ညီလာခံတွင် တင်ပြခဲ့သည့် လီဆူ အမျိုးသား ဖွ့ံဖြိုး တိုးတက်ရေး ပါတီ (ဒူးလေး ပါတီ) L.N.D.P ၏ ပူတာအို၊ မချမ်းဘော၊ ဆော့လော်၊ ခေါင်လန်ဖူး နှင့် ချီဖွေမြို့နယ်တို့ကို လီဆူ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးနှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသား တိုးတက်ရေး ပါတီ၏ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် အပါအဝင် ခရိုင် ၈ ခု ပူးပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရေးကို KPCC မှ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း ၏ ၂၁ ရာစု ပင်လုံညီလာခံတွင်း တောင်းဆိုချက်ကို ကန့်ကွက် ရခြင်းမှာ ‘ကချင် မျိုးနွယ်စု အတွင်း အချင်းချင်း စိတ်ဝမ်း အကွဲကွဲ ဖြစ်မှာကို စိုးရိမ်သည့်အတွက်’ ဖြစ်သည်ဟု KPCC ဦးဆောင် ကော်မတီမှ လော်ဝေါ် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေအထွေ အတွင်းရေးမှုး ဦးဘီဟောင်းဇယ် က ပြောပါသည်။
မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ မှ လည်း ဒူးလေးပါတီ၏ တောင်းဆိုမှုသည် ‘ဒီမိုကရေစီစနစ် ထွန်းကားလာသည်နှင့် အညီ ပွင့်လင်းစွာ နိုင်ငံရေးလုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံရေး သဘောအရ တင်ပြခြင်းသာ ဖြစ်သည်’ ဟု သဘောထား ကွဲလွဲစွာ စက်တင်ဘာ ၆ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့ပါသည်။
အလားတူ ရဝမ် စာပေ နှင့် ယဉ်ကျေးမှု ကော်မတီ နှင့် လော်ဝေါ် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (L.N.U.D.P) တို့က လည်း လီဆူပါတီ၏ အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုမှုကို ကန့်ကွက် ခဲ့ကြသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးရွှေမင်းက အပုဒ် ရ ခုပါ စာတမ်းကို ဖတ်ကြားရာ “လီဆူ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” အစိုးရမှ သတ်မှတ်ပေးရန် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (T.N.D.P) ၏ ကချင်ပြည်နယ်မှ ခရိုင် ၃ ခုအပါအဝင် ရှမ်းနီပြည်နယ် တောင်းဆိုမှုသည် လုံးဝ မဖြစ်နိုင်ကြောင်း နှင့် ရှမ်းနီလူမျိုးများသည် ကချင်ပြည်နယ်၏ အတူနေ တိုင်းရင်းသားများ ဖြစ်သည့်အလျှောက် တောင်းဆိုမှုကို ကန့်ကွက်သည် ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ မှ ဦး တူးရော်မှ ပြောပါသည်။







