ဒီစကားကိုပြောသူကကရင်ပြည်နယ်၊ဖားအံမြို့နယ်မှာရှိတဲ့တန်(၄,၀၀၀)မြိုင်ကလေးဘိလပ်မြေစက်ရုံ ကိုကျောက်မီးသွေးလောင်စာနဲ့ပြန် လည်အသုံးပြုဖို့ စိုးရိမ်နေရှာတဲ့ ဒေသခံတစ်ဦးပဲဖြစ်ပါတယ်။
အဲဒီစက်ရုံကို ကျောက်မီးသွေးလောင်စာနဲ့ ပြန်လည်အသုံးပြုသွားဖို့ စက်ရုံတာဝန်ရှိသူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံပြည်သူတွေကို မြိုင်ကလေးဘိလပ်မြေစက်ရုံဝင်းထဲက သီရိရတနာခန်းမဆောင်မှာ ပြီးခဲ့တဲ့စက်တင်ဘာလ၁၇ရက်နေ့ ကခေါ်ယူ အသိပေးပြောကြပြီးနောက်ပိုင်း ဒေသခံတွေက အခုလိုစိုးရိမ်မှုတွေစတင်ဖြစ်ပေါ်လာရတာပါ။
ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်လုပ်တာက ကုန်ကျစရိတ် အလွန်သက်သာပေမယ့် ရရှိလာမယ့် ဆိုးကျိုးတွေကိုတော့ ရင်ဆိုင်ကြံုတွေ့ရမှာဖြစ်ပါတယ်။ ကျောက်မီးသွေးကို အသုံးပြုပြီးဆိုရင်(၁)ကာဘွန်ဒိုင်အောက်ဆိုက်(၂) ဆာလဖာဒိုင်အောက်ဆိုက်(၃)နိုက်ထရိုဂျင်အောက်ဆိုက်(၄) Fly Ash လို့ခေါ်တဲ့ အဆိပ်ပြာမှုန်တွေ အမြဲလွှင့်ထုတ်နေပါလိမ့်မယ်။ အဆိပ်ပြာမှုန်တွေဟာ အနီးအဝေးမှာရှိတဲ့ လယ်ယာ၊ အင်းအိုင်ထဲနဲ့ သောက်ရေကန်တွေကိုစိမ့်ဝင်သွားမှာဖြစ်တယ်။အဲဒီရေကို သောက်သုံးသူတိုင်းက မျိုးဆက် အလိုက် ဆင့်ကာဆင့်ကာ ကပ်ရောဂါဆိုးမျိုးစုံနဲ့ ဆက်တိုက် ခံစားစေရမှာ အသေအချာဖြစ်တယ်လုုိ့ ပညာရှင်တွေက ဆိုပါတယ်။
အဲဒီအပြင် အစဉ်မြဲထွက်နေမယ့် အက်စစ်ဓာတ်ငွေ့တွေဟာ လေထုညစ်ညမ်းမှုတွေ၊ အုံ့ဆိုင်းမှုန်မှိုင်းခြင်းတွေကို ဖြစ်စေပါတယ်။ အက်စစ်ငွေ့တွေဟာ မိုးရေနဲ့တွေ့တဲ့အခါမှာ အက်စစ်ပျော်ရည်ပျော့ဖြစ်သွားပြီး အဆိပ်မှုန်တွေရရှိပြီးသားသောက်ရေကန်တွေမှာ အက်ဆစ်မိုးတွေကို ပြန်လည်ရွာသွန်းပါတယ်။ အက်စစ်ပျော့ဟာ အလွန်အစွမ်းထက်ပြီးတော့ သက်ရှိတွေမက ရုပ်ဝတ္ထု အဆောက်အဦးပါ ပျက်စီးစေပါတယ်လို့ ဆိုပါတယ်။
ကျောက်မီးသွေးကြောင့် ရရှိလာမယ့် ရောဂါတွေကအသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ မွေးလာတဲ့ကလေး ဉာဏ်ရည်မပြည့်တာ၊ ကိုယ်ကာယ မဖွံ့ဖြိုးတာတွေ ဖြစ်တတ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ တီကျစ်မှာဆိုရင် အသုံးမပြုဘဲ စုပုံထားတဲ့ ကျောက်မီးသွေးတွေက ထွက်ရှိတဲ့ အာဆင်းနစ်(စိန်ဖြူ)ကြောင့် စက်ရုံတည်နေရာရဲ့ ငါးမိုင်ပတ်ဝန်းကျင်က လူ(၁၀၀၀)ကျော်ဟာ အသက်အန္တရာယ်ရှိလာနိုင်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ Lampangခရိုင်မှာရှိတဲ့ မယ်မော (Mae Moh )ဟာ ၁၉၇၈ခုနှစ်က ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစတင်လည်ပတ်ခဲ့ပြီး အဲဒီကထွက်ရှိတဲ့ မီးခိုးပြာကြောင့် ၁၉၉၆ခုနှစ်မှာ ဒေသခံ ၆ဦး သွေးအဆိပ်သင့် သေဆုံးပြီး အဆိပ်သင့်သူ ၈,၀၀၀ ကို ဆေးစစ်ရာမှာ ၃,၅၀၀ဦးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားနေရကြောင်း တွေ့ရှိရလို့ ဒေသခံတွေက အစိုးရကို တရားစွဲဆိုခဲ့တာတွေ သာဓက ရှိခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့်မြစ်ချောင်းများ စောင့်ကြည့်သူ စောသာဘိုးက“ကျောက်မီးသွေးနဲ့အသုံးပြုမယ်ဆိုရင် ကုန်ကျစရိတ်နည်းတာတော့ မှန်ပါတယ်။ရေရှည်အရတော့ ဆိုးကျိုးကပိုများနေပါတယ်။ မြိုင်ကလေးဘိလပ်မြေစက်ရုံက သဘာဝဓာတ်ငွေ့လည်ပတ်ခဲ့တယ်။ အဲလိုပဲ လည်ပတ်စေချင်တယ်။ ဓာတ်ငွေ့တွေက သူများနိုင်ငံမှာရောင်းမယ့်အစား ကိုယ့်နိုင်ငံမှာ လိုအပ်တဲ့နေရာတွေမှာသုံးရင် ပိုကောင်းလိမ့်မယ်”လို့ အကြံပြုပါတယ်။
ဒီမြိုင်ကလေးဘိလပ်မြေစက်ရုံဟာ အရင်စစ်အစိုးရက၁၉၉၆-၉၇ခုနှစ်မှာ အဲဒီဒေသကျေးရွာ၄ရွာက လယ်ယာမြေဧကပေါင်း၁၀၀၀ကျော်ကို ဒေသခံတွေဆီက အတင်းအဓမ္မသိမ်းယူခဲ့ပြီး လာရောက်တည်ဆောက်လည်ပတ်ခဲ့တဲ့ ဘိလပ်မြေစက်ရုံဖြစ်ပါတယ်။
အဲဒီသိမ်းယူထားတဲ့ မြေယာများနဲ့ပြောင်းရွေ့ခံရတဲ့ကျေးရွာတွေအတွက် ဦးသိန်းစိန်အစိုးရလက်ထက်မှအခု NLD အစိုးရလက်ထဲအထိ ဘာတခုမှနစ်နာကြေး၊ လျော်ကြေးမရရှိခဲ့သေးပါဘူး။ ဒါ့အပြင်စက်ရုံကထွက်ရှိလာတဲ့ ဘိလပ်မြေအမှုန်အမွှားတွေကို အနီးအနားရွာပေါင်း၂၀ကျော်တို့က နေ့စဉ်နဲ့အမျှရှူရှိုက်ခံစားနေကြရပါတယ်။
“စက်ရုံလာဆောက်တုန်းက တာဝန်ရှိသူတွေကလျှပ်စစ်မီးပေးမယ်။ လမ်းလုပ်ပေးမယ်။နှုတ်ကတိတွေပြောသွားပြီးတော့ ပြောင်းရွှေ့ခံရတဲ့လူထုတွေက အခုထိမြေယာလျော်ကြေးတောင် မရကြသေးဘူး။ဒီတစ်ခါလာပြန်ပြီး ကျောက်မီးသွေးနဲ့ပြန်လည်မယ်လို့တော့ စက်ရုံတာဝန်ရှိသူတွေကပြောတယ်။ အန္တရာယ်မရှိဘူးလို့လည်းပြောတယ်။ ဒီကိစ္စကိုဘယ်သူက တာဝန်ယူ၊တာဝန်ခံမလဲ။အရင်လိုနှုတ်ကတိနဲ့ ဆိုကျနော်တို့လက်မခံဘူး”လို့ ကျောက်မီးသွေးအသုံးပြုမယ်အပေါ် မြိုင်ကလေးရွာခံ မန်းကျော်ထက်ခိုင်က မှတ်ချက်ပြုပြောဆိုပါတယ်။
မြိုင်ကလေးတန်(၄,၀၀၀)ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးနဲ့ ပြန်လည်အသုံးပြုဖို့ ကိစ္စပတ်သက်ပြီး ပြီးခဲ့တဲ့၂၀၁၆ခုနှစ်စက်တင်ဘာလ ၁ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောသန်းထွဋ်နဲ့ အင်ဂျင်နီယာအဖွဲ့၊မြို့နယ်အုပ်ချုပ်မှူးအဖွဲ့တို့က စက်ရုံမှာ ကျောက်မီးသွေးလောင်စာတွေ ထားရှိမယ့်နေရာကို သွားရောက်လေ့လာကြည့်ရှူခဲ့မှုတွေရှိပါတယ်။
အဲဒီသွားရောက်လေ့လာမှုနဲ့ပတ်သက်ပြီးပြည်သူ့လွှတ်တော်နန်းသန်းသန်းလွင်က “ဒီစီမံချက်တွေအစိုးရရဲ့ခွင့်ပြုချက်တွေတင် ထားပြီးလား၊ရထားပြီးလားမေးတော့ စက်ရုံတာဝန်ရှိသူတွေက ဘာမှမတင်ထားရသေးဘူးလို့ပြောတယ်။ ဒီလိုလုပ်ငန်းစဉ်စီမံချက်ရှိတယ်လို့တော့ သူတို့ကကျမတို့ကိုရှင်းပြတာပဲရှိပါသေးတယ်။ကျောက်မီးသွေးပြန်လည်အသုံးပြုရင် ဘယ်လိုကုန်ကျစရိတ်သက်သာကြောင်း သူတို့ကပြောပြတယ်။ ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေဘယ်လိုရှိသလဲဆိုတာတော့ သူတို့မရှင်းပြဘူး။ ပြည်သူတွေအကျိုးမရှိရင် ပြည်သူတွေကန့်ကွက်ရင် ကျမတို့ကခွင့်ပြုပေးဖို့ကတော့မဖြစ်နိုင်ဘူး”လို့ပြောပါတယ်။
အဲ့ဒီစက်ရုံကို ကျောက်မီးသွေးလောင်စာနဲ့ ပြန်လည်အသုံးပြုမယ်ဆိုရင် လူမှုဘဝနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိလာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေက စိုးရိမ်မကင်းဖြစ်နေကြရပါတယ်။ ရွာပေါင်း၂၇ရွာမှာရှိကြတဲ့ လူဦးရေ၂၉၅၅ဦးခန့်က အဲဒီအစီအစဉ်ကို ကန့်ကွက်တယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့စက်တင်ဘာလ၃၀ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၀န်ကြီးချုပ်ရုံးမှာ ကန့်ကွက်စာတင်ခဲ့ကြပါတယ်။
ဒီစက်ရုံကို ကျောက်မီးသွေးနဲ့ ပြန်လည်အသုံးပြုမယ်ဆိုရင် အနာဂတ်မျိုးဆက်လူငယ်တွေရဲ့ အသက်အန္တရာယ်၊ သဘာဝပတ်ဝန်းကျင်အရေးကိစ္စတွေ အတွက်စိုးရိမ်စရာဖြစ်ပြီး ရရှိလာမယ့်ဆိုးကျိုးတွေအတွက် တာဝန်ယူ၊တာဝန်ခံမှုကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကို တိတိကျကျမသိရသေးတဲ့အတွက်ကြောင့် အခုလိုဒေသခံတွေက ကန့်ကွက်ရတာဖြစ်တယ်လို့ုလည်း မြိုင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးခွန်စိုးနိုင်က ပြောပါတယ်။
သူက“ဒေသခံတွေကအားလုံးမကြိုက်ကြဘူး။ဘာကြောင့်လဲဆိုတော့ဒီစက်ရုံကတာဝန်ရှိတဲ့သူတွေကအချိန်တန်ရင်ပြောင်းသွားကြတယ်။အရင်လူတွေလုပ်လာခဲ့တဲ့အရာတွေကို နောက်ပြန်လာတဲ့ဝန်ထမ်းတွေမသိတော့ဘူးလေ။ ဒီလိုပဲကျနော်တို့ဒေသခံတွေက ခံလာခဲ့ရတယ်။ နောင်လာမယ့်မျိုးဆက်တွေအတွက် အန္တရာယ်အလွန်များနေလို့ ကျနော်တို့ကန့်ကွက်သွားမှာဖြစ်တယ်”လို့ သူ့ရဲ့ဆန္ဒကိုပြောပြပါတယ်။
ဒီဘိလပ်မြေစက်ရုံကြောင့် အရင်အစိုးရအဆက်ဆက်က သိမ်းယူထားခဲ့တဲ့ မြေယာပြဿနာတွေ၊ စက်ရုံကထွက်ရှိလာတဲ့ အမှုန်အမွှားတွေကို အခုအချိန်ထိဖြေရှင်းမှု တစုံတရာလုပ်ဆောင်တာမရှိသေးဘဲ ကျောက်မီးသွေးလောင်စာကို ပြန်လည်အသုံးပြုမယ်ဆိုရင် လက်ရှိနေထိုင်ကြသူဒေသခံတွေနဲ့ နောင်မျိုးဆက်တွေအတွက်ကတော့ နှစ်ထပ်ကွမ်း ဒုက္ခဆိုးကျိုးတွေကို ရင်ဝယ်ပိုက်ခံစားရဖွယ် အလားအလာရှိနေတယ်ဆိုတာဧကန်မလွဲပါပဲ။







