ပူတာအိုမြို့ အရှေ့ဘက် မိုင် ၁၃၀ ကျော် ရှိ ခေါင်လန်ဖူး မြို့နယ်တွင် ဧပြီ ၁၀ ခန့်မှ စပြီး မေလ ကုန်ပိုင်း အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး နှင်းပြိုကျမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယင်းကြောင့် ရွာပေါင်း (၁၆)ရွာနှင့် အိမ်ခြေ (၈၀) ကျော် ပျက်စီးကာ တမြို့နယ်လုံးရှိ လူပေါင်း ၁၀၀၀၀ ကျော် သည် အထူးသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။
လက်ရှိ ဆန်အိတ် တစ်အိတ်လျှင် ကျပ်ငွေ တစ်သိန်းကျော် အထိ မြင့်တက်နေ သော်လည်း ရောင်းချပေးမည့် သူ မရှိတလောက် ဖြစ်နေကြောင်းလည်း ဒေသခံများ ဆိုပါသည်။
ရေကြီး မြေပြိုမှုကြောင့် ယခုချိန် လမ်းပန်း ဆက်သွယ်ရေး စနစ်များ ပျက်တောက်နေပြီး စားနပ်ရိက္ခာအတွက် အခြားဒေသမှ တင်ပို့ရန် ခက်ခဲနေရခြင်းဖြစ်သည်။
ထို့အပြင် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်နေရသည့် ခေါင်လန်ဖူး ဒေသတွင် ယခုနှစ် မိုး အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တောင်ယာ မီးမရှို့နိုင်သဖြင့်် လာမည့်နှစ် အတွက်လည်း စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာကို ကြံုတွေ့ ရဖွယ်ရှိကြောင်း ဒေသခံများ တွေးပူနေကြသည်။
ကချင်ပြည်နယ် ခေါင်လန်ဖူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ် ဦး အာမိုးဆီ က လက်ရှိ ခေါင်လန်ဖူး ဒုက္ခရောက်နေသည့် ပြည်သူများကို ပြည်နယ်အစိုးရမှ အကူအညီပေးရန် လွှတ်တော်တွင် မေလ ၂၆ ရက်နေ့က အဆိုတင်သွင်းခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ခေါင်လန်ဖူးဒေသရှိပြည်သူ ၁၁၉၆၇ ဦး အတွက် ဆန်ဖိုး ၅၃၈၅၁၅၀၀ ကျပ်ကို ကချင်ပြည်နယ် သဘာဝ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့် ခွဲမှု ရံပုံငွေ သို့ ပေးအပ်ခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
ကချင်ပြည်နယ် အစိုးရမှလည်း ခေါင်လန်ဖူး သို့ လာရောက်ကြည့်ရှုရန် ပြောဆိုထားသော်လည်း လမ်းပန်း ဆက်သွယ်ရေး မကောင်းသောကြောင့် မရောက်လာနိုင်သေးကြောင်း ဒေသခံများက ပြောသည်။







