စကားလုံးအရတောင် လက်မခံဘဲ အပြင်းအထန် ကန့်ကွက်ဆန့်ကျင်နေတော့ရှေ့ခရီး ဘယ်လိုဆက်ကြမလဲ

စကားလုံးအရတောင် လက်မခံဘဲ အပြင်းအထန် ကန့်ကွက်ဆန့်ကျင်နေတော့ရှေ့ခရီး ဘယ်လိုဆက်ကြမလဲ
by -
မောင်ကျော်စွာ/ကေအိုင်စီ
“ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” တည်ထောင်လိုတယ်။ တည်ထောင်မယ်ဆိုတဲ့ ဒီချုပ်ပါတီ၊ ဒီချုပ်ပါတီအစိုးရရဲ့ မြဲမြံတဲ့ ယုံ ကြည်မှုနဲ့ တည်ကြည်တဲ့ သန္နိဋ္ဌာန်ထားရှိမှု အပေါ် သံသယမရှိပါ။ အလေးထားပါတယ်။ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။

လက်တွေ့ ဘယ်လိုနည်းလမ်းနဲ့ အကောင်အထည်ဖော်မှာလဲဆိုတဲ့ အပိုင်းမှာတော့ ဆွေးနွေးစရာ၊ ဝေဖန်စရာ၊ ထောက်ပြစရာ တွေကတော့ အနည်းနဲ့အများဆိုသလို ရှိနေနိုင်ပါတယ်။

(NCA)စာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ထုတ်ပြန်လိုက်တဲ့ “နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမြေပုံ”ရဲ့ နောက်ဆုံးအဆင့် (သတ္တမအဆင့်)မှာ ဖော်ပြထားတာကလည်း “ဒီမိုကရက်တစ်ပြည်ထောင် စုတည်ဆောက်ခြင်း”ဆိုတာပဲ ဖြစ်ပါတယ်။

၂၀၁၆ အောက်တိုဘာ ၁၆ရက်နေ့ထုတ်၊ (အစိုးရပိုင်/စစ်တပ်ပိုင်) နေ့စဉ်သတင်းစာတွေအားလုံးမှာ “လမ်းပြမြေပုံ”လို့ သုံးနှုန်းဖော်ပြခဲ့သော်လည်း  အောက်တိုလာ ၁၈ ရက်နေ့ထုတ် သတင်းစာတွေမှာတော့ “လမ်းပြမြေပုံ”အစား “မူဝါဒ”အဖြစ် အသုံးအနှုန်း ပြောင်းလဲလိုက်တာကိုလည်း သတိပြုပါတယ်။ အစိုးရတစ်ရပ်အတွက် “မူဝါဒ”ဆိုတဲ့ အသုံးအနှုန်းက “လမ်းပြမြေပုံ”ထက် ပိုပြီးတိကျခိုင်မာမှုရှိတယ် ဆိုတဲ့ သဘော ဆောင်ပါလိမ့်မယ်။

ဒီတော့ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”ဆိုတဲ့ အသုံးအနှုန်းကစပြီး ဘယ်သူတွေ ဘယ်လိုသုံးစွဲခဲ့ကြသလဲ။ ဘယ်သူတွေ ဘယ်လိုဆန့်ကျင် ကန့်ကွက်ခဲ့ကြသလဲဆိုတာ ဆန်းစစ်ကြည့်ကြရအောင်။

“ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”

ဒီစကားစုကို နိုင်ငံတော်သမ္မတဦးထင်ကျော်ရဲ့ မတ်လ ၃၀ရက်နေ့ပြောကြားတဲ့ ပထမဆုံးမိန့်ခွန်းမှာ တရားဝင် စတင်သုံးစွဲဖော်ပြခဲ့တာပါ။ သမ္မတသစ်က သူ့မိန့်ခွန်းမှာ အစိုးရသစ်ရဲ့ မူဝါဒကို အချက် ၄ချက်နဲ့ဖော်ပြရာမှာ တတိယအချက်မှာ အခုလို ဖော်ပြပါရှိခဲ့ပါတယ်။

- “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေ့ရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေး---” ဖြစ်ပါတယ်။

ဒီလို ဒီချုပ်ပါတီအစိုးရသစ်၊ သမ္မတသစ်က သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ ဒီစကားရပ်၊ ဒီအသုံးအနှုန်းကို ပြောဆိုဖော်ပြစဉ်က ဒီ စကားရပ်၊ ဒီအသုံးအနှုန်းအပေါ် ဘယ်သူကမှ ဝေဖန်တာ၊ ကန့်ကွက်တာ မကြားခဲ့မိပါဘူး။

“နိုင်ငံသူ နိုင်ငံသားများခင်ဗျာ”လို့ ညွန်းဆိုပြီး ယဉ်ကျေးတည်ကြည်ပြီး ချိုသာစွာမိန့်ကြားသွားတဲ့ သမ္မတမိန့်ခွန်းဟာ တိုတောင်း သော်လည်း အများပြည်သူက လေးနက်လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။

“ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”ဆိုတဲ့ ဒီစကားရပ်နဲ့ ဒီစကားလုံးကို သည်းသည်းသန်သန်နဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက် တာကိုတော့ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်ဆိုင်ရာ ဥပဒေ”ပြဋ္ဌာန်းရေးအတွက် လွှတ်တော်မှာ ဆွေးနွေးစဉ်ကပဲ ဖြစ်ပါတယ်။ စစ်သားအမတ်တွေဟာ ဒီစကားရပ်၊ ဒီအသုံးအနှုန်းကို “၂၀၀၈ အခြေခံဥပဒေ”နဲ့ မကိုက်ညီပါဆိုတဲ့ အကြောင်းပြချက်နဲ့ ကန့် ကွက်ကြတာပါ။

ကန့်ကွက်ဆန့်ကျင်မှုက ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတော့ စစ်ဗိုလ်အမတ်တွေအားလုံး မတ်တပ်ရပ်ပြီး ဆန္ဒပြတဲ့အထိ ပါပဲ။ သူတို့ကို လွှတ်တော်ဥက္ကဋ္ဌက ပြန်ထိုင်ခိုင်းရပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒုတိယအကြိမ်ကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ထုတ်ပြန်ကြေညာချက်အမှတ် (၃/၂၀၁၆) ပြည်ထောင်စုငြိမ်းချမ်းရေး ညီ လာခံ(၂၁)ရာစုပင်လုံထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ရေး ပြည်ထောင်စုလွှတ်တော်တွင်း ဆွေးနွေးအ တည်ပြုတဲ့အခါမှာ ဖြစ်ပါတယ်။

ဒီမှာလည်း စစ်ဗိုလ်အမတ်ဖြစ်တဲ့ ထုတ်ပြန်ချက်(မူကြမ်း)ထဲမှာ ပါရှိတဲ့ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”ဆိုတဲ့ စကားရပ်ကို ဗိုလ်ချုပ်သန်းစိုးက “၂၀၀၈အခြေခံဥပဒေနဲ့ဆန့်ကျင်နေသဖြင့်”ဆိုပြီး ပြင်ဆင်ပေးရန် ပြည်ထောင်စုလွှတ်တော်ထဲမှာ ကန့်ကွက် ခဲ့ပါတယ်။ ဒီအသုံးအနှုန်းအတွက် ပြည်ထောင်စုလွှတ်တော်အတွင်း အဆုံးအဖြတ် (စက်ခလုပ်သုံးပြီး) မဲခွဲရာမှာ ထောက်ခံမဲ ၃၉၀၊ ကန့်ကွက်မဲ ၁၈၄မဲ၊ ကြားနေမဲ ၅မဲဖြစ်ပါတယ်။ ကန့်ကွက်မဲ ၁၈၄မဲထဲမှာ စစ်ဗိုလ်အမတ် ၁၆၆ယောက်စလုံးက ကန့်ကွက် မဲပေးခဲ့တာဖြစ်တယ်ဆိုတဲ့အချက်သိပ်ကို သေချာပါတယ်။ ကျန်တဲ့ ၁၈မဲမှာလည်း ဘယ်ပါတီတွေ ဘယ်သူတွေဖြစ်မယ်ဆိုတာ အလွယ်စဉ်းစား သိရှိနိုင်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ (၃၁-၈-၂၀၁၆) ဖွင့်ပွဲအခမ်းနားမှာ ပြောကြားတဲ့ ကာချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ရဲ့ “ကြိုဆိုနှုတ်ခွန်းဆက်စကား”မှာတော့ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”ဆိုတဲ့ အသုံးအနှုန်း လုံးဝ ပါရှိခြင်း မရှိပါဘူး။ ဒီအသုံးအနှုန်း၊ ဒီစကားရပ်ကို ကာချုပ်နဲ့ သူ့စစ်ဗိုလ်အမတ်တွေ တသွေးတသံတမိန့် ဆန့်ကျင်ကန့်ကွက်ခဲ့ ကြပုံ သာဓကတစ်ခုပါပဲ။ သူတို့ဟာ ဒီအသုံးအနှုန်းနဲ့ ဒီစကားရပ်ကို စကားလုံးဝေါဟာရအရရော၊ အနှစ်သာရအရပါ ကန့်ကွက် နေကြတာပါ။

တကယ်တော့ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်တဲ့ “ကြေညာချက်အမှတ်(၃/၂၀၁၆) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်”မှာ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”ဆိုတဲ့ အသုံးအနှုန်း က နှစ်ကြိမ်ထဲသာ ပါရှိတာပါ။

ဒီစကားရပ်နဲ့ ဒီစကားလုံးကို သူတို့ အညှိုးတကြီးနဲ့ ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်ခဲ့ကြတာပါ။ ဆန့်ကျင်နေကြတာပါ။ တကယ် တော့ ဒီနေ့ကာချုပ်ကို ထိပ်တင်ထားတဲ့ စစ်အုပ်စုဟာ “ဖက်ဒရယ်”ဆိုတာ “ခွဲထွက်ရေးဖြစ်တယ်/ ပြည်ထောင်စုဖြိုခွဲရေးဖြစ် တယ်”ဆိုတဲ့ ဖန်ပေါင်းချောင်ထဲကနေ လူလားမြောက်လာတဲ့ မျိုးဆက်သစ်စစ်အုပ်စု ဖြစ်ပါတယ်။

သူတို့ဟာ သူတို့ အာဏာအမွေ ဆက်ခံခဲ့တဲ့ မျိုးဆက်ဟောင်းစစ်အုပ်စုလိုပါပဲ။ “ဆိုရှယ်လစ်အတု(ဝါ) မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်”ခဲ့ကြသလို၊ ယခုလည်း “ဒီမိုကရေစီအတု (ဝါ) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”  လုပ်ခဲ့ကြပြီးပြီ။ ထို့အတူ “ဖက်ဒ ရယ်အတု (ဝါ) မြန််မာ့နည်းမြန်မာ့ဟန်ဖက်ဒရယ်”ချင်ကြတာသာ ဖြစ်ပါတယ်။ ဖက်ဒရယ်အတုနဲ့ လှည့်ဖြားချင်တာပါ။

ဒါကြောင့်လည်း “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”ဆိုတာကို စကားလုံးအရ၊ အသုံးအနှုန်းအရကိုပဲ ပြင်းပြင်းထန်ထန် ခါးခါး သီးသီး ဆန့်ကျင်ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

သို့သော်လည်း (၂၀-၁၀-၂၀၁၆)ရက်နေ့ထုတ်၊ အစိုးရပိုင် ကြေးမုံသတင်းစာ အယ်ဒီတာ့အာဘော်ကမူ “ဖက်ဒရယ်သည် ပြည် ထောင်စုပြိုကွဲရေးဖြစ်သည်ဟု နှစ်ပေါင်း ၅၀ကျော် ကျောရိုးပြု ရပ်တည်ခဲ့သော တပ်မတော်က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည် ထောင်စုအား တိုင်းပြည်၏ နိုင်ငံရေးရည်မှန်းချက်အဖြစ် လက်ခံခဲ့ခြင်းသည် အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုတစ်ရပ် ဖြစ်ပါ သည်”လို့ ရှုမြင်ယူဆ ဖော်ပြထားပါတယ်။

လက်တွေ့အားဖြင့် “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”ဆိုတာကို စကားလုံး အသုံးအနှုန်းအရပင် သဲသဲမဲမဲ ကန့်ကွက်ဆန့်ကျင် နေတာတွေကို တွေ့ကြံုနေပါလျက်နဲ့ အစိုးရပိုင်သတင်းစာ အယ်ဒီတာ့အာဘော်က ဒီလိုရေးသားတာဟာ တကယ့် အံ့ဖွယ်သုတ ပါပဲ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောနေတာမျိုးနဲ့ သွားတူနေပါတယ်။ လွှတ်တော်ထဲမှာ စစ်ဗိုလ်အမတ်တွေရဲ့ ကန့် ကွက်မှုတွေကို သူ ကြံုတွေ့နေရသော်လည်း “တပ်မတော်သားတွေ ပါဝင်နေမှုကြောင့် လွှတ်တော်လုပ်ငန်းတွေ အခက်အခဲ မရှိ ပါဘူး”လို့ ပြောတာမျိုးပါပဲ။

ဒီလိုပြောဆိုရေးသားနေမှုတွေဟာ သင့်မြတ်ပြေလည်ချင်လွန်းလို့ တဖက်သတ်အကောင်းမြင်စိတ်နဲ့ လေပြေထိုးနေကြတာလား - ဒါမှမဟုတ် တကယ်ပဲ ယုံယုံကြည်ကြည်နဲ့ သဘောထားပြီး ရေးသားပြောဆိုနေကြသလားဆိုတာတော့ ကာယကံရှင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။

သေချာတာတော့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကို တကယ်တမ်း ပေမီဒေါက်မီ တည်ဆောက်ချင်တယ်ဆိုရင်တော့ ကာချုပ်နဲ့ စစ်တပ်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ မုချရှိရလိမ့်မယ်။ တိုင်းပြည်နဲ့လူထုဟာ စစ်တပ်ရဲ့ စေသည့်ကျွန်၊ ထွန်သည့် နွားပမာ မဖြစ်စေဖို့ အထူးလိုအပ်ပါတယ်။ အစိုးရနဲ့ လွှတ်တော်ကို မဲဆန္ဒနယ်အလိုက် ပြည်သူလူက ရွေးချယ်တင် မြှောက်သူများနဲ့ ဖွဲ့စည်းရမယ်။ စစ်တပ်က အချိန်မရွေးလွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့၊ အာဏာသိမ်းနိုင်တဲ့ အခွင့်ထူးတွေ ပေး ထားလို့ မဖြစ်ဘူး။ ဒီလို အခွင့်ထူးတွေပေးထားတဲ့ အခြေခံဥပဒေအောက်မှာလည်း ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ပါဘူး။

အတိတ်သမိုင်းကို ပြန်ကြည့်တဲ့အခါ စစ်တပ်က လက်နက်နဲ့အာဏာ သိမ်းတဲ့နည်းနဲ့ နိုင်ငံရေးအာဏာကို ဖြတ်လမ်းကနေရယူ သိမ်းပိုက်ခဲ့တာဖြစ်တယ် ဆိုတဲ့အချက်ကို အထင်အရှားတွေ့ကြရမှာဖြစ်ပါတယ်။ အခုအနေအထားမှာတော့ “အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ”မှာပါ  စစ်အုပ်စုက လက်ဝါးကြီးအုပ် သိမ်းပိုက်စိုးမိုး ရယူထားတာဖြစ်ပါတယ်။

ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံရဲ့ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်း အတည်ပြုနိုင်တဲ့အခါမှာလည်း စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ထားတဲ့၊ လက်နက်ကိုင်ဆောင်ထားတဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်စု၊ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ အခွင့်ထူးတွေ၊ အထူးလုပ်ပိုင်ခွင့် အာဏာတွေ ပေးအပ်ထားတာသော်လည်းကောင်း၊ ရယူထားတာ သော်လည်းကောင်း ဘယ်လိုနည်းနဲ့မျှ ခွင့်မပြုသင့်ပါ။

လက်ရှိအနေအထားကတော့ ကာချုပ်ကလည်း စစ်တပ်ရဲ့ “ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်”ဆိုတာနဲ့  လက်နက်ချခိုင်းနေပါတယ်။ (NCA)လက်မှတ်ထိုးဖို့ ဖိအားပေးနေပါတယ်။ ဒီချုပ်ပါတီအစိုးရကလည်း “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးမူဝါဒ”နဲ့ ခရီးဆက်မယ်လို့ ဆိုနေပါတယ်။

ဒါ့အပြင် “ကာချုပ်”က အခုလို  ခပ်ပြောင်ပြောင်ပဲ သတိထားပေးထားပါတယ်။

“(NCA) လက်မှတ်ထိုးရေးခြင်းမရှိဘဲ (NCA)စာချုပ်ပါ ကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုသားအဆင့်ဆွေးနွေးပွဲများသို့ သွားနိုင် ရန် ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး”တဲ့။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ခရီးလမ်းကြောင်းမှာ စစ်တပ်က အစွဲအလန်း ကြီးကြီးမားမားနဲ့ အလျှော့မပေးစတမ်း စွဲကိုင်ထားတဲ့ “ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်”ဟာ အဓိက အတားအဆီးနဲ့ အနှောက်အယှက်ဖြစ်နေပါတယ်။

ကိုးကား
-       နိုင်ငံတော်သမ္မတဦးထင်ကျော်မိန့်ခွန်း - (၃၁-၃-၂၀၁၆) မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ အထူးကဏ္ဍ (ခ)
-       လွှတ်တော်ရေးရာ - (၃၁-၈-၂၀၁၆) မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ရ
-       (၁၆-၁၀-၂၀၁၆) မြန်မာ့အလင်းသတင်းစာ 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...