ဤတိုက်ပွဲတွင် ချင်းသူ ရဲကောင်း စစ်သည် ၂၇ ဦး တို့သည် ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့ သည့် မြေကိုကာကွယ်ရင်း အသက်ပေး လှူခဲ့ကြရ သည်။ ဗြိတိ သျှစစ်တပ်မှလည်း အရာရှိတစ်ဦး နှင့် စစ်သား ၃ ဦး ကျရှံုးခဲ့ရသည်။ ဤတိုက်ပွဲတွင် ပါ၀င်ခဲ့ဆင်နွှဲခဲ့သော ဗြိတိသျှအရာရှိ Surgeon Captain Ferdinand Le Quesne သည် လည်း ကမ္ဘာ့စစ်ဘက် သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များတွင် အမြင့်မား ဆုံးဖြစ်သော Victoria Cross (V.C) တံဆိပ်ဖြင့်ဂုဏ်ပြုခြင်းခံရသည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက သမိုင်းဝင် ရှာလ်လုမ်းခံတပ်သို့ ကျွန်တော် သွားရောက်လည်ပတ်ခွင့်ရရှိခဲ့ပါတယ်။ ဒီခံတပ် နှင့် တိုက်ပွဲ အကြောင်းကို ဆောင်းပါအဖြစ်မနှစ်တုန်းက ကျွန်တော်ရေးခဲ့ပြီး ချင်းဂျာနယ်မှာထုတ် ခဲ့ဘူးပါတယ်။ နောက်ပြီး RFA ရေဒီယို နဲ့ တီဗီမှာလဲ ဆလိုင်း B.A Thang နဲ့အတူထုတ်ဖြစ်ခဲ့တယ်။ ဒီတစ်ခေါက်တော့ ဇာတိမြို့ဖြစ်တဲ့ တစ်ချိန်တုန်းက ချင်းဝိသေ သတိုင်းမြို့တော် ဖလမ်းမြို့သို့သွားရောက် လည်ပတ်ရင်း အချိန်ရလို့ လမ်းကြံုဝင်ခွင့်ရခဲ့တယ်။ ဒီခံတပ်ဟာ ဖလမ်းနှင့်ကလေးမြို့ကြား လမ်းတစ်ဝက်ခန့်တွင်ရှိသော ဇောင်ကောင် (Zongkong) ရွာကနေ နောက်ထပ် ၅၊ ၆ မိုင်လောက် တောင်အောက် ဘက်ပြန်ဆင်းရပါတယ်။ ဇောင်ကောင် ရွာမှာ လမ်းခွဲတစ်ခုရှိတယ်၊ အဲဒီနေရာမှာ “ရှာလ်လုမ်းခံတပ်သို့” ဆိုပြီးဆိုင်းဘုတ် အကြီးကြီးတပ်ထားတာရှိတယ်။ အဲဒီလမ်းတိုင်းဆင်းပြီး ဝေါ့လာ (Voklak) ရွာကိုသွားရတယ်။ ဝေါ့လာရွာကနေ တစ် မိုင်ကျော်ကျော် တောင်အောက်ထပ်ဆင်းရသေးတယ်။
ဖလမ်းကနေ မနက် ၄နာရီလောက် ကျွန်တော်ရယ်၊ ချစ်ဇနီးရယ် ညီလေးတစ်ယောက် ထွက်လာကြပြီး ကျွန်တော် တို့ ဇောင်ကောင်ရောက်တော့ မနက် ၉ နာရီလောက်ရှိတယ်။ အချိန်ရတော့ ရှာလ်လုမ်းခံတပ် သွားလည်ဖို့ဆုံးဖြတ် ခဲ့တယ်။ ဇောင်ကောင်ကလူတွေမေးတော့ ကားရောက်တယ်တဲ့။ အေးဆေးဘဲတဲ့။ အဖေ့ကားလည်းနည်းနည်းကျယ်တော့ စိတ်ထဲမှာ ကြောက်သလိုလိုမျိုးခံစားရတယ်။ ဆင်းကြည့်မယ်ကွာ အခြေအနေမဟန်ရင်ပြန်လှည့်တာပေါ့ဆိုပြီး ကားနဲ့ဆင်းဖြစ်တယ်။ ဆိုင်းဘုတ်ကျော်ပြီးတော့ ဝေါ့လာရွာသွားတဲ့ လမ်းခွဲလေးရှိတယ်။ အဲဒီနေရာရောက်တော့မှဘဲ လမ်းဟာတော်တော် ကျဉ်းမှန်း သိတော့တယ်။ နောက်ပြန်ဆုတ်ဖို့စဉ်းစားတယ်၊ စဉ်းစားရင်းနဲ့ဘဲ တစ်ဖြည်းဖြည်းကျော်သွားခဲ့တယ်။ ဆင်းရင်း ဆင်းရင်းနဲ့ လမ်းဟာ ကားနဲ့ကွက်တိလောက်ဘဲရှိတော့တယ်။ နောက်ပြန်ဆုန်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး။ ဂျစ်ကားလိုမျိုး၊ ကားအသေးစားဆိုရင်တော့ အဲလောက်ကြီးအခက်အခဲရှိမှာမဟုတ်ဘူး။ မိုးတွင်းကလွဲရင်ပေါ့၊ မိုးတွင်းမှာတော့ လုံးဝ နိုးဘဲ။ ဒီလိုနဲ့ ဟိုအဝေးတစ်နေရာမှာ ရွာတစ်ရွာကိုတွေ့ခဲ့ရတယ်။ ရွာအလယ်မှာ ဘောလုံးကွင်းအကျယ်ကြီးတစ်ခုရှိတယ်။ အော်တော်တော်မောင်းရဦးမှာဘဲ ဆိုပြီး စိတ်ဓာတ်တွေကျရော။ အမှန်ဆိုဝေါ့လာရွာကအဲလောက်မဝေးပါဘူး။ လမ်းကိုသာအရမ်းစိုးရိမ်ရတာ။ နံရံဘက်ကပ်မောင်းလို့ရှိရင်လည်း မြောင်းထဲကျသွားမှာစိုးရတယ်။
တစ်ခြားတစ်ဖက် ကတော့ ခြောက်ကမ်းပါးဘဲ၊ ပြတင်းပေါက်ဖွင့်ပြီး ကာဘီးကိုကြည့်ရင်း အာရုံစိုက်မောင်းရ တယ်။ ပြတင်းပေါက် ဖွင့်တော့လည်း တုန်နေအောင် ချမ်းတာ။ ကားသာတစ်ခုခုဖြစ်ရင်၊ ကာဘီးပေါက်တယ်ဆိုရင် ဒီကြောင်ကြူကြောင်ကြားထဲမှာ ကယ်မယ့်သူလည်းရှိတာမဟုတ်၊ အဲဒီအတွက်လည်း စိုးရိမ်ရတယ်။ တုန်နေအောင်ချမ်းရက်သားနဲ့ ချွေးတွေထွက်လာလေရော၊ အာခါင်တွေကလည်းခြောက်လို့ စကားကလည်းမပြောနိုင်။ ဒီလိုနဲ့ဘဲ ဝေါ့လာရွာကိုဆင်းပြီးတော့ ရွာထိပ်ကို ရောက်လာတယ်။ ရွာထိပ်ရောက်တော့ တော်တော်လည်းကိုပျော်သွားတယ်။ လမ်းကလည်း နည်းနည်းကျယ်လာတယ်။ လူသံ၊ တိရစ္ဆာန် သံတွေကြားရတယ်။ အဝင်မှာ ရှေးဟောင်းကျောက်တိုင်တစ်ခုရှိတယ်။ ကျောက်တိုင်ပေါ်က အရေးအသားကတော့ ပျက်သွားပြီ။ ဒါပေမယ့် မေဖြူနဲ့ NLD လို့ရေးထားတာတွေ့ရတော့ အရမ်းသဘောကျခဲ့ရတယ်။ အော်…… ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာ ဟာ ရှေးခေတ်ချင်း အမှတ်တစ်ရ
ကျောက်တိုင်ပေါ်မှာတောင် သက်ရောက်နိုင်တော့လည်း သူတောင်ပြိုကမ်းပြို နိုင်တာလည်းမထူးဆန်းလှ ပါဘူး ဆိုပြီးတွေးမိတယ်။ ရွာထဲရောက်တော့ ထောင်ထဲကနေလွတ်လာသလိုမျိုးခံစားရတယ်။ ထောင်တော့မကျဘူးပါဘူး။ ရွာမှာဆိုရင်တိတ်ဆိတ်နေပြီး ဘယ်သူမှမတွေ့ရဘူး။ ၁၈၈၉ တုန်းက ဗြိတိသျှ စစ်တပ်တွေဒီလိုဘဲ ကြံုတွေ့ရမှာဘဲ ဆိုပြီးတွေးမိတယ်။ အမှန်ဆိုရင် ဗြိတိသျှစစ်တပ် ဟာ ကျွန်တော်တို့ ဆင်းတဲ့လမ်းတိုင်း ချီတက်တာမဟုတ်ဘူး။ ထုတ်လိုင်ဘက်ကနေ ရှာလ်လုန်ခံတပ်နားက တိုင်တန်းရွာ (Taitan) ကိုဖြတ်ပြီး ခံတပ်ကိုတိုက်ခိုက်ခဲ့ရတယ်။ သူတို့ တိုင်တန်းရွာကိုရောက်တော့ တစ်ရွာလုံးက ခံတပ်မှာပုန်းပြီးသား။ မျိုးချစ်စီးယင်းစစ် သည်တော်များဟာလည်း ခံတပ်အတွင်းနေရာယူပြီးသား ဖြစ်တာမို့ တိုင်တန်းရွာဟာ တိတ်ဆိတ်ခဲ့ပြီး အိမ်မွေးတိရစ္ဆာန် အသံလောက် ဘဲ သူတို့ကြားရတယ်။ အဲဒီချိန်တုန်းက ဗြိတိသျှစစ်သားတွေဟာလည်း စစ်တိုက်ဖို့သွားတာ ရွာမှာတိတ် ဆိတ်နေတော့ သူတို့ဘယ်လိုခံစားရမလဲ ဆိုတာတွေ တွေးမိတယ်။
ဒါပေမယ့်မကြာပါဘူး၊ ဝေါ့လာဘုရားကျောင်းအနောက် ကနေ လူသုံးယေက်လောက်ထွက်လာပြီး ကျွန်တော် သွားရောက်နှုတ်ဆက် ပါတယ်။ ဖြစ်ချင်တော့ ချင်းပြည်နယ်ယာဉ်ကျေးမှုဌာနမှ ပြည်နယ်ဦးစီးမှူး U On Kap လည်းအဲ ဒီနေရာမှာရောက်နေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီးမှ ရွာဥက္ကဌဆီမှာ ကျွန်တော်တူမိီးပစ်ချင်ကြောင်း တောင်းဆိုခဲ့တယ်။ ဘာဖြစ်လို့တူမီးသေနတ် ပစ်ချင်ရတာလဲဆိုုတော့ တူမီးသေနတ်ရဲ့အစွမ်းကို ကိုယ်တိုင်ကိုယ်ကျသိချင်လို့ပါ။ ချင်းစစ်သည်တော်များ ခံတပ်အတွင်း
အသင့်စောင့်ထားတဲ့နေရာကနေ ချင်းစစ်သည်တော်တွေကဘဲ စပစ်ခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်တဲ့နေရာမှာ ဗြိတိသျှစစ်သား သုံးဦးဘဲကျရှံုးခဲ့ရတော့ ကျွန်တော်နည်းနည်းအံ့အားသင့်သွားတယ်။ ချင်းစစ်သည် တော်တွေက ဗြိတိသျှစစ်တပ်တို့ ခံတပ်ကနေ ပေ ၁၅၀ အကွာမှာစပစ်တာဆိုတော့ တူမီးသေနတ်ရဲ့ ပေ ၁၅၀ အကွာပစ်စွမ်းအားကို သုတေသနပြုလုပ်ချင်လို့ပါ။ ချင်းစစ်သည်တွေ ကဘဲ တူမီးသေနတ်ရဲ့ပစ်အား (သို့) သတ်မှတ်တဲ့နေရာမရောက်ခင်မှာဘဲ စိုးရိမ်လွန်ပြီး စပစ်တာဖြစ်မယ်လို့ ကျွန်တော်စဉ်းစားခဲ့ ဘူးတယ်။ အဲဒီအချက်တွေကို ဥက္ကဌဆီမှာ ကျွန်တော်ရှင်းပြတယ်။ သူကလည်း ပုံမှန်အနေအထားဆိုရင် ရွာနဲ့နီးတဲ့ နေရာတွေ မှာ သေနတ်ပစ်ခွင့်တော့မပေးဘူး။ ဒါပေမယ့် သမိုင်းလေ့လာသူတစ်ယောက်ရဲ့ တောင်းဆိုချက် ဆိုတော့သူ လည်းလက် ခံတယ်။ ပြည်နယ်ဦးစီးမှူးကလည်း အဲဒီခံတပ်ကိုသွားဖို့ရှိတယ် ဆိုတော့အားလုံး သွားဖို့ဆုံးဖြတ်ခဲ့တယ်။
ခက်တာက ခံတပ်ဆီကို ရွာအောက်တစ်မိုင်ကျော်ကျော် ဆက်မောင်းရဦးမှာ။ ကျွန်တော်ကလည်း မမောင်းရဲတော့ ဘူး။ ခြေကျင်နဲ့ သွားဖိုဆိုရင် လည်း နည်းနည်းဝေးပြန်ရော။ ဦးစီးမှူးကလည်း ရပါတယ်၊ ကားရောက်တယ်ဆိုတော့ Lucifer နဲ့ Satan ထဲ ကနေကြိုက် တာရွေး ဆိုသလိုပေါ့။ မရွေးချင်ပေမယ့်
ကျွန်တော်လည်း အားဏာဏာနဲ့ ဆင်းရပြန်ရော။ ခံတပ်ကိုသွားတဲ့လမ်းက ပိုဆိုးတယ်။ ထောင်ထဲက နေလွတ်လာတဲ့ ခံစားချက်ကသိပ်မကြာပါဘူး။ Death Row ထဲရောက်သလိုဘဲ စိုးရိမ်စိတ်များစွာနဲ့ ပြန်ဆင်းခဲ့ရတယ်။ လမ်းကတော့တော်တော် ကျဉ်းတယ်။ လမ်းဘေးကပေါက်တဲ့ မြက်ပင်။ ချံုုနွယ်တွေက ကားကိုရှပ်တယ်။ အဲတာတွေကို ဖြတ်ရတယ်။ ကားကိုယ် ထည်တွေခြစ်မိလို့ ရှိရင်တော့ အဖေရဲ့ဆုံးမ သြဝါဒကို နာခံရတော့မှာဘဲဆိုတဲ့ နောက်ထပ်အတွေးတစ်ခု ၀င်လာပြန်ရော။ ဥက္ကဌနဲ့အခြားတစ်ယောက် က ရှေ့ကနေ ဆိုင်ကယ်နဲ့သွားတယ်။ လမ်းတွေရှင်းပေးတယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ အကွေ့တစ်ကွေ့မှာ စမ်းရေထွက်တဲ့နေရာရှိတယ်။ အဲဒီနေရာက ဗွတ်တွေနဲ့ဆိုတော့ ကျောက်တုံးတွေ ခင်းထားတယ်။ ဥက္ကဌတို့ကလည်း ကျောက်တုံးတွေရှာပြီး ထပ်ခင်းပေးတယ်။ ကားလည်းကွေ့ရော တစ်ဝက်မကွေ့ခင်မှာဘဲ ဗွတ်ထဲမှာ ဘီးစိမ့်ပြီးတော့ ဆက်သွားလို့မရတော့ဘူး။ လီဗာပေးတယ်။ ဗွတ်တွေပြန်တော့ ပြတင်းပေါက်တွလည်း ဗွတ်တွေတက်လာတယ်။ ဒါနဲ့ လီဗာနင်းရင်း ကာကိုရုန်းရတယ်။ ၀ုန်ကနဲ့ထွက်လာရော ခြောက်ထဲမကျခင်မှာဘဲ ပြန်ဆယ်နိုင်ခဲ့တယ်။ ဘေးနားကထိုင်တဲ့ ချစ်ဇနီးကအသေအော်တယ်။ သူလည်းကြောက်ရရှာတယ်။ ဒီလိုနဲ့ဘဲ ခံတပ်ကိုရောက်ဖြစ်တယ်။
ခံတပ်ကတော့ ကောင်းကောင်းစောင့်ရှောက်ထားတာကိုတွေ့ရတယ်။ ခြံစည်းရိုးတွေနဲ့၊ ပန်းတွေနဲ့ သန့်သန့် ရှင်းရှင်းရှိတယ်။ ခံတပ်အဝင်မှာ အမှတ်တစ်ရ ကျောက်တိုင်တစ်ခုရှိတယ်။ နောက်ပြီး Rev. ST Haugo ရေးသားထာတဲ့ ကဗျာတစ်ပုဒ် လည်းတွေ့ရတယ်။ အဲဒီလောက်လှတဲ့ကဗျာ အင်္ဂလိပ်လိုရေးနိုင်တဲ့ Rev. ST Haugo ကိုလည်းပိုပြီးလေးစားသွားတယ်။ ခံတပ်ရဲ့အပေါ်နာလေးမှာ တိုက်ပွဲမှာ ကျရှံုးသွားတဲ့ ချင်းစစ်သည်တော် ၂၇ ဦးကိုဂုဏ်ပြုထားတဲ့ အုတ်ဂူလေးတွေတွေ့ရတယ်။ ခံတပ်ရဲ့အဓိပ္ပာယ်ကတော့
ရှာလ် (Sial) ဆိုတာက နွားနောက်ဦးခေါင်းဖြစ်ပြီး၊ လုမ်း (Lum) ကတော့ ခံတပ် ဖြစ်ပါတယ်။ အဲဒီမှာ ခံတပ်/ကတုတ်ကျင်းသုံးခု ရှိတယ်။ အကြီးဆုံး ခံတပ်ကတော့ Kulhpi လို့အမည်ရတယ်။ Kulhpi ခံတပ် အနားမှာ အခြားကျင်းတစ်ခု Kulh Peang ဆိုတာရှိတယ်။ အဲဒါကတော့ သူကြီးတွေ နဲ့ နတ်ဆရာတွေ ပုန်းဖို့နေရာအတွက် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီ ခံတပ်နှစ်ခု ကို သုံးပေအနက်နဲ့ တစ်ပေအကျယ်လောက် လမ်းကြောင်းတခုနဲ့ ဆက်သွယ် ဖောက်လုပ်ထားပါတယ်။ ယနေ့တွေ့မြင်နိုင်တဲ့
ခံတပ်ဟာ ကျောက်တုံး၊ ကောင်းကရစ် နဲ့ပြန်လည်တည်ဆောက်ထားတာဖြစ်တယ်။ ၁၈၈၉ တုန်းကတော့ သစ်သား နဲ့ဆောက် လုပ်ထား တဲ့ခံတပ်ဖြစ်တယ်။ ခံတပ်တွေ ဆက်သွယ်တဲ့လမ်းတွေကို သစ်သားတွေသစ်ရွက်တွေနဲ့ ဖုံးထားပါတယ်။ ခံတပ်တွေ အနားမှာ လည်း သုံုးပေအမြင့်ရှိတဲ့ ဆူးချွန်တွေ စိုက်ထူထားခဲ့ကြတယ်။ ခံတပ် ရဲ့အပေါ်ဘက်မှာ အမျိုးသမီးနဲ့ကလေးတွေ ပုန်းဖို့နေ ရာ Nupi Kulh ဆိုတာ ရှိတယ်။ ရန်သူတွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ ကင်းမျှော်စင်ကိုလည်း Mualsan တောင်မှာ အဆင့် လိုက် ဆောက်လုပ်ထားကြတယ်။
တိုက်ပွဲဖြစ်ပွားပုံကတော့ ဒီလိုပါ။ မနှစ်ကကျွန်တော်ရေးတဲ့ “ရှာလ်လုမ်းခံတပ် တိုက်ပွဲ ၊ မမေ့အပ်သော ချင်းတို့၏ နယ်ချဲ့ ခုခံစစ်သမိုင်းမှတ်တိုင်တခု” ဆောင်းပါးထဲကနေ ပြန်လည်စုစည်းလိုက်မယ်။ ၁၈၈၉ ခုနှစ် မတ်လမှာ ဗြိတိသျှတို့ စီးယင်းနယ်တစ်ခု လုံးကို သိမ်းပိုက်ပြီးဖြစ်ပါတယ်။ စီးယင်းမျိုးနွယ်စုမှ ချင်းစစ်သည်တော်တွေဟာ အရှံုးမပေးဘဲ တောခိုရင်း ရရာလက်နက်စွဲကိုင်ကာ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ နောက်ပြီးသူတို့ ဒီရှာလ်လုမ်းခံတပ် ကို ဆောက်တဲ့ အကြောင်း ဗြိတိသျှတို့သတင်းရရှိတဲ့အခါ အပြတ်ချေမှုန်းဖို့ ချီတက်လာခဲ့ကြတယ်။ ဗြိတိသျှစစ်ဗိုလ်ချုပ်ကြီး Faunce က တိုင်တန်းရွာနားက ဒီခံတပ်ကို တိုက်ဖို့အတွက် အမှတ် ၄၂ ဂေါ်ရခါးတပ်ကနေ ရိုင်ဖယ်ကိုင်စစ်သား ၆၅ ယောက်နဲ့ အမှတ် ၂ Norfolk ကနေ ရိုင်ဖယ်ကိုင် အယောက် ၆ဝ စေလွှတ် ခဲ့ပါတယ်။ သူတို့ကို အမှတ်၂ Norfolk က ဗိုလ်မှူး Shepherd နဲ့၊ အမှတ် ၄၂ ဂေါ်ရခါးတပ်ကို ဗိုလ်ကြီး Westmoreland တို့က ဦးဆောင်ပါတယ်။ ဗြိတိသျှတပ်ဟာ ၁၈၈၉ခုနှစ် မေ ၄ ရက်မှာ Fort white ကနေ Buanman, Mualsan, Ngumpi, Nalun, Taikhe စတဲ့နေရာတွေကို ဖြတ်ကျော်ပြီး Taitan ဘက်ကိုဦးတည်လာခဲ့ကြပါတယ်။ ဗြိတိသျှတို့ ချီတက်လာတာကို ပထမဆုံး သိတာကတော့ စီးယင်းတို့မွေးထားတဲ့ ခွေးလေးပါ။ ခွေးလေးက ဟောင်ပြီး ကင်းစောင့်သမားကို အချက်ပေးခဲ့တယ်။ ထိုမှတစ်ဆင့် Mualsan ကနေ ကင်းစောင့်နေတဲ့ Pu Zong On က ဗြိတိသျှတို့ ချီတက်လာတာတွေ့တာနဲ့ ရွာကိုပြေးပြီးပြော ပါတယ်။ အဲဒီနောက် ကလေးသူငယ်၊ အမျိုးသမီးတွေ၊ ရွာသူကြီး စုစုပေါင်းရွာသား ၈၀ လောက် ခံတပ်ဆောက် တဲ့နေရာဘက် ကို ပြေးပြီး ပုန်းအောင်း ခဲ့ကြပါတယ်။ စီးယင်းစစ်သည်တော်တွေကလည်း ခံတပ်ထဲမှာ အသင့် နေရာယူကြပါ တယ်။ ဗြိတိသျှတို့ Taitan ရောက်တဲ့အချိန်မှာ တရွာလုံး တိတ်ဆိတ်နေပါတယ်။ Taitan ကနေ Siallum ဘက်ကို ဆက်လက် ထွက်ခွာ လာခဲ့ကြပါ တယ်။ စီးယင်းတွေကလည်း ချင်းတူမီးသေနတ် (Flint-Lock Gun) နဲ့စောင့်ကြိုခဲ့ကြပါတယ်။
ဗြိတိသျှတို့ ခံတပ်နဲ့ပေ ၁၅ဝ လောက်အကွာကို ရောက်တာနဲ့ ချင်းစစ်သည်တော်တွေက ခံတပ်ထဲကနေ ဒရစပ် ပစ်ခတ်ကြပါတယ်။ ဗြိတိသျှတို့ဟာ ဘယ်ကနေ ပစ်တယ်ဆိုတာ ချက်ခြင်း မသိတဲ့အတွက် တုန်လှုပ်မှင်သက်သွားကြပါတယ်။ ဒုဗိုလ် Michel ကလည်း ကျည်သင့်ပြီး ပစ်လဲပါတယ်။ ဗြိတိသျှ တို့ကလည်း သေနတ်ငွေ့ထွက်နေတဲ့ ခံတပ်ဘက်ကို ပြန်ပစ်ကြပါတယ်။ ဆေးမှူးဗိုလ်ကြီး Le Quesne လည်း ဒုဗိုလ် Michel ရဲ့ဒဏ်ရာကို ပြုစုပေးရင်း ချင်းစစ်သည်တော်တွေကို ပြန်ပြန်ပစ်ပါတယ်။ အဲဒီလို အပြန်အလှန် ပစ်ခတ်ရင်း မကြာခင်မှာ ဗြိတိသျှစစ်သားတွေဟာ ခံတပ်ပေါ်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ သစ်သား၊ သစ်ရွက်တွေနဲ့ကာထားတဲ့ ခံတပ်အဖုံးကို ဖွင့်ပြီး အထဲက ချင်းစစ်သည်တော် တွေကို ပစ်ခတ်တာကြောင့် ချင်းစစ် သည်တော်တွေ တော်တော် များများကျ ဆုံးခဲ့ကြပါတယ်။
အဲဒီအချိန်မှာ အနားက ကတုတ်ကျင်းမှ စီးယင်းစစ်သားတွေဟာ ဗြိတိသျှတို့ ရှေ့ဆက်မတိုးနိုင်ဖို့နဲ့ မလှုပ်နိုင်အောင် ပစ်ခတ်နေခဲ့ ပါတယ်။ ကတုတ်ကျင်းဘေးက ခြံုထဲကနေလည်း စီးယင်းတွေက ပစ်ခတ်နေတာကြောင့် ဗြိတိသျှတို့ ဟာပြန်လည်ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဗြိတိသျှတို့ဟာ စနစ်တစ်ကျ ဆုတ်ခွာရင်း ရွာသားများနေထိုင်တဲ့ Taitan ရွာတစ်ရွာလုံး မီးရှို့ဖျက် ဆီးခဲ့ကြပါ တယ်။ ဤတိုက်ပွဲတွင် ဗြိတိသျှဘက်က အရာရှိတယောက်နဲ့ စစ်သားသုံးယောက် ကျရှံုးခဲ့ပြီး ဗိုလ်ကြီး Mayne၊ ဗိုလ်ကြီး LeQuesne နဲ့ စစ်သား ၈ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပါတယ်။
ကျွန်တော် ခံတပ်ကိုလေ့လာတဲ့အချိန်မှာ ဥိီးဝုမ်ကျင်ခိုင် (နာမည်မှားနိုင်သည်။ ဆောင်းပါးကလေးမြို့မှာ ကျန်ခဲ့သည်) ရေးထားတဲ့ စာမျက်နှာ သုံးမျက်နှာလောက် ရှိတဲ့ ရှာလ်လုမ်းအကြောင်း ဥက္ကဌက ကျွန်တော့ကိုပေးပါတယ်။ အဲဒီထဲမှာ ဗြိတိသျှဘက်မှအရာရှိ သုံးဦးရယ် ဂေါ်ခါးစစ်သားမြောက်အမြား ကျဆုံးတယ်လို့ ရေးထားတာတွေ့ရတယ်။ ၃၇ ရောက်လား မသိဘူး ဂေါ်ခါးစစ်သား ကျရှံုးတယ်လို့ ရေးထားတာတွေ့ရတယ်။ နောက်ပြီး U On Lian Khai (Voklak) ထုတ်ဝေထားတဲ့ စာစောင်ထဲမှာဆိုရင် အရာရှိ ၃ ဦးနှင့် တပ်သား ၈၃ ဦးသေဆုံးတယ်လို့ရေးထားတာတွေ့ရတယ်။ ဒါတွေဟာ ချဲ့ထွင်ရေးသား ထားခြင်းသာဖြစ်ပါတယ်။ သက်သေအထောက်ထားမရှိပါ။ H.N.C Tuck နဲ့ B.S Carey ရေးထားတဲ့ The Chin Hills စာအုပ် စာမျက်နှာ ၃၁ ထဲမှာ အရာရှိတစ်ဦးကျရှံုး၊ နှစ်ဦး (Capt. Mayne နဲ့ Surgeon LeQuesne) ဒဏ်ရာရ၊ တပ်သားသုံးဦး ကျရှံုး ပြီး ၈ ဦးဒဏ်ရာ လို့ရေးထားပါတယ်။ အဲဒီချိန်တုန်းက political officer B.S. Carey နှင့် H.N.C Tuck တို့ရေးသားတဲ့ The Chin Hills ရယ် ဗိုလ်ချုပ်ကြီး Faunce က စစ်ကော်မရှင်နာချုပ်ဆီ ကိုတင်ပြတဲ့ ကြေးနန်တွေက ခိုင်မာတဲ့ သက်သေအထောက် အထားတွေဖြစ် ပါတယ်။
အဲဒီမေလ ၄ ရက်နေ့တိုက်ပွဲမှာ ဗြိတိသျှတပ်ဟာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ဗြိတိသျှတို့ ဆုတ်ခွာပြီး နောက် ချင်းစစ်သည်တော်တွေ ဟာ ခံတပ်တွေကို ပြန်လည်ပြင်ဆင်ပြီး ဗြိတိသျှတို့ကို အသင့် ထပ်စောင့် နေခဲ့ကြပါတယ်။ ဗြိတိသျှဗိုလ်ချုပ်ကြီး Faunce ကို မေလ ၆ ရက်မှာ ဗိုလ်ချုပ်ကြီး Symonds နဲ့ အစားထိုး ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး Symonds ကိုယ်တိုင် စစ်သား အယောက် ၁၅ဝ နဲ့ မေလ ၁ဝ ရက်နေ့မှာ Siallum ကိုချီတက်တိုက်ခိုက်ခဲ့ပါတယ်။ မေလ ၄ ရက်နေ့တိုက်ပွဲဖြစ်တဲ့ ခံတပ်တွေကို ဗိုလ်ချုပ်ကြီး Symonds ကိုယ်တိုင် သွားရောက်ကြည့်ရာမှာ ချင်းစစ်သည်တော် အလောင်းတွေကိုလည်း သူတို့တွေ့ခဲ့ပါတယ်။ ခံတပ်တွေကိုတော့ မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။ မေလ ၄ရက်နေ့တိုက်ပွဲမှာ စီးယင်းစစ်သား ၂၇ ဦး ကျဆုံး ခဲ့ကြပါတယ်။ HNC Tuck နဲ့ B.S Carey ရေးထား တဲ့ The Chin Hills ထဲမှာတော့ ချင်းဘက်မှ ၂၉ ဦး ကျရှံုးပြီး ၁၁ ယောက်ဒဏ်ရာရတယ်လို့ရေးထားပါတယ်။ ဒါပေမယ့် စီးယင်း သမိုင်းပြုစု သူများ က ကျရှံုး သူနာမည်းစာရင်း အတိအကျနဲ့ ကျရှံုးသူ ၂၇ဦးရှိတယ်ဆိုတော့၊ နောက်ပြီး အုတ်ဂူကလည်း ၂၇ ခုဆောက် ထား တာ ဆိုတော့ ဒေသခံအထောက်အထားဟာ ပိုခိုင်မာမယ်လို့ယုံကြည်ပါတယ်။
နောက်ပြီးတူမီးသေနတ်နဲ့ သုတေသနလေးလုပ်မလို့ ရွာသားတစ်ယောက်နဲ့ ဆွေးနွေးဖြစ်တယ်။
သူယူလာတဲ့ သေနတ်ဟာ အဲဒီချိန်တုန်းက ချင်းစစ်သည်တော်တွေ သုံးတဲ့သေနတ် Flint Lock Gun နဲ့မတူဘူး။ Musket သေနတ်ဖြစ်ပြီး အဆင့်ပိုမြင့်တယ်။ ဒါပေမယ့် ပေ ၁၅၀ ရှိပစ်မှတ်ကို ထိထိရောက်ရောက် မပစ်နိုင်ဘူး လို့ သေနတ်ပိုင်ရှင်ကပြောတယ်။ အဲဒီချိန်တုန်းက Flint Lock Gun ဟာပေ ၁၅၀ ပစ်မှတ်ကို ထိထိရောက်ရောက်ပစ်နိုင်မှာ မဟုတ်တာသေချာတယ်။ တစ်ချိန်တုန်းက ဗြိတိသျှတပ်မတော်က ဒီ Flint Lock Gun ကိုသုံးခဲ့တဲ့အချိန်မှာ ရန်သူရဲ့မျက်စိထဲက မျက်ဆန်အရောင် ကိုခွဲခြားနိုင်မှ ပစ်ရမည် ဆိုတဲ့အဆိုမျိူးရှိခဲ့တယ်။ ကျွန်တော် လေ့လာချက်အရ ချင်းစစ်သည်တော်တွေ ပစ်တာနည်းနည်း စောသွားတယ်ဆိုတာတွေ့ရှိရတယ်။ ပြီးတော့ ခံတပ်တည်နေရာ အနေအထားအရ တစ်ခါပစ်ပြီးရင် ကာဗာယူလို့ရတဲ့နေရာတွေအများကြီးရှိတယ်။ ပထမပစ်ချက်ဟာ ချင်းစစ်သည်တော်တွေ အတွက် ထိထိရောက်ရောက် ပစ်ခတ်နိုင်တဲ့အခွင်အရေး တစ်ရပ်ဘဲလို့သုံးသပ်မိတယ်။ တကယ်လို့များ ပေ ၁၀-၅၀ ၀န်းကျင်မှာ ချင်းစစ်သည်တော်တွေ စပစ်ရင်တော့ ဗြိတိသျှဘက်မှ ဒီထက်အထိနာမှာ သေချာတယ်။
ဆေးဆရာဝန် ဗိုလ်ကြီး LeQuesne ရဲ့ Victoria Cross ဆုရတာကို ကြည့်ခြင်းအားဖြင့် ရှားလ်လုမ်းတိုက်ပွဲ ပြင်းထန်ပုံကို မှန်းဆနိုင်ပါ တယ်။ အဲဒီနေရာကို ရောက်ပြီး တိုက်ပွဲအဖြစ်အပျက်နှင့် ချင်းစစ်သည်တော်ရဲ့ အလောင်းများကို စိတ်ကူး ရင် ပြန်လည် ဖန်တီးမြင်ယောင်နိုင်ခဲ့တယ်။ မိမိလေ့လာထားတဲ့ သမိုင်းခံတပ် တစ်ခုကို သွားရောက်လည်ပတ်ခွင့်ရတာလည်း အင်မတန်ကျေနပ် စရာကောင်းလှပါတယ်။
ကမ္ဘာကြီးကို အုပ်စိုးခဲ့တဲ့ ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်က ကျနော်တို့ဘိုးဘွားတွေကို လွယ်လင့်တကူ အနိုင်ယူသိမ်းပိုက်နိုင် ခဲ့တာမဟုတ်ဘူး။ ကျနော်တို့ချင်းပြည်ကြီးကို လာရောက်တိုက်ခိုက်သူတွေ ဘယ်လိုပင် အင်အားကြီးလင့်ကစား ရဲဝံ့စွာနဲ့ ပြန် လည် တိုက်ခိုက်နိုင်တဲ့ ကျနော်တို့ဘိုးဘွားတွေရဲ့ ရဲစွမ်းသတ္တိကိုလည်း ပိုပြီး အသိအမှတ်ပြုလာတယ်။ ယခင်ထက် ပိုပြီးလေးစား ဂုဏ်ယူ မိပါတယ်။ ကျရှံုးသွားတဲ့ ချင်းစစ်သည်တော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ခံတပ်ပေါ်ကနေ ကျွန်တော်သေနတ်တစ်ချက် ပစ်ခတ် ခဲ့ပါ တယ်။ ပစ်ခွင့်ပေးတဲ့ ဥက္ကဌအပေါ်မှာလည်း အရမ်းဘဲကျေးဇူးတင်မိတယ်။
ဒီလိုနဲ့ဘဲ ဝေါ့လာရွာဘက်ကိုပြန်လှည့်ခဲ့ရတယ်။ အပြန်လမ်းကတော့ အတွေ့အကြံုအများကြီးရှိပြီဆိုတော့ ဘာမှမကြောက်တော့ဘူး။ ရွာပြန်ရောက်တော့ ရွာသားတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တယ်။ ကျောင်းရှေ့မှာကျောင်းသူ/သားတွေ ဖြူစိမ်းနဲ့ တန်းစီနေ ချိန်ဖြစ်တယ်။ ရွာသားတွေက စပျစ်ဝိုင်ယူသွားဖို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်မသောက်တော့ မယူခဲ့ဘူး။ တွေ့တဲ့ရွာသား တိုင်း ပြံုးပြံုးရွှင်ရွှင်နဲ့ဖော်ဖော်ရွေရွေရှိကြပြီး ချင်းတို့ရဲ့ လှပမွန်မြတ်တဲ့ ဓလေ့တစ်ခုပါ။ ရွာတစ်ရွာကိုသွား လို့ရှိရင် ရောက်လာတဲ့ သူတိုင်း ကောင်းကောင်းမွန်မွန်ဧည့်ခံတတ်ကြတယ်။ အတတ်နိုင်ဆုံး စောင့်ရှောက်ပေးကြ တယ်။ သူတို့မိသားစုထဲမှ မစား ရက်တဲ့အစားအစာတွေကိုလည်း ဧည့်သည်ကို ကျွေးတတ်တဲ့ ဓလေ့ ချင်းလူမျိုးတွေဆီမှာရှိတယ်။ ဝေါ့လာကနေဆိုရင် ထုတ်လိုင်၊ လိုဖေးရွာ တို့လည်း တွေ့နိုင်တယ်။ နောက်ပြီး ခွါဆတ်ရွာလည်း ထိုနားမှာဘဲဆိုတာနားလည်ရင်း စီးယင်းချိုင့်ဝှမ်းဟာ စိတ်ထဲမှာ အရမ်းကျယ်မယ်လို့ ထင်ခဲ့မိတာ။ တကယ်တော့ အဲဒီလောက်မကျယ်ဘူး၊ နောက်ပြီးတစ်ရွာနဲ့တစ်ရွာလဲ သိပ်မဝေး ဘူးဆိုတာ လေ့ လာခဲ့ရတယ်။
ဒီလိုနဲ့ဘဲ ရွာကိုနှုတ်ဆက်ခဲ့ရတယ်။ အတက်လမ်းကတော့ ဘာမှစိုးရိမ်စိတ်မရှိတော့။ အပြန်လမ်းမှာ တောင်ဇလပ်ပန်း တစ်ပင်တွေ့ တာနဲ့ ချစ်ဇနီးအတွက် သွားခူးပေးခဲ့သေးတယ်။ အဲဒီလမ်းကိုသွားပြီးတဲ့ နောက်ပိုင်း ကလေး-ဖလမ်းကားလမ်းဟာ အင်္ဂလန်နိုင်ငံရဲ့ ကားပြိုင်ဝင်း Silverstone ထက်တောင် ပိုကောင်းတယ်လို့ခံစားရတော့တယ်။







