ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေး နောက်ဆုံး မဲဆွယ်စည်းရုံးရေးတွင် ရခိုင်အဆိုတော်များ ပူးပေါင်းပါ၀င်

ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေး နောက်ဆုံး မဲဆွယ်စည်းရုံးရေးတွင် ရခိုင်အဆိုတော်များ ပူးပေါင်းပါ၀င်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ ၆ ရက်နေ့ကပြုလုပ်သော ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် ရခိုင်အဆိုတော်များဖြစ်ကြသော ဒိုးရီ၊ ငြိမ်းစန္ဒာ၊ သျှင်ထွီးနှင့် နီတိုးတို့ပါ၀င် ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

“နောက်ဆုံးနေ့ မဲဆွယ်ရတဲ့ရည်ရွယ်ချက်ကတော့ ဗဟိုအောင်နိုင်ရေး အဖွဲ့အနေနဲ့ အနယ်နယ်အရပ်ရပ်ကို ကျေးရွာတွေမကျန်အောင် သွားနေခဲ့ကြတဲ့အတွက် နောက်ဆုံးမဲဆွယ်စည်းရုံးရမယ့် နေ့တွေဖြစ်တဲ့ နို၀င်ဘာလ ၅ ရက်၊ ၆ ရက်နေ့တွေမှာ စစ်တွေမြို့ပေါ် လှည့်လည်ပြီးတော့ အောင်နိုင်ရေး စည်းရုံးမှုအနေနဲ့ လုပ်မည်ဆိုပြီးတော့ နဂိုကတည်းက စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်တာဖြစ်တယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဒေါ်အေးနုစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

နို၀င်ဘာလ ၆ ရက်နေ့ညနေပိုင်းက စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးရေးတွင် မြို့ပေါ်တွင်လှည့်လည်သည့်အပြင် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချူပ်ရုံးရှေ့တွင် ဂန္ဓဝင်စတား တီးဝိုင်းနှင့် ရခိုင်အဆိုတော်များဖြစ်ကြသော ဒိုးရီ၊ ငြိမ်းစန္ဒာ၊ သျှင်ထွီးနှင့် နီတိုးတို့ကလည်း ရခိုင်အမျိုးရေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

ဖျော်ဖြေမှုအပြီးတွင် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဒေါ်အေးနုစိန်က နှုတ်ခွန်းဆက်စကား ပြောကြားခဲဲ့ဲပြီး မဲဆွယ်စည်းရုံးရေးကို ည ၁၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

နို၀င်ဘာလ ၆ ရက်နေ့က နောက်ဆုံးမဲဆွယ်စည်းရုံးရေးကို စစ်တွေမြို့အပြင် သံတွဲ၊ အမ်း၊ ရသေ့တောင်နှင့် အခြားမြို့နယ်များတွင် လည်း ပြုလုပ်ခဲ့သည်ဟု ဒေါ်အေးနုစိန်ကပြောသည်။

“မဲဆွယ်စည်းရုံးရေး သွားရောက်ခဲ့တဲ့နေရာတွေထဲက ၅ ရက်နေ့မှာပြုလုပ်တဲ့ မင်းပြားပွဲဆိုရင် လူတစ်သိန်းကျော် တက်ရောက်ပြီးတော့ ဘူးသီးတောင်မြို့မှာဆိုရင်လည်း ၂ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။ ရသေ့တောင်မြို့မှာဆိုရင်လည်း အဲ့ဒီလောက် မိုးတွေလေတွေကြားထဲက လူအကြီးအကျယ် တက်ရောက်ခဲ့တဲ့ပွဲထဲမှာ ပါပါတယ်”ဟု သူမ၏ မဲဆွယ်စည်းရုံးရေး အတွေ့အကြံုကို ပြောသည်။

ရခိုင်သားတို့အနေဖြင့် အသည်းနှလုံးထဲက ရခိုင်ပါတီကို အားပေးမည်ဆိုသည့်စိတ် ရှိပြီးသားဖြစ်ကြောင်း၊ ဦးနှောက်ဖြင့်တွေးကြည့် လျှင်လည်း ဖက်ဒရယ်ပြည်ထောင်စု၌ တန်းတူအခွင့်အရေး ရရှိရန် ကိုယ့်အားကိုယ်ကိုးမှ ဖြစ်မည်ဟု ယုံကြည်လျှင် ရခိုင်ပါတီသည်သာ ရခိုင်သားမှန်သမျှ မဲထည့်ပေးရမည့်ပါတီဆိုပြီး ဆုံးဖြတ်ကာ မဲထည့်ပေးစေချင်ကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က နိရဥ္စရာသို့ ပြောသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...