အစိုးတပ်ရ စစ်ကြောင်းများသည် ကချင်ပြည်နယ် တောင်ပိုင်း ဗန်းမော်ခရိုင် မံစီမြို့နယ် တပ်ရင်း (၁၂) နယ်မြေ နှင့် ပြည်နယ် အနောက်ဘက် ကားမိုင်းမြို့နယ်ခွဲ KIA တပ်ရင်း (၆) နယ်မြေများကို ရောက်ရှိလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
တိုက်ပွဲများသည် နှစ်ဖက်တပ် ‘ထိတွေ့ပစ်ခတ်မှုများ’ သာ ဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေး ဌာနမှ တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ကချင်သတင်းဌာန KNG ကို ယခုလို အတည်ပြု ပြောပါသည်။
“ပစ်ခတ်မှုတော့ဖြစ်တယ် ဒါပေမယ့် ထိတွေ့ တိုက်ပွဲပေါ့ ၁၀ မိနစ် ၅ မိနစ်လောက်ပေါ့။ ကားမိုင်း ထွယ်ဆန်ယန် မှာလည်း ဂေါင်ရီဘက်ကို ဆင်းသွားတဲ့အဖွဲ့ကို တိုက်ပွဲ ရယ်လို့တော့ မဟုတ်ဘူး မိုင်း ဖောက်ခွဲ တာလောက်ပါပဲ”
အစိုးရတပ်နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်များ စီးလာသည့် စစ်ကား ၂ စီးကို KIA တပ်ရင်း ၆ တပ်ဖွဲ့များမှ မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက် (၄)ဦး ဒဏ်ရာ ရပြီး (၁)ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မံစီ မြို့နယ် ကောင်ဂျာ (Kawg Ja) နှင့် ဟန်းကိုင်ခက် (Hkang Kai Hkyet) ကြား ဇိုင်ဘရူစွန် (Zai Bru Tsun) မှာ KIA တပ်ရင်း (၁၂)နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရတပ် ခမရ (၅၂၁)မှ စစ်သား ၂ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံ သတင်းများတွင် ဖော်ပြပါသည်။
ယမန်နေ့ ည အချိန်တွင်လည်း ဖားကန့် ကံဆီး (Ginsi) KIA စခန်း နှင့် နန့်ယား (Nam Ya) KIA စခန်းရှိသော နေရာများသို့ အစိုးရတပ်များ လက်နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။







