက္ခသည်များကို “အထက် ခွင့်ပြုချက် ဘာမှ မရဘဲ လုံးဝ လက်ခံလို့ မရဘူး” ဆိုကာ တရုတ် စံတော်ချိန် မွန်းတည့် ၁၂ နာရီ မတိုင်မှီ အပြီး မူလနေရာသို့ ပြန်ခေါက်သွားကြရန် အတင်း မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒုက္ခသည်များ ဆိုပါသည်။

၎င်း ဒုက္ခသည်များသည် Zai Awng (Mungga Zup) ဒုက္ခသည်စခန်းမှ ဖြစ်ကြပြီး ၎င်းတို့ စခန်းကို နိုဝင်ဘာ ၂၇ ရက်နေ့က မြန်မာ စစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တရုတ်ဘက်ခြမ်း ခိုလှုံရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း တရုတ် နယ်ခြားစောင့် တပ်ဖွဲ့များ တင်းတင်းကြပ်ကြပ် ဟန့်တားခဲ့သောကြောင့် Lung Byen ရွာ အနီး ပြောင်းရွှေ့ စခန်းချ နေရခြင်းဖြစ်သည်။ ရာသီဥတု အအေးဒဏ် ၂ - ၈ ဒီဂရီ စင်တီဂရိတ်မှာ မိုးကာ၊ ပလတ်စတစ်၊ ငှက်ပျောရွက် ယာယီတဲများတွင် ခိုလှုံနေကြသည်။

မောင်းထုတ်ခံရသည့် ဒုက္ခသည်များကို ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ KBC မှ တဆင့် စားနပ် ရိက္ခာများ ဖြန့်ဝေ ပေးနေပါသည်။ သို့သော်လည်း လက်ရှိ ယာယီ စခန်းချနေသည့် နေရာ အနီး မြန်မာ အစိုးရနှင့် KIA ကြား နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ဒုက္ခသည်များ ၏ လုံခြံုရေး အလွန်စိုးရိမ် ရကြောင်း KBC က ဆိုပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...