ကချင် ကျောင်းသား တဦး ပစ်သတ်ခံရမှု ပေါ် အစိုးရနှင့် တပ်မတော် ကို ဆန္ဒပြ

ကချင် ကျောင်းသား တဦး ပစ်သတ်ခံရမှု ပေါ် အစိုးရနှင့် တပ်မတော် ကို ဆန္ဒပြ
by -
ကေအဲန်ဂျီ
ကချင် ကျောင်းသား ဂွမ်ဆိုင်းအောင် အား အစိုးရ စစ်သား တစ်ဦး တနင်္လာနေ့ ည က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းပေါ် ကျောင်းသားနှင့် လူထု ဆန့်ကျင် ဆန္ဒပြပွဲကို ယနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည်။

မြစ်ကြီးနား ကွန်ပြူတာ တက္ကသိုလ် ပထမနှစ် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် (Shd. Gum Seng Awng)၊ အသက် ၁၉ နှစ် သည် ဇွန် ၂၀ ယမန်နေ့ ည ၉နာရီ ခွဲခန့်မှာ သီတာရပ်ကွက်တွင် ပစ်သတ်ခံရခြင်း ဖြစ်ပြီး ၎င်း၏ ကိုယ်ခန္ဓာတွင် ကျည်ဆံ ဒဏ်ရာ သုံးခု တွေ့ရှိရသည်။

ဂွမ်ဆိုင်းအောင် (Shd. Gum Seng Awng) ၏ အလောင်းကို ရာဂဏန်း ရှိသည့် ကျောင်းသားထု နှင့် ပြည်သူများက မြစ်ကြီးနား ရင်ခွဲရုံမှ သူ၏နေအိမ် ကျွန်းပင်သာ ရပ်ကွက် အထိ ချီတက် ဆန္ဒပြခဲ့သည်။

ဆန္ဒပြကျောင်းသား နှင့် ပြည်သူများက “ကျောင်းသားကိုသတ်တဲ့ တပ်မတော် အလို မရှိ၊ ပြည်သူကို အကာအကွယ် မပေးသော အစိုးရနှင့် တပ်မတော် အလို မရှိ၊ စည်းကမ်းမဲ့ တပ်မတော် အလို မရှိ” စသည်ဖြင့် ကြွေးကြော် ခဲ့ကြသည်။

ယမန်နေ့ည လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ပြောဆိုမှုတွင် ‘လူငယ်ဘက် ၈ ယောက် က လုံခြံုရေး တပ်မတော်သား (၂) ဦးကို ဝိုင်း ထိုးကြိတ်ပြီး အသတ်ခံရသူက သေနတ် လုခဲ့တဲ့အတွက် ကျည်လွတ်သွား ကြောင်း’ ပြောခဲ့သည်။

သို့သော်လည်း သေဆုံးသူ၏ အတန်းဖော် ယမန်နေ့ည ဖြစ်စဉ်တွင် မပါဝင်သူ မောင် ဘရန်ဆန်အောင် (Shd. Brang San Awng) ဆိုသူ ပြောသည်မှာ ‘အခင်းဖြစ်ပွားချိန် အသတ်ခံရသူနှင့် အခြား သူငယ်ချင်း သူတို့ နှစ်ဦးသာ ရှိခဲ့ကြောင်း’ ဆိုသည်။

ထို့အပြင် သီတာရပ်ကွက်မှာ နေထိုင်သူ ‘Ba Gyi’ facebook အကောင့်ပိုင်ရှင်က “ကျွန်တော်က သီတာရပ်ကွက် က ပါ အခင်းဖြစ်ပြီး မကြာခင်ကျွန်တော် သွားခဲ့ပါတယ်။ ကချင်ကောင်လေး ကတော့ သေနတ်ဒဏ်ရာနဲ့ သေနေပါပြီ။ လူတချို့ကပြောလာကြတယ် စစ်သားနှစ်ယောက် သူတို့သတ်တယ်ဆိုပြီး ရပ်ကွက်ရုံးမှာ ဝန်ခံလာပါတယ်။ အဲတာနဲ့ စစ်သားနှစ်ယောက်ကို ကျွန်တော်ကြည့်ကြည့်တော့ ရန်ဖြစ်ထားတဲ့ပုံ လုံးဝ ပေါက်မနေပါဘူး အင်းကျီမှာ ရွံ့တွေ ပေတာ မရှိဘူး ပုံမှန်အတိုင်းဘဲ။ သေနေတဲ့ ကချင်လူငယ်ရဲ့ အလောင်းမှာလည်း သေနတ်ဒဏ်ရာ နဲ့ကိုယ်ပေါ်မျက်နှာတွေမှာ အိုင်နေတဲ့ သွေးကလွဲပြီး ဘာဒဏ်ရာမှ မတွေ့ပါဘူး။ ကချင်လူငယ် စီးလာတဲ့ ဆိုင်ကယ်လည်း သေသေချာချာကို ဒေါက်ထောက်ထားတာ ကိုလည်း တွေ့ရပါတယ်” စသဖြင့် ပြောထားပါတယ်။

ယခုချိန် အမှုကျူးလွန်သူ တပ်မတော်သား နှစ်ဦး ကို မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ထိန်းချုပ်ထားကြောင်း သိရသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...