” ခွေးကိုက်ခံရရာမှ စတင်ပြီး ရန်ဖြစ်ကြတယ်လို့ သိရတယ်။ တစ်ဦးသေတယ်။ နောက်တစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူက ဆေးရုံမှာ တက်ရောက် ဆေးကုသနေတယ်” ဟု ကျောက်ဖြူ ရဲစခန်း တာဝန်ရှိသူ တစ်ဦး က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။
ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ကျောက်တင်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ(၂၉)ရက် ညနေ ရ နာရီခန့်က ဒေါ်မပုမ နေအိမ်တွင်မွေးမြူထားသော ခွေးက ဒေါ်ထွေးထွေးရီ၏ သား အသက်(၆)နှစ် ကို ကိုက်သည်။ ယင်းခွေးကိုက်မှု ကြောင့် ဒေါ်ထွေးထွေးရီ၏ မောင်ဖြစ်သူ ဦးမောင်မြင့်စိုး အသက်(၃၅)နှစ်နှင့် ခွေးပိုင်ရှင် ဒေါ်မပုမသား မောင်အောင်ဇော်လင်း အသက်(၂၆)နှစ်တို့ စကားများရန်ဖြစ်ကြသည်။
စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ဓါးထိုးမှု ဖြစ်ပွားရာ မောင်အောင်ဇော်လင်းမှာ ဘယ်ဘက် လည်မျိုတွင် ဓါးဒဏ်ရာ ရရှိခဲ့ပြီး ယင်းဒဏ်ရာဖြင့် ဆေးရုံးအရောက်တွင် သေဆုံးသွားခဲ့သည်။
ဓါးထိုးမှု ဖြစ်ပွားရာတွင် ပါ၀င်သူ ဦးမောင်မြင့်စိုး (၃၅) နှစ်တွင် ၀ဲဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲဘက်နားတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ၀ဲဘက်ပခုံးပွန်းပဲ့ ဒဏ်ရာတစ် ချက် ရရှိခဲ့သည်။
ယခု လူသေမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး မိုးဇော်သူ ကတာဝန်ယူ စစ်ဆေး အရေး ယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။







