ကရင့်အနာဂတ်ကံကြမ္မာ

ကရင့်အနာဂတ်ကံကြမ္မာ
by -
ကေအိုင်စီ
ယနေ့လူငယ်ကွန်ရက်အဖွဲ့များ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပရေးကော်မတီများ၊ လူထုအခြေပြုလူမှုအဖွဲ့များသည် နိုင်ငံရေးပါတီများနှင့် ကရင့့်လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားမှုနေ့စွဲများ၊မှတ်တမ်းများသည် နောင်တချိန်၌ သမိုင်းအဖြစ်တွင်ကျန်ခဲ့ပေလိမ့်မည်။

နောင်လာနောင်သားတို့၏ မှတ်သားဖွယ်ရာ ဥဒါဉ်ကျူးဘွယ်ရာ သမိုင်းမှတ်တမ်းမျိုးဆိုလျှင် တန်ဘိုးရှိလှစွာ သမိုင်းကိုအခြေခံ၌ နိုင်ငံရေးလှုပ်ရှားမှုတို့ဖြစ်ပေါ်လာရပေ၏။

နိုင်ငံရေးဆိုတာဘာလဲ

ဤအဖြေပေါ်ဝယ်ထင်မြင်ချက်အမျိုးမျိုးပေးကြ၏။

တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်အောက်တွင် မွေးဖွါးကြီးပြင်းသူများအတွက်မူ နိုင်ငံရေးဟူသည်-

Ø  အာဏာပိုင်အဖွဲ့နှင့်ပေါင်းမိလျှင်မြှောက်စားခံရသည်။
Ø  အထက်အာဏာပိုင်ကိုဆန့်ကျင်လျှင် အဖမ်းအဆီးခံရပြီးဒုက္ခရောက်သည်။
Ø  နိုင်ငံရေးသမားသည် စားဖါးသမားများဖြစ်သည်။
Ø  အထက်အာဏာပိုင်ခိုင်းတာလုပ်လျှင် ဘေးကင်းကြီးပွားတိုးတက်သည်။
Ø  နိုင်ငံရေးသမားသည် အောက်ခြေလူထုကိုလှည့်မကြည့်
Ø  နိုင်ငံရေးသမားသည် ကိုယ်ကျိုးရှာသမားဖြစ်သည်။
Ø  နိုင်ငံရေးသမားသည် အာဏာပိုင်တစု၏ လုပ်ငန်းသာဖြစ်သည် စသည်ဖြင့်အဆိုးမြင်ကြပေမည်။ သူ့ခေတ်သူ့အခါက အုပ်စိုးသူတို့၏ စနစ်အမှားနှင့် ဖိနှိပ်အုပ်ချုပ်မှုကြောင့် အကြောက်တရားဖြင့် နိုင်ငံရေးအပေါ်အဆိုးမြင်ကြသည်မှာမဆန်းပေ။ ယနေ့ဒီမိုကရေစီအရွေ့ ခေတ်ပြောင်းနေပြီးဟုပြောရမည်လား။ နိုင်ငံရေးပါတီများဖွဲ့ခွင့်ပေးခဲ့သည်။ ရွေးကောက်ပွဲလည်းကျင်းပပြီး နိုင်ငံရေးပါတီများက ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေအနည်းဆုံး သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရသည်။လွှတ်တော်ကိုယ်စားလှယ်အများစု မဲအနိုင်ရရှိသူက အစိုးရဖွဲ့ခွင့်ရလာသည်။ ဒါက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်ပေါ်လာ၍ လူအများ လွတ်လပ်စွာမဲပေးခွင့်ရှိပြီး မည်သူမဆို ရွေးကောက်ပွဲဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ပိုင်ခွင့်ရှိလာသည်။ ဤသည်မှာ ယနေ့ဖြစ်ပေါ်လာသော နိုင်ငံရေးအလှည့်အပြောင်းတခုပင်။

မြန်မာနိုင်ငံတွင် အခုထိရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးမှတ်ပုံတင်ထားကြသည့် ပါတီပေါင်း(၉၄)ပါတီရှိချေပြီး ကရင်နိုင်ငံရေးပါတီက၅ပါတီရှိသည်။ ပါတီတိုင်းတွင် မူဝါဒရည်ရွယ်ချက် ရှေ့လုပ်ငန်းစဉ်နှင့် ပါတီဖွဲ့စည်းပုံတို့ရှိကြပေသည်။ အများအားဖြင့် ပါတီခေါင်းဆောင်တို့သည် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံပြီး အနိုင်ရလျှင် လွှတ်တော်တစ်နေရာရာတွင် ဝင်ရောက်ပါဝင်ရခြင်း သို့မဟုတ် အစိုးရအဖွဲ့ဝန်ကြီးတနေရာရာရရှိခြင်းသည် နိုင်ငံရေးလုပ်သည်ဟု ခံယူကြသူကများပါသည်။

ကျနော့်အနေဖြင့် ကျနော်တို့၏ ကရင်အာဇာနည်ခေါင်းဆောင်ကြီး ထားရစ်ခဲ့သည့် ဆောင်ပုဒ်ကို လိုက်နာဆောင်ရွက်လျှင် နိုင်ငံရေးလုပ်သည်ဟု ယူဆပါသည်။ ကရင်အမျိုးသားနေ့ဟု သတ်မှတ်သည့်၁၉၄၈ဖေဖေါ်ဝါရီ (၁၁)ရက်နေ့ ကရင်လူထုလှုပ်ရှားမှုတွင် တောင်းဆိုဆန္ဒပြခဲ့သောဆောင်ပုဒ်မှာ

(၁) ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ

ယနေ့ နိုင်ငံရေးဝေါဟာရအဖြစ်ပြောရလျင် တန်းတူညီမျှခြင်းကိုတောင်းဆိုခြင်းဖြစ်ဟုပြောနိင်ပါသည်။ လွတ်လပ်ရေးရရှိပြီးသည့်နောက်ပိုင်း တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုမရှိကြ၍ တစ်ဖွဲ့ပြီးတစ်ဖွဲ့လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွဲခဲ့သည်။ တစ်ပြည်ထောင်စနစ်ကျင့်သုံးခြင်း၏ အကျိုးဆက်ဟုလည်းဆိုနိင်ပါသည်။ ပြည်တွင်းစစ်ရှိန်မြင့်လာသဖြင့် တပ်မတော်၏ အခန်းကဏ္ဍကျယ်ပြန့်လာပြီး စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာခဲ့သည်။ အထက်ဖား အောက်ဖိအာဏာရှင်စနစ်၏ ဆိုးမွေကြောင့် တိုင်းပြည်ဆင်းရဲပြီး ကမ္ဘာ့အလယ်တွင် ဖွံ့ဖြိုးမှုအနောက်ကျဆုံးအဆင့်သို့ ရောက်ခဲ့ရသည်။ ဤသည်က တိုင်းပြည်အရေး၊ တိုင်းရင်းသားအရေးကိုကြည့်လျှင် တန်းတူညီတူမှု အခွင့်အရေးမရရှိခြင်းကြောင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေနိမ့်ကျခြင်း၊ ပညာရေးကျန်မာရေးလူမှုရေးဆင်းရဲနိမ့်ကျခြင်း၊နယ်မြေဒေသဖွံ့ဖြိုးမှုမရှိခြင်း၊အရည်အချင်းတူသော်လည်း ရာထူးအဆင့်အတန်းကွာခြားခြင်း အဆိုးဆုံးက ကိုယ့်နယ်မြေဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရရှိခြင်းတို့ပင်ဖြစ်သည်။

ယခုထိပင်၂၀၀၈အခြေခံဥပဒေပုဒ်မ၂၆၁ဖြင့် ကိုယ့်ပြည်နယ်ဝန်ကြီးချုပ်ကို ကိုယ့်ပြည်နယ်သားများက ရွေးချယ်တင်မြှောက်ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်သည်။ တန်းတူညီမျှမှုမရှိ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသောလူမျိုးသည် ကိုယ်ပိုင်လေယာဉ်၊ကိုယ်ပိုင်ရွက်လှေသင်္ဘောကြီး ကိုယ်ပိုင်အိမ်ယာမြေယာပိုင်ဆိုင်၍ ချမ်းသာသုခရှိသော်လည်း သူများ၏အုပ်ချုပ်ခံဘဝဖြင့် ဂုဏ်သိက္ခာညှိုးနွမ်းစွာဖြင့် ရှင်သန်ရပ်တည်ရပေလိမ့်မည်။ နောက်ဆုံးမျိုးဆက်တစ်ခုလုံး အမြစ်ပါမကျန် သူများအုပ်ချုပ်ခံနွံအတွင်း သက်ဆင်းဝင်ရောက်ကာ လူမျိုးလည်းကွယ်ပျောက်သွားရမည့် ကိန်းဆိုက်ပေလိမ့်မည်။

(၂) ကရင်ပြည်နယ်ချက်ချင်းပေး

နိုင်ငံရေးသဘောတရားအရself Determinationဟုခေါ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုခြင်းဖြစ်သည်။ ယနေ့တိုင်းနှင့်ပြည်နယ်(၁၄)ခုသည် ၁၉၆၂ခုနှစ်အာဏာသိမ်းသော တော်လှန်ရေးကောင်စ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော အစိုးရကပိုင်းခြားသတ်မှတ်ခဲ့သော နယ်မြေများဖြစ်သည်။ ထိုနယ်မြေများတွင် တိုင်းရင်းသားနယ်မြေဖြစ်သော ပြည်နယ် (၇)ခုမှာရှမ်း၊ချင်း၊ကချင်၊ကရင်၊ကယား၊မွန်တို့၏ အမည်များဖြင့်မှည့်ခေါ်ထားသည့်ပြည်နယ်များဖြစ်သည်။

တိုင်း(၇)တိုင်းသည် ဗမာလူမျိုးစုအများစုနေထိုင်ရာဒေသများလိုလို ဗမာအပါအဝင်တိုင်းရင်းသားများစုပေါင်းနေထိုင်သလိုလိုဖြင့် ပိုင်းခြားသတ်မှတ်သည်။ ကရင်ပြည်နယ်ဟုပိုင်းခြားသတ်မှတ်ပေးသော်လည်း ဧရာဝတီတိုင်းရှိ ကရင်လူဦးရေသည် ကရင်ပြည်နယ်ရှိလူဦးရေထက်(၃)ဆမျှပိုများနေသည်ကို ကြည့်လျှင် ဘာကြောင့်ဤသို့ဖြစ်ရသည်ကို အဖြေရှာမရဖြစ်ရသည်။

ရှိစေတော့ ပြောနေရေးနေရလျင် သမိုင်းပဋိပက္ခကရှည်လျားထွေပြားလွန်းမည်။

ပကတိအရှိတရားကိုပဲ ထည့်သွင်းစဉ်းစားရပေမည်။ ကရင်ပြည်နယ်ဟု သတ်မှတ်သည့်အချိန်မှစ၍ ဤကရင်ပြည်နယ်ကို ကရင်ပြည်နယ်ရှိပြည်သူများက ရွေးချယ်တင်မြှောက်သည့် ခေါင်းဆောင်ကအုပ်ချုပ်ခဲ့သည်မရှိခဲ့ပေ။ ကရင်လူမျိုးများမှန်ခဲ့သော်လည်း အထက်အာဏာပိုင်အဖွဲ့အစည်းက ရွေးချယ်တင်မြှောက်သောပုဂ္ဂိုလ်ဖြစ်နေခဲ့သည်။ ကိုယ့်ပြည်နယ်၏ ရေမြေတောတောင်သဘာဝဓလေ့ထုံးစံနှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ကိုယ်ပိုင်အခြေခံဥပဒေဖြင့် အုပ်ချုပ်ခွင့်မရခဲ့။ အထက်ပါလုပ်ပိုင်ခွင့်အပြည့်ရှိသူတို့သည် ကရင်လူမျိုးများမဟုတ်ခဲ့ပါ ကရင်အရာရှိဖြစ်စေ။ အထက်အမိန့်ကိုနာခံရသည့် ကရင်လူမျိုးဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသော ကရင်ပြည်နယ်သည် အထက်အမိန့်ဖြင့် ချယ်လှယ်ခံရမည် ဘေးကလွတ်မည်မဟုတ်ပေ။ ထို့ကြောင့် ကရင်ပြည်ချက်ချင်းပေးဆောင်ပုဒ်သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့် ကရင်ပြည်နယ်ကိုတောင်းဆိုခြင်းဖြစ်မည်။

(၃)ပြည်တွင်းစစ်အလိုမရှိ

ယနေ့ နိုင်ငံရေးအခေါ်အဝေါ်အားဖြင့် ခေတ်စားနေသော၂၁ရာစုပင်လုံညီလာခံ ပြည်တွင်းငြိမ်းချမ်းရေး NCA၊အမျိုးသားငြိမ်းချမ်းရေး သဘောတူစာချုပ် စသည်တို့သည် ကရင်အမျိုးသားလှုပ်ရှားမှုက တောင်းဆိုခဲ့သော‘ပြည်တွင်းစစ်အလိုမရှိ’၏ အနှစ်သာရနှင့် နောက်ဆက်တွဲအကျိုးရလာဒ်များပင်ဖြစ်သည်။ ၁၉၄၈၊ဖေဖေါ်ဝါရီ၁၁ရက်နေ့အထိ KNU ကို မတရားအသင်းအဖြစ်ကြေညာမှုမရှိသေးပေ။ KNU သည် ပြည်တွင်းစစ်ထဲမပါဝင်ခဲ့သေးပေ။ ဖဆပလအစိုးရနှင့် တိုက်နေရသည်က ဗကပဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီဖြစ်သည်။ ထိုကတည်းက ကရင်ပြည်သူတို့သည် ပြည်တွင်းစစ်ကိုအလိုမရှိဘဲ ငြိမ်းချမ်းရေးကိုသာ တောင်းဆိုနေခဲ့ကြသည်။ အခြားတိုင်းရင်းသားများလည်း လက်နက်စွဲကိုင်တိုက်ပွဲဝင်နေကြခြင်းမရှိသေးပါ။ ဗမာ-ဗမာချင်း တိုက်ခိုက်သည့် ပြည်တွင်းစစ်သာရှိသေးသည်။ KNU က၁၉၄၉ခုနှစ်၊ဇန်နဝါရီ(၃၁)ရက်နေ့တွင်မှ မတရားအသင်းကြေညာခံရပြီး ဖဆပလနှင့် အင်းစိန်တိုက်ပွဲတွင်စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိတိုင်းရင်းသားအားလုံးနှင့် မငြိမ်းသေးသော စစ်မီးများထတောက်လောင်ကျွမ်းလျက်ရှိသည်။ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးသဘောတူညီမှု စာချုပ်မချုပ်နိုင်သေး။ ဤသို့ချုပ်နိုင်အောင် မည်သည့်အချက်အလက်များလိုအပ်၍ မည်သို့သောအထစ်အငေါ့များရှိနေပါသနည်း။

လက်ရှိထိုးထားသည့် NCA စာချုပ်သည် လည်းငြိမ်းချမ်းရေးအစစ်လား၊ အတုလား။ မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါသနည်း။ အစိုးရနှင့်တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကဏ္ဍနိုင်ငံရေးပါတီများ၏ကဏ္ဍ၊ လူမှုအဖွဲ့အစည်းများ၏ကဏ္ဍတို့က အားလုံးပါဝင်မှု၊ပတ်သက်မှု၊ ဖြေရှင်းညှိနှိုင်းမှု၊ဆွေးနွေးပြောဆိုမှုတို့သည် ပြည်တွင်းစစ်အလိုမရှိဆိုသည့် ဆောင်ပုဒ်နှင့် တစ်ထပ်ထည်းကျပါက မြန်မာပြည်ကြီးအေးချမ်းသာယာပါလိမ့်မည်။

(၄) လူမျိုးရေးအဓိကရုဏ်းအလိုမရှိ

ဤဆောင်ပုဒ်သည် တိုင်းပြည်၏ အသက်သွေးကြောဖြစ်ရုံသာမက ပြည်ထောင်စုကြီး တစည်းတစ်လုံးတည်းဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ်ကို ဖေါ်ပြခြင်းပင်ဖြစ်ပါသည်။ တိုင်းရင်းသားအချင်းအချင်း သူ့ထက်ငါ နိုင်ထက်စီးနင်း ဗိုလ်ကျအနိုင်ယူစိုးမိုးမှုမရှိသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖေါ်ညွန်းသော ဆောင်ပုဒ်ဖြစ်ပေသည်။ ၁၉၈၈အရေးအခင်းအပြီး အာဏာသိမ်းအစိုးရ နအဖ၏ ဆောင်ပုဒ်ထဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်းပါသည်။ ကရင်ပြည်သူတို့က ၁၉၄၈ခုနှစ်ကတည်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တောင်းဆိုခဲ့ကြသည်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့သော အစိုးရအဆက်ဆက်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစာစာအော်၍ကြွေးကြော်ခဲ့သော်လည်း ယနေ့ထိတိုင်းရင်းသားစည်းလုံးညီညွတ်ရေးမရခဲ့ပါ။ အဘယ်ကြောင့်နည်း။

(က)တိုင်းရင်းသားများ တန်းတူညီတူ အခွင့်အရေးမရရှိခဲ့သောကြောင့်
(ခ)တိုင်းရင်းသားများ ကိုယ့်မြေကိုယ့်ပြည်ကိုယ့်ဒေသတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရရှိခဲ့သောကြောင့်
(ဂ)ပြည်တွင်းစစ်များမရပ်စဲဘဲ စစ်မှန်သောငြိမ်းချမ်းရေးမရသောကြောင့်
(ဃ)တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရရှိခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့်

ကရင်နိုင်ငံရေးပါတီများ၊ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်လူမှုအဖွဲ့အစည်းများအားလုံးထားရှိရမည့် ဦးတည်ရည်မှန်းချက်မှာ ကရင်အမျိုးသားနေ့တွင် ချမှတ်ခဲ့သည် စောဘဦးကြီး၏ ဆောင်ပုဒ်(၄)ခုကို လက်ကိုင်ထား၍ ကရင့်နိုင်ငံရေးခရီးကိုချီတက်ကြရင်း ကရင့်အနာဂတ်ကံကြမ္မာကို လက်တွဲဖန်တီးကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...