ဖားကန့် ကျောက်စိမ်းမှော် တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်

ဖားကန့် ကျောက်စိမ်းမှော် တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၆ တပ်ဖွဲ့များ နှင့် အစိုးရတပ်များ ယမန်နေ့ ဇူလိုင် ၁၄၊ တရက်တည်းမှာ တိုက်ပွဲ နှစ်ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲမှာ မွန်းလွဲ ၁း၅၀ မိနစ်ခန့်မှ ၃း၄၀ ခန့်အထိ တကြိမ်နှင့် ည နေ ပိုင်း ၆ နာရီမှ ၈ နာရီကျော် အထိ တကြိမ် တရက်တည်း နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့ အနီးတဝိုက် ဂျာရာယန် ကျေးရွာ (Ja Ra Yang) အထက် ဂါးရာယန် ကျေးရွာ (Ga Ra Yang) ဘက်သို့ ၀င်ရောက် စစ်ရေးလှုပ်ရှား လာသည့် အစိုးရတပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) အောက် ခလရ-၁၀၂၊ ခမရ ၃၃၆ နှင့် ခမရ ၄၂၇ ပူးပေါင်းစစ်ကြောင်းနှင့် KIA တပ်ဖွဲ့များ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု တိုက်ပွဲနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟိုဌာနချုပ်မှ ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ ကို ကချင်သတင်းဌာန KNG က မေးမြန်းခဲ့ရာ “အစိုးရတပ်တွေ တက်လာတဲ့ အချိန် ထိတွေ့ပြီး တိုက်ပွဲ ဖြစ်တယ်လို့ ကြားတယ်” ဟု ပြောသည်။

နှစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားပြီး အစိုးရ တပ်များ ဆုတ်ခွာပြီးနောက် အလောင်း (၈) လောင်းကို တွေ့ရပြီး ၎င်းတွင် ဗိုလ်ကြီး ၂ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး နှင့် တပ်သား ၃ ဦး တို့ ဖြစ်ကြကြောင်း KIA တပ်ရင်း (၆) ရှေ့တန်း သတင်းများ ဖော်ပြပါသည်။

ဇူလိုင် ၁၃ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင်လည်း အစိုးရ စစ်ကြောင်း ခမရ ၃၂၅ နှင့် ၃၂၆ တပ်များ Ja Ra Yang ကျေးရွာ အနီး ပွတ်ဘွမ် (Pawt Bum) တောင်ခြေသို့ တက်လာစဉ် KIA တပ် နယ်မြေ လုံခြံုရေး မိုင်း နှင်းမိပြီး ပေါက်ကွဲရာမှ KIA တပ်များ ရှိရာသို့ RPG ၅ ချက်နှင့် ၆၀ မမ မော်တာ ၂ ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ သမ္မတ ဦးထင်ကျော် အစိုးရမှ လာမည့် သြဂုတ်လတွင် ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံ’ မကျင်းပ မီ ကချင်ပြည်နယ် KIO ထိန်းချုပ်ဒေသ မိုင်ဂျာယန်မြို့ (Mai Ja Yang) တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အားလုံး ပါ၀င်သော မျက်နှာ စုံညီ အစည်းအဝေး ကို ယခုလ ကုန်ပိုင်း ကျင်းပ မည်ဖြစ်သည်။

တချိန်တည်းမှာ တပ်မတော် ဘက်က KIO ၏ ၀င်ငွေနှင့် စီးပွားရေး အရင်းအမြစ်များ ဖြတ်တောက်ရေး ရည်ရွယ်ချက်ဖြင့် စစ်ဆင်ရေးများ ကို ကချင်ပြည်နယ် အနောက်ဘက် ကျောက်စိမ်းမှော်ရှိသော ဖားကန့် မြို့နယ်၊ ပယင်းမှော်နှင့် ရွှေမှော်များ ရှိသော တနိုင်းမြို့နယ် နှင့် တရုတ်နယ်စပ် သစ် တင်ပို့မှုရှိသော ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ် များတွင် ပြုလုပ်နေကြောင်း KIO ဗဟို အရာရှိများ ဆိုပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...