ရွှေတူး စက်ယန္တရား သိမ်းယူလာသော အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်

ရွှေတူး စက်ယန္တရား သိမ်းယူလာသော အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
ဟူးကောင်းချိုင့်ဝှမ်းဒေသ ရှထူးဇွပ် (Shahtu Zup) မှ ရွှေတူး စက်ယန္တရား သိမ်းယူလာသော အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား လီဒိုလမ်း ဒွမ်ဘန် (Dumbang) နှင့် ခွမ်စိုင်ယန် (Hkum Tsai Yang) ကြား ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ရှထိုးဇွပ် (Shahtu Zup) ကျေးရွာ၏ အနောက်ဘက် ခဒဇွပ် (Hkada Zup) အနီး လော့ဒ်ဂျာ (Lawt Ja) ရွာ ရွှေမှော်မှ တရုတ်လူမျိုးများ၏ backhoe ရွှေတူး စက်ယန္တရား ကား (၄) စီးကို အစိုးရတပ်မှ သိမ်းယူပြီး နမ္မတီး  ဘက်ကို ဦးတည် သယ်ယူလာခြင်း ဖြစ်သည်။  

အဆိုပါ ယာဉ်တန်းသည် နံနက် ၉ နာရီခန့်မှာ တိုက်ခိုက်ခံရပြီးနောက် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၄ တိုက်ပွဲသည် မွန်းလွဲ ၁ နာရီခွဲခန့်အထိ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ကချင်သတင်းဌာန KNG ကို ပြောပါသည်။

တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ ၅ ဦး သေဆုံးပြီး ထိခို်က် ဒဏ်ရာရသူ များသည်ဟု ခွမ်စိုင်ယန် (Hkum Tsai Yang) ရွာသားများ ပြောပါသည်။ KIA ဘက် ထိခို်က်မှု ရှိ မရှိကို မသိရသေးပါ။

ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟိုဌာနချုပ် ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က “တိုက်ပွဲ ဖြစ်ပွားကြောင်း ဒါပေမယ့် အသေးစိတ်ကိုတော့ မသိရသေးကြောင်း” ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ခွမ်စိုင်ယန် (Hkum Tsai Yang) ကျေးရွာသည် နမ္မတီးမြို့နှင့် မိုင် ၄၀ ခန့် အကွာမှာ ရှိပြီး ၎င်းရွာအထဲ တွင် အစိုးရတပ်များ စခန်းချနေပြီး စစ်ကူများကို စောင့်နေသည်ဟု ဒေသခံများမှ သိရသည်။

ယခုလ လဆန်းပိုင်းမှ KIA တပ်မဟာ ၂၊ တပ်ရင်း (၁၄) ထိန်းချုပ် နယ်မြေ ရှထူးဇွပ် (Shahtu Zup) ကျေးရွာအနီး ရွှေမှော်များသို့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု စတင် ပြုလုပ်ခဲ့သည်။ နှစ်ဖက် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားကာ အစိုးရတပ်မှ တနိုင်း ဒကစ မှူး သေဆုံးပြီး အကျအဆုံး များကြောင်း ဒေသခံများ ဆိုပါသည်။

သို့သော် အစိုးရနှင့် တပ်မတော် သတင်းများတွင် တပ်မတော်ဘက်မှ ထိခိုက်သေဆုံးမှု သတင်းများ မဖော်ပြဘဲ ‘ရှထူးဇွပ် နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ်တရားမဝင် တူးဖော်လျက်ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖော်ရာတွင်အသုံးပြုသည့် ယာဉ်ယန္တရားများနှင့် တစ်ဖက် နိုင်ငံသားများအား ဖမ်းဆီးရမိခဲ့’ စသည်ဖြင့် ဖော်ပြထားသည်ကို သာ တွေ့ရသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကို တနိုင်ငံ လုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် လက်မှတ် ရေးထိုးရန် ဖိအားပေးသည်ဟု ယူဆရသော တပ်မတော်၏ လုပ်ရပ် ‘ရွှေမှော်မှ KIA ၏ ၀င်ငွေ ဖြတ်တောက်ပစ်ရန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို KIA ဘက်မှ ဆက်လက် ခုခံ သွားမည် ဖြစ်ကြောင်း’ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူက ပြောသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...