“နောက်ဆုံးနေ့ မဲဆွယ်ရတဲ့ရည်ရွယ်ချက်ကတော့ ဗဟိုအောင်နိုင်ရေး အဖွဲ့အနေနဲ့ အနယ်နယ်အရပ်ရပ်ကို ကျေးရွာတွေမကျန်အောင် သွားနေခဲ့ကြတဲ့အတွက် နောက်ဆုံးမဲဆွယ်စည်းရုံးရမယ့် နေ့တွေဖြစ်တဲ့ နို၀င်ဘာလ ၅ ရက်၊ ၆ ရက်နေ့တွေမှာ စစ်တွေမြို့ပေါ် လှည့်လည်ပြီးတော့ အောင်နိုင်ရေး စည်းရုံးမှုအနေနဲ့ လုပ်မည်ဆိုပြီးတော့ နဂိုကတည်းက စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်တာဖြစ်တယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဒေါ်အေးနုစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
နို၀င်ဘာလ ၆ ရက်နေ့ညနေပိုင်းက စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးရေးတွင် မြို့ပေါ်တွင်လှည့်လည်သည့်အပြင် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချူပ်ရုံးရှေ့တွင် ဂန္ဓဝင်စတား တီးဝိုင်းနှင့် ရခိုင်အဆိုတော်များဖြစ်ကြသော ဒိုးရီ၊ ငြိမ်းစန္ဒာ၊ သျှင်ထွီးနှင့် နီတိုးတို့ကလည်း ရခိုင်အမျိုးရေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။
ဖျော်ဖြေမှုအပြီးတွင် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဒေါ်အေးနုစိန်က နှုတ်ခွန်းဆက်စကား ပြောကြားခဲဲ့ဲပြီး မဲဆွယ်စည်းရုံးရေးကို ည ၁၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်ဟု သိရသည်။
နို၀င်ဘာလ ၆ ရက်နေ့က နောက်ဆုံးမဲဆွယ်စည်းရုံးရေးကို စစ်တွေမြို့အပြင် သံတွဲ၊ အမ်း၊ ရသေ့တောင်နှင့် အခြားမြို့နယ်များတွင် လည်း ပြုလုပ်ခဲ့သည်ဟု ဒေါ်အေးနုစိန်ကပြောသည်။
“မဲဆွယ်စည်းရုံးရေး သွားရောက်ခဲ့တဲ့နေရာတွေထဲက ၅ ရက်နေ့မှာပြုလုပ်တဲ့ မင်းပြားပွဲဆိုရင် လူတစ်သိန်းကျော် တက်ရောက်ပြီးတော့ ဘူးသီးတောင်မြို့မှာဆိုရင်လည်း ၂ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။ ရသေ့တောင်မြို့မှာဆိုရင်လည်း အဲ့ဒီလောက် မိုးတွေလေတွေကြားထဲက လူအကြီးအကျယ် တက်ရောက်ခဲ့တဲ့ပွဲထဲမှာ ပါပါတယ်”ဟု သူမ၏ မဲဆွယ်စည်းရုံးရေး အတွေ့အကြံုကို ပြောသည်။
ရခိုင်သားတို့အနေဖြင့် အသည်းနှလုံးထဲက ရခိုင်ပါတီကို အားပေးမည်ဆိုသည့်စိတ် ရှိပြီးသားဖြစ်ကြောင်း၊ ဦးနှောက်ဖြင့်တွေးကြည့် လျှင်လည်း ဖက်ဒရယ်ပြည်ထောင်စု၌ တန်းတူအခွင့်အရေး ရရှိရန် ကိုယ့်အားကိုယ်ကိုးမှ ဖြစ်မည်ဟု ယုံကြည်လျှင် ရခိုင်ပါတီသည်သာ ရခိုင်သားမှန်သမျှ မဲထည့်ပေးရမည့်ပါတီဆိုပြီး ဆုံးဖြတ်ကာ မဲထည့်ပေးစေချင်ကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က နိရဥ္စရာသို့ ပြောသည်။







