အဖူးစကားကြားနိုင်ကြစေချင်

အဖူးစကားကြားနိုင်ကြစေချင်
by -
ကေအိုင်စီ
 စောဘဦးကြီးရဲ့ဝိညာဉ်တွေသာ ဒီဘုရားကျောင်းနံရံတွေမှာရှိနေရင် ကျုပ်ကို ဟားတိုက်ရယ်မောမှာပဲ˝။             ဒီစကားဟာ အဖူးစောဟန်တာသာမွှေး နောက်ဆုံးအင်းစိန် တောင်သူကုန်းဘုရားကျောင်းတွင် ပြောသွားခဲ့သောစကားဖြစ်သည်။ အဖူးရဲ့နောင်တစကားလား၊ ကရင်ပြည်သူတွေကို နောက်ဆုံးမှာစကားလားဆိုတာ ဘုရားသခင်ခြေတော်ရင်းကိုခိုလှုံပြီးဖြစ်တဲ့ အဖူးတစ်ယောက်သာသိနိုင်ပေမည်။ သို့သော်ကရင်ပြည်သူတွေအတွက် စဉ်းစားစရာတွေအများကြီးရှိနေပေသည်။

            ၁၉၄၇၊စက်တင်ဘာလ(၂၄)ရက်နေ့တွင် ဖဆပလမှရေးဆွဲသော အခြေခံဥပဒေကိုအတည်ပြုခဲ့သည်။ ထိုအခြေခံဥပဒေသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ သဘောတူရေးဆွဲခဲ့သော ပင်လုံစာချုပ်ကတိကဝတ်များမှ သွေဖီပြီး ပြည်ထောင်စုရည်မှန်းချက်အစား တစ်ပြည်ထောင်စနစ်ဖြစ်သွားခဲ့သည်။ ၁၉၄၇၊အောက်တိုဘာလတွင် ကျင်းပသော ကေအဲန်ယူမော်လမြိုင်ကွန်ဖရင့်ဆုံးဖြတ်ချက်အရ ၁၉၄၈ခု၊ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် တစ်ပြည်လုံး ကရင်လူထုအင်အား၁၄၅၁၀၀ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသည်။

            သို့သော် ဖဆပလအစိုးရသည် ကေအဲန်ယူကိုစစ်ရေးဖြင့် သာတုန့်ပြန်ခဲ့သဖြင့် ကေအဲန်ယူသည်လည်း၁၉၄၉၊ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ခုခံရေးစစ်ကိုရွေးချယ်ခဲ့ရသည်။ အဲဒီကေအဲန်ယူကရင့်တော်လှန်ရေးကို စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းခေ၊မန်းဘဇန်တို့နှင့်အတူ အဖူးစောဟန်တာသာမွှေးတို့ဦးဆောင်ခဲ့သည်။ ၁၉၄၉ခု၊ဇန်နဝါရီလ (၃၁)ရက်၊နံနက်(၆)နာရီအချိန်တွင် ဖ.ဆ.ပ.လစစ်တပ်သည် သမိုင်းခဝဲခြံကရင်ရပ်ကွက်ကို စတင်တိုက်ခိုက်ရာမှ အင်းစိန်တိုက်ပွဲစတင်ဖြစ်ခဲ့သည်။

တစ်ဆက်တည်းမှာပင် အလုံကရင်ရပ်ကွက်သည်လည်း မီးရှို့ခြင်းခံရသည်။ ထိုအချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒွန်းက မည်သူ့အမိန့်ဖြင့်ဆောင်ရွက်သည် ကိုဝန်ကြီးချုပ်ဦးနုအားမေးမြန်းခဲ့သည်။ ထိုကိစ္စဆောင်ရွက်သူမှာ ဗိုလ်ချုပ်စမစ်ဒွန်း၏ လက်ထောက်ဗိုလ်နေဝင်းဖြစ်ကြောင်းသိရသည့်အခါ ဗိုလ်ချုပ်စမစ်ဒွန်းလည်း ရာထူးမှနုတ်ထွက်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဦးဗဆွေသည်လည်း ဗိုလ်နေဝင်းကို ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်လိုက်သည်။ သမိုင်းခဝဲခြံမှ ကရင်အရပ်သူအရပ်သားများလည်း အင်းစိန်သို့ပြောင်းရွှေ့ခိုလှုံလာကြသည်။

ဖ.ဆ.ပ.လစစ်တပ်မှအင်အား(၂၀၀၀)ခန့် အင်းစိန်ရှိကရင်များကို တိုက်ခိုက်ရန်စုဝေးနေကြသည်။ ထိုသတင်းကိုကြားသိရသော အခါမင်္ဂလာဒုံရှိအမြောက်တပ်မှ ဗိုလ်မှူးအောင်စိန်ဦးစီးသော တပ်အကူအညီဖြင့် ကေအဲန်ဒီအိုအင်အား (၁၀၀၀)ခန့် ဖေဖော်ဝါရီလ (၁)ရက်၊နံနက်(၅)နာရီအချိန်တွင် အင်းစိန်ကိုတိုက်ရန် စုဝေးနေသည့်ဖ.ဆ.ပ.လစစ်တပ်ကို စတင်တိုက်ခိုက်ရာနံနက်(၈)နာရီတွင် အင်းစိန်မြို့ကို ကေအဲန်ဒီအိုတို့ ကာကွယ်သိမ်းပိုက်နိုင်ခဲ့သည်။ အင်းစိန်ကို ကေအဲန်ဒီအိုတို့မသိမ်းပိုက်နိုင်ပါက အင်းစိန်တွင်စုဝေးနေကြသည့် ကရင်လူထုအရေးသည်မတွေးဝံ့စရာပင်။ တစ်ဆက်တည်းပင် တွံတေးမြို့ကိုလည်း ကေအဲန်ဒီအိုတို့သိမ်းပိုက်လိုက်ရာ ဖ.ဆ.ပ.လအစိုးရ၏ ရန်ကုန်မြို့သည် ကုန်းလမ်း၊ရေလမ်းအဆက်ပြတ်လျက် (၇)မိုင်ပတ်လည် အစိုးရဖြစ်နေပေတော့သည်။

            ထိုအချိန်တွင်ဖ.ဆ.ပ.လအစိုးရသည် ကေအဲန်ဒီအိုကိုတိုက်ရန် ကွန်မြူနစ်များနှင့်စေ့စပ်ရာတွင် မအောင်မြင်သဖြင့် ၀န်ကြီးချုပ်ဦးနုမှ အင်္ဂလိပ်သံအမတ်ကြီး မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ် ဒေါက်တာရက်စ်၊ ပါကစ္စတန်သံအမတ် မစ္စတာအာလီ၊ အင်္ဂလိကန်ဂိုဏ်းချုပ်ဘိရှော့ဝက်စ်၊ ဆာစံစီဖိုး၏သမီးမစ္စဘမောင်ချိန်တို့ကို ချဉ်းကပ်ပြီး ဦးနုကစောဘဦးကြီးထံသို့ ငြိမ်းချမ်းရေးစကားကမ်းလှမ်းခဲ့သည်။၁၉၄၉၊ဧပြီလ (၆)ရက်နေ့တွင် စောဘဦးကြီးသည် မန်းဂျိမ်းထွန်းအောင်၊စောဘလေ၊ဘိရှော့ဝက်စ်တို့နှင့်အတူ အင်းစိန်မှ ရန်ကုန်သို့သွားခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အဖက်ဖက်မှလှည့်ပတ်ဖိအားပေးခြင်းကြောင့် ကေအဲန်ယူမှလက်နက်ချပြီး ကရင်ပြည်နယ်အရေးကို ဆောင်ရွက်ရန်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်နက်ချပွဲကိုလည်း သမိုင်းဦးသော်ပုဂံစက်တွင်ပြုလုပ်ရန်ဖြစ်သည်။ (မှတ်ချက်=စောဘဦးကြီးသည် ဗြိတိသျှအင်ပါယာတစ်ခုလုံးကို အမှုလိုက်နိုင်သည့် Bar At law ဘွဲ့ရရှိခဲ့သော်လည်း နိုင်ငံရေးတွင်သတိလက်လွှတ်ဖြစ်ခဲ့ခြင်းသည် သင်ခန်းစာယူစရာ)

            စောဘဦးကြီး အင်းစိန်သို့ပြန်ရောက်သောအခါ အင်းစိန်ရှိကေအဲန်ယူ၊ ကေအဲန်ဒီအိုခေါင်းဆောင်များဖြစ်သော မန်းဘဇန်၊အဖူးစောဟန်တာသာမွှေး၊ဗိုလ်မှူးအောင်စိန်တို့မှ ကရင်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သော ကရင်ပြည်အရေးကိုတင်ပြထားပြီဖြစ်ကြောင်း နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲထားပြီး စစ်ဖြစ်ရသည့်အကြောင်းကို ဖြေရှင်းရန်သာလက်ခံနိုင်မည်။ လက်နက်ချခြင်းကိုလက်မခံနိုင်ကြောင်း ဆုံးဖြတ်ကြပြီး၁၉၄၉ဧပြီလ (၈)ရက်နေ့တွင် ရန်ကုန်ဖ.ဆ.ပ.လအစိုးရထံ အဖူးစောဟန်တာသာမွှေး၊ အင်းစိန်စစ်မြေပြင်စစ်ဆင်ရေးမှူးဗိုလ်မှူးအောင်စိန်တို့ လက်မှတ်ရေးထိုးပြန်ကြားလိုက်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး အင်းစိန်တိုက်ပွဲလည်းဆက်လက်ဖြစ်ပွားခဲ့သည်။

            ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ ရန်ကုန်ဆိပ်ကမ်းတွင် အိန္ဒိယမှသင်္ဘောနှစ်စင်း စစ်လက်နက်အပြည့်အစုံဖြင့် ရောက်ရှိခဲ့သည်။သို့သော်တိုင်းပြည်ကို သတင်းအမှောင်ချထားပြီး ပါလာသည့်ရှင်သာရိပုတ္ထရာနှင့်ရှင်မောဂ္ဂလန်တို့၏ ဓာတ်တော်ကိုဗန်းပြပြီး သမ္မတစပ်ရွှေသိုက်မှ ဓာတ်တော်များကိုပင့်ဆောင်ပြီး ရွှေတိဂုံဓာတ်တော်တိုက်တွင် အပူဇော်ခံကိန်းဝပ်စေခဲ့သည်။ ဖ.ဆ.ပ.လအစိုးရကို အင်္ဂလိပ်ဝန်ကြီးချုပ်ချာချီမှ အင်းတော်၊အင်းလေး၊အင်းယား၊အင်းမ၊စစ်ရေယာဉ်(၄)စင်းကူညီခဲ့သည်။ အမေရိကန်သမ္မတထရူးမင်းကလည်းဖ.ဆ.ပ.လကိုဒေါ်လာ(၁၀)သန်းကူညီခဲ့သည်။

            ဗိုလ်ချုပ်စမစ်ဒွန်းနေရာတွင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသော ဗိုလ်ချုပ်ကြီးနေဝင်းသည်၁၉၄၉၊ဇူလိုင်-သြဂုတ်လလောက်တွင် ဗမာပြည်၏ပထမဦးဆုံး စစ်မစ်ရှင်ဖြင့် ဗြိတိန်နှင့်အမေရိကန်သွားရောက်၍ စစ်လက်နက်ပစ္စည်းအမြောက်အမြားဝယ်ယူခဲ့သည်။ ပြည်တွင်းစစ်အရှိန်ကို များစွာယုတ်လျော့ကျဆင်းစေသည့် သံချပ်ကာယာဉ်အစီး(၂၀၀)ကိုလည်းဝယ်ယူခဲ့သည်။

            ၁၉၄၉၊မေလ (၂၂)တွင် ကရင့်တော်လှန်ရေးခေါင်ဆောင်များသည် အင်းစိန်တစ်ဖက်ကမ်း လှိုင်မြစ်ကိုဖြတ်ကူးစဉ်၁၉၄၉၊ဇန်နဝါရီလ (၃၁)မှလေ(၂၂)အထိအင်းစိန်တိုက်ပွဲသည် ရက်ပေါင်း(၁၁၁)ရက်ကြာခဲ့သည်။ ထန်းတပင်မြို့နယ်၊ကြာအင်းဇောင်းရွာတွင်အစည်းအဝေးပြုလုပ်ကြပြီး ဥက္ကဋ္ဌစောဘဦးကြီး၊ကေအဲန်ဒီအိုဗိုလ်ချုပ်စိုင်းခေ၊လူငယ်တာဝန်ခံစကောမောလေးတို့မှ အရှေ့ကော်သူးလေ(တောင်ငူ)သို့ သွားရောက်တာဝန်ယူရန်နှင့် မန်းဘဇန်နှင့်အဖူးစောဟန်တာသာမွှေးတို့ အားမြစ်ဝကျွန်းပေါ်ကို တာဝန်ယူရန်တာဝန်ခွဲကြသည်။

အရှေ့ကော်သူးလေကို တာဝန်ယူရန်သွားကြရာတွင်လမ်းခရီး၌ လူငယ်တာဝန်ခံစကောမောလေး ကျဆုံးခဲ့ပြီး ၁၉၅၀ခုနှစ်၊ဩဂုတ်လ (၁၂)ရက်နေ့တွင်ဥက္ကဋ္ဌစောဘဦးကြီးနှင့် ဗိုလ်စိုင်းခေတို့ကျဆုံးပြန်ရာ ကရင့်တော်လှန်ရေးသည်လည်း မန်းဘဇန်နှင့် အဖူးစောဟန်တာသာမွှေးတို့နှစ်ဦး၏ ပုခုံးပေါ်တွင်လုံးလုံးကျရောက်တော့သည်။ ကရင်တော်လှန်ရေး၏ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး (၁၉၅၃)ခုနှစ်၊ဇွန်လ(၉)ရက်နေ့-၀ါးခယ်မမြို့နယ်ပါးရိုက်သောင်တန်း(ပရိုက်ဟုအသံထွက်သည်) ကျေးရွာတွင် ကေအဲန်ယူကွန်ဖရင့်တစ်ခုကိုကျင်းပပြီး စစ်ရေး၊ နိုင်ငံရေး လမ်းစဉ်သစ်တစ်ခုကို မန်းဘဇန်နှင့်အဖူးစောဟန်တာသာမွှေးတို့က ကရင့်တော်လှန်ရေးကိုဆက်လက်ဦးဆောင်ခဲ့သည်။

ကေအဲန်ယူကိုလည်း ကေအဲန်ယူပါတီဟုအမည်ပြောင်းလိုက်ပြီး ၎င်းစစ်ရေး၊နိုင်ငံရေးလမ်းစဉ်ကိုလည်း ကရင်တော်လှန်ရေးဒုတိယလမ်းစဉ်ဟု အမည်သတ်မှတ်ခဲ့ပြီး ပါးရိုက်သောင်တန်းရွာတွင်ကျင်းပခဲ့သည့် ကွန်ဖရင့်ကိုဝိန့်ထောင်ကွန်ဖရင့်(ရွှေမြို့တော်ကွန်ဖရင့်)ဟု အမည်ပေးခဲ့သည်။ ၎င်းဒုတိယလမ်းစဉ်ကို ၁၉၅၃ခုမှစတင်၍ ဧရာဝတီတိုင်းတွင်ကျင့်သုံးခဲ့ပြီး ၁၉၅၅ခုတွင်အဖူးစောဟန်တာသာမွှေးမှ အရှေ့ကော်သူးလေတိုင်းသို့သွားရောက်ချပြကျင့်သုံးခဲ့သည်။

            ၁၉၆၃၊ဇွန်လ (၁၁)ရက်နေ့သို့ရောက်သောအခါ ဗိုလ်နေဝင်းအစိုးရသည် တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမအောင်မြင်ပါက လာသည့်နေ့ရာအထိပြန်ပို့ပေးမည်ဖြစ်ပြီး(၇)ရက်အတွင်း ပစ်ခတ်တိုက်ခိုက်ခြင်းမပြုလုပ်ပါဟူသောကတိကိုလည်း ကြေညာခဲ့သည်။၁၉၆၃ဧပြီလ (၂၀)ရက်နေ့ ကဆောဝါးညီလာခံတွင် အဖူးစောဟန်တာသာမွှေးသည် သူကိုယ်တိုင်ပါ၀င်ချမှတ်ခဲ့သည့် ကရင့်တော်လှန်ရေး၏ ဒုတိယလမ်းစဉ်နှင့် ဆန့်ကျင်သည့်အဆိုတစ်ခုကို တင်သွင်းခဲ့သည်။ ညီလာခံတွင်အများစုကလက်မခံသည့်အခါ နောက်လိုက်(၁၀)ဦးနှင့် အတူညီလာခံမှခွဲထွက်ခဲ့သည်။

အဖူးတို့အဖွဲ့သည် ဗိုလ်နေဝင်းအစိုးရနှင့်ငြိမ်းချမ်းရေးသွားရောက်ဆွေးနွေးခဲ့ပြီး ၁၉၆၄ခု၊မတ်လ(၁၂)ရက်နေ့တွင် ဗိုလ်နေဝင်းထံအညံ့ခံလိုက်သည်။ ထိုသို့အညံ့ခံပြီး ဗိုလ်နေဝင်းစစ်တပ်နှင့်ပူးပေါင်းပြီး ကရင့်တော်လှန်ရေးစခန်းဖြစ်သော ခေးပူနှင့်ခူမူဒဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးစခန်းမှ (၁၃)ဦးကျဆုံးခဲ့ရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွင် အဖူးစောဟန်တာသာမွှေးနှင့် လူကြီးများကို ဗိုလ်နေဝင်းအစိုးရက ရန်ကုန်ကုန်းမြင့်သာတွင်နေရာပေးထားသည်။

တပ်မဟာ(၅) တပ်မဟာမှူးဗိုလ်လင်းထင်သည် ကုန်းမြင့်တွင်အမြဲမနေဘဲ သထုံဆက်ဆံရေးရုံးနှင့် တပ်မဟာ(၅)ဌာနချုပ်မြစ်ကျိုးနေရာတွင်သာ နေလေ့ရှိသည်။ အဖူးနဲ့ဗိုလ်နေဝင်းငြိမ်းချမ်းရေးဆွေးနွေးမှုကို ဗိုလ်လင်းထင်ယုံကြည်မှုမရှိဖြစ်လာသည့်အခါ တောထဲပြန်သွားဖို့အစီအစဉ်ရှိခဲ့သည်။ ၎င်းအစီအစဉ်ကို ဗိုလ်လင်းထင်လက်အောက် တပ်ရင်းမှူးဗိုလ်မှူးကြီးမိုးဇက်၊ ဒုဗိုလ်မှူးကြီးကြီးရွှေတို့က ဗိုလ်နေဝင်းတပ်ကိုသတင်းပေးခဲ့သည်။ ၁၉၆၅၊စက်တင်ဘာလ (၂၈)ရက်နေ့ညတွင်သထုံ၊ ကျုံးကြီးလမ်းရှိဒေါက်တာစောဟိန်နေအိမ်သို့ ထမင်းသွားရောက်စားသောက်စဉ် သထုံစစ်တပ်မှဝင်ရောက်ဖမ်းဆီးပြီး သေနတ်ဖြင့်ပစ်သတ်လိုက်သည်။ ၎င်းသတင်းကိုလည်းအမှောင်ချထားလိုက်သည်(ဒေါက်တာစောဟိန်၏ဇနီးနော်ဒေါရစ်သည် အဖူးနောက်ပါသွားသည့်တပ်မဟာ(၃) တပ်မဟာမှူးဗိုလ်ထရူးမင်း၏နှမဖြစ်သည်)။

ဗိုလ်လင်းထင်နှင့် ပတ်သက်သည့်၎င်း၏ ကိုယ်ရေးအရာရှိစောဂျူးအပါအဝင်ဗိုလ်ပြူး-ဗိုလ်မှူးကြီးဖားလူကျော်၊ဗိုလ်မှူးဝေထူး(ဗိုလ်စိုင်းခေသား)၊ဗိုလ်မှူးဂေါ်ဖရီဒုဗိုလ်မှူးကြီးဖဲယားကလေး၊ဗိုလ်ဘခက်၊ခွန်ဘဆွေ၊ ပဒိုဘွိုင်း၊ ဗိုလ်မှူးမိုးဝေတို့ကို မော်လမြိုင်ထောင်ပို့၍ အကျဉ်းချထားလိုက်ကြသည်။ အဖူးစောဟန်တာသာမွှေးနောက်ကို မယုံကြည်ကြသည့် နောက်လိုက်အများအပြား ကရင့်တော်လှန်ရေးသို့ပြန်လည်ခိုဝင်ကြသည်။

            အဲဒီနောက် အဖူးစောဟန်တာသာမွှေးကို ပညာရေးသုတေသနဗျူရိုမှာ အထူးအရာရှိ ပဒိုဘထွန်းကိုကရင်ပြည်နယ်အစိုးရပညာရေးတာဝန်ခံ ဗိုလ်မှူးကြီးမိုးဇက်ကိုဘီးလင်းပါတီယူနစ်ဥက္ကဋ္ဌ၊ ဒုဗိုလ်မှူးကြီးကြီးရွှေကိုကျိုက်ထိုပါတီယူနစ်အတွင်းရေးမှူး၊ ဗိုလ်မှူးကြီးထရူးမင်းကိုဦးထွန်းလင်းနာမည်နဲ့တောင်ငူပါတီယူနစ်ဥက္ကဋ္ဌ၊ ဒုဗိုလ်မှူးကြီးစောမောင်ဝင်းကို မော်လမြိုင်ထောင်မှထုတ်ပြီးသထုံပါတီယူနစ်ဥက္ကဋ္ဌရာထူးတွေနဲ့ဗိုလ်နေဝင်းရဲ့ မ.ဆ.လပါတီက သူကောင်းပြုခဲ့ကြတယ်။ ကေအဲန်ဒီအိုဗိုလ်ချုပ် အဖူးစောအုန်းဖေကိုတော့ ဗိုလ်လင်းထင်ကိစ္စသတင်းမပို့ဘဲ တာဝန်ရှိသူအဖြစ် ဘာမှသူကောင်းမပြုသော်လည်း အရေးမယူခဲ့ဘူး။ သူ့သားဖြစ်သူဗိုလ်လင်းထင်၏ ကိုယ်ရေးအရာရှိကိုသာ မော်လမြိုင်ထောင်ထဲပို့ခဲ့သည်။

            အဖူးစောဟန်တာသာမွှေးသည် ဗိုလ်နေဝင်း၏မ.ဆ.လလမ်းစဉ်သည် ကရင်ပြည်သူနှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်က အာမခံချက်မပေးနိုင်တော့ကြောင်း မိမိငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့မိခြင်းသည် လက်နက်ချခြင်းသဘောသာသက်ရောက်ကြောင်း သိလာခဲ့ရသည့်အခါ အင်းစိန်၊တောင်သူကုန်းဘုရားဝတ်ပြုကျောင်းတွင် စောဘဦးကြီးနှင့် အတူအင်းစိန်တိုက်ပွဲမှဆုတ်ခွါ၍ ရန်ကုန်လှိုင်မြစ်တစ်ဖက်ကမ်းသို့ကူးခဲ့သည့်အကြောင်းကို လွမ်းမောဖွယ်ရာပြန်လည်ပြောပြရင်း̏ ဘုရားကျောင်းနံရံတွေမှာသာစောဘဦးကြီးရဲ့ဝိညာဉ်တွေသာရှိနေရင်ကျုပ်ကိုဟားတိုက်ရယ်မောမှာ˝ဟူသော နောင်တစကားလား-၀မ်းနည်းစကားလား(စာရေးသူမဝေခွဲနိုင်သော) စကားကိုပြောခဲ့သည်။

နောက်ပိုင်းတွင်ဗိုလ်ချုပ်မြက အထူးဆက်သားလွှတ်၍ အဖူးစောဟန်တာသာမွှေးနှင့် အဖူးဗိုလ်ချုပ်စောအုန်းဖေကို ကရင့်တော်လှန်ရေးကမ္ဘာမှာ ရှိသေးတယ်ဆိုတာကိုပြချင်လို့ ကရင့်တော်လှန်ရေးဆီကိုပြန်လာဖို့ စကားကမ်းလှမ်းခဲ့တယ်။ အဖူးစောဟန်တာသာမွှေးနှင့် အဖူးစောအုန်းဖေလည်း အသက်အရွယ်နှင့်ကျန်းမာရေးကြောင့် မသွားနိုင်တော့ကြောင်း အဖူးစောအုန်းဖေ၏သား (ကိုစောဂျူးသထုံမှစာရေးသူအားပြောပြခဲ့ဘူးသည်။) အဖူးစောအုန်းဖေသည်အသက်(၈၃)နှစ်အရွယ်အမှတ်(၆၈) မော်လမြိုင်၊အထက်လမ်းနေအိမ်တွင် လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့သည်။ အဖူးစောဟန်တာသာမွှေးသည် ဆီးချိုရောဂါဖြင့်အသက်(၇၀)နှစ်အရွယ်တွင် မည်သူ့ထောက်ပ့ံမှုမှမရဘဲ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် မိမိစရိတ်ဖြင့်သာဆေးဝါးကုသခံရင်း နောက်ဆုံးအင်းစိန်ကြို့ကုန်းနေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။

            သို့သော်အဖူး၏နောက်ဆုံးစကားဖြစ်သော-

̏စောဘဦးကြီး၏ဝိညာဉ်တွေသာ ဘုရားကျောင်းနံရံမှာရှိနေရင် ကျုပ်ကိုဟားတိုက်ရယ်မောမှာပဲ˝ ဆိုသောစကားကို အားလုံးကြားနိုင်ကြပါစေလို့သာစာရေးသူဆန္ဒပြုချင်ပါသည်။  မှတ်ချက် စောဘဦးကြီးနဲ့ စောဟန်တာသာမွှေးတို့ နှစ်ပုံတည်း တင်ချင်းလည်း ရတယ်။ သို့သော် မျက်နှာချင်းဆိုင်ပေးလိုက်ပါ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...