စစ်ကြောင့်ပျက်စီးသွားတဲ့နိဗ္ဗာန်ဘုံ

စစ်ကြောင့်ပျက်စီးသွားတဲ့နိဗ္ဗာန်ဘုံ
by -
စောသိန်းမြင့်/ ကေအိုင်စီ
တောင်တန်းတွေနဲ့ ၀န်းရံထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုုင်း၊ ကျောက်မဲမြို့ရဲ့ညနေစောင်း။ မှောင်ရီပျိုးစမှုန်မှုန်ဝါးဝါးအောက်မှာ ခြံဝိုုင်းတစ်ခုုထဲတစ်ထပ်တိုက်ပုဘေးနားကပ်လျက်က အကာဝါးထရံ၊ အမိုုးသွပ်နဲ့မိုးထားတဲ့အလျား၊ အနံရပေ၊ ၈ပေကျယ်တဲ့ တဲပုလေးတစ်လုံးရဲ့ အခန်းကျဉ်းလေးထဲမှာ ပဲပြုတ်ရောင်းတဲ့အမျိုးသမီးကြီးတစ်ယောက်က သူမရဲ့ဘဝဇာတ်ကြောင်းကို ညှိုးနွမ်းအားငယ်နေတဲ့မျက်နှာနဲ့ ခပ်တိုုးတိုုးရှင်းပြနေတယ်။

မီးဖိုပေါ်တည်ထားတဲ့ ပဲပြုတ်အိုးကို ထပ်ခါတလဲလဲမွှေရင်းခါးသီးလှတဲ့ သူတို့ရဲ့မိသားစုဘဝအတွေ့အကြံုတွေကို စက်တင်ဘာ တတိယပတ်အတွင်းမှာသူမပြန်ပြောင်းပြောပြနေတာပါ။

“တိုက်ပွဲဖြစ်တာတစ်ညလုံးပဲ။ဗုံးကျင်းထဲမှာသွားနေရတာထမင်းတောင်မစားရဘူး။သုံးညသွားနေတယ်။တစ်ခါမှမကြံုဖူးဘူး။ ကြောက်တာပေါ့။အိမ်မီးလောင်တွေ့တော့သွေးတိုးတောင်ထတယ်။”လို့မျက်လွှာကိုအောက်ချပြီးစိတ်မကောင်းတဲ့လေသံနဲ့ပြောပြတယ်။

သူမကတော့ကျောက်မဲမြို့နဲ့မိုင်၄၀အကွာမှာရှိတဲ့ တော့ဆန်ကျေးရွာဇာတိသူ အသက်၅၂နှစ်အရွယ်နန်းခမ်းမြတ်ပါ။ ဒါပေမဲ့သူမမျက်နှာဟာ (ကျန်းမာရေးကြောင့်ထင်ပါရဲ့) ဖောပြီး အသက်ထက်ပိုအိုမင်းရင့်ရော်သယောင်ပါ။မီးလောင်သွားတဲ့ တော့ဆန်ကသူမရဲ့အိမ်ဟာသွပ်မုုိး၊ပျဉ်ကာ၊ပျဉ်ခင်း အခန်း၄ခန်းပါပြီးဆောက်ထားတာကလည်း၂နှစ်ပဲ ရှိသေးတယ်လို့နှမျော စိတ်နဲ့ပြောပြပါတယ်။

နန်းခမ်းမြတ်တိုု့မိသားစုုဟာ လက်ဖက်တောင်သူတွေအဖြစ် ၀င်ငွေအသင့်အတင့်နဲ့ တော့ဆန်မှာတိုုက်ပွဲတွေမဖြစ်ပွားခင်က အေးချမ်းပျော်ရွှင်စွာနေထိုုင်ခဲ့ကြပါတယ်။

“ရွာမှာနေတုန်းကတော့ဝင်ငွေရှိတယ်။လက်ဖက်ခူးတွေရော၊ပဲပြုပ်ရောင်းတာရော၊ခြံရမ်း(နောက်ထပ်စိုုက်ပျိုးရေးရာသီ အတွက်ပြင်ဆင်သည်) တွေကော အကုန်လုံးလုပ်တယ်။ တစ်ရက်ကိုနှစ်သောင်း၊သုံးသောင်းလောက်ဝင်တယ်။ အဆင်ပြေတယ်ပေါ့နော်။”တည်ထားတဲ့ ပဲပြုတ်အိုးလေးကိုငေးကြည့်ရင်း သာယာတဲ့သူမရဲ့အတိတ်ကဘဝကိုပြောပြပါတယ်။

KIC215

ဒါပေမဲ့သူမရဲ့ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုဘဝကို ဖျက်ဆီးပစ်လိုက်တာကတော့ ပြီးခဲ့တဲ့၂၀၁၆ခုနှစ်နှစ်ဆန်းပိုင်းတုန်း ကတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်( RCSS/SSA)တို့ အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။

အဲဒီတိုုက်ပွဲကြောင့်တော့ ဆန်ကအိမ်လည်းမီးရှို့ခံရ၊ ၀င်ငွေတွေရနေတဲ့ လက်ဖက်ခြံကိုုလည်းမစွန့်ချင်ဘဲ စွန့်ခွာခဲ့ရလို့ ကျောက်မဲမြို့ပေါ်စစ်ရှောင်တက်လာရင်း ၁၀နှစ်အရွယ်သားငယ်ရဲ့ ပညာရေးအတွက်၉ရပ်ကွက်က ဒီအိမ်ခန်းလေးကိုငှားရမ်းနေထိုင်ကာ နာမကျန်းတဲ့ခင်ပွန်းသည်နဲ့ နန်းခမ်းမြတ်နေနေရတယ်။

သူမတိုု့ငှားနေတဲ့သွပ်မိုး၊၀ါးထရံတဲလေးဟာ ၃ခန်းတွဲ၊ မိသားစုသုံးစုနေထိုုင်ကြပြီး၊ အခန်းကျဉ်းကျဉ်းလေးဆိုပေမဲ့ တစ်ခန်းအတွက် တစ်လကို ငှားရမ်းခကျပ်နှစ်သောင်းခွဲပေးကြရတယ်။ နန်းခမ်းမြတ်ဟာပဲပြုတ်၊ ပဲပုပ်၊မှိုပေါင်း၊မုံညင်းချဉ်၊မုံညင်းပေါင်းစတာတွေကိုုပြင် ဆင်ပြီး မြို့မှာတစ်ထုပ်တစ်ရာကျပ်စျေးနဲ့ မြို့ပေါ်ရပ်ကွက်တွေထဲ တလမ်းဝင်တလမ်းထွက်လှည့်ပတ်ရောင်းချပြီး မိသားစုဝမ်းရေးကိုဖြေရှင်းနေရတာပါ။

“မနက်၆နာရီထွက်၊ရောင်းကုန်ပြီးမှ ရှစ်နာရီ၊ကိုးနာရီအိမ်ပြန်ရောက်ပြီး ၈နာရီ၈နာရီခွဲမှာစျေးသွား၊ပစ္စည်းဝယ်တယ်။ အမျိုးမျိုးဝယ်ရတယ်လေ။နံနံပင်တွေရော၊ဘာတွေရော၊အကုန်းလုံးဝယ်ရတာ။အဆင်တော့သိပ်မပြေပါဘူး။တစ်နေ့လုပ်၊တစ်နေ့စားတောင်သိပ်မလောက်ဘူး။လေးငါးထောင်ပဲရတာ။”လို့ နန်းခမ်းမြတ်ကသူမရဲ့ တစ်ရက်တာလုပ်ဆောင်မှုတွေကို ပြောပြတယ်။

စစ်ကြောင့် ပျော်ရွှင်စရာမိသားစု နိဗ္ဗာန်ဘုံတွေဖျက်ဆီးခံနေရပြီး ကျောက်မဲမြို့မှာ စစ်ပြေးဘဝက ရွှေ့ပြောင်းအလုပ်သမားဘဝအဖြစ် နန်းခမ်းမြတ်မိသားစုလို လာရောက်နေထိုုင်ကြသူတွေ အရေအတွက်ထောင်ချီရှိပါတယ်။

၂၀၁၆ခုနှစ်ဆန်းပိုင်းကဖြစ်ပွားခဲ့တဲ့ RCSSနဲ့ TNLA အဖွဲ့အကြားတိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ရှမ်း၊ပလောင်ပြည်သူတွေဟာ နမ္မတူ၊သီပေါ၊ကွတ်ခုုိင်၊ မန်တုံနဲ့ကျောက်မဲမြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်းခဲ့ရပါတယ်။

လတ်တလောမှာ တိုက်ပွဲတွေလျော့နည်းသွားတဲ့အတွက် ရွာသားအများစုဟာ သူတိုု့ကျေးရွာတွေကိုု ပြန်လည်အခြေချနေ ထိုင်ကြပြီဖြစ်ပေမဲ့ အခု ကျောက်မဲမြို့တစ်မြို့တည်းမှာတင် စစ်ပြေးရှောင်ဒုက္ခသည်၁၀၀၀ခန့်ဟာ ရွှေ့ပြောင်းအလုပ် သမားအဖြစ်ပြန့်ကျဲနေထိုင်ကြဆဲပါ။

ဒီလိုုရွှေ့ပြောင်းနေထိုင်ကြတဲ့ မိသားစုတွေထဲမှာ ၀မ်းရေးအဆင်ပြေတဲ့လူတချို့ရှိပေမယ့် ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားနေတဲ့ မိသားစုတွေကအများစုဖြစ်ပါတယ်။

သူမတို့ရဲ့မိသားစုအကြောင်းကိုမေးမြန်းရင်း ညအမှောင်ကတဖြည်းဖြည်းတိုုးလာတော့ နန်းခမ်းမြတ်ကမီးခလုတ်ထဖွင့်လိုက်ပါတယ်။ “နှစ်သောင်းငါးထောင်ဆိုတော့ မီးတွေ၊ရေတွေရတယ်လေ။”လို့ မရွှင်တဲ့မျက်နှာနဲ့ပြောနေတာကိုမီးရောင် အောက်မှာမြင်နေရတယ်။ အခန်းကလျှပ်စစ်မီး၊ရေရပေမယ့်သူတို့မိသားစုအတွက် အဆင်ပြေတဲ့ပုံတော့ လုံးဝမတွေ့ရပါဘူး။

နန်းခမ်းမြတ်ရဲ့ခင်ပွန်းဖြစ်သူ၅၁နှစ်အရွယ်အဆုပ်ရောဂါသည် စိုင်းကျော်သိန်းက ဇနီးဖြစ်သူကို ဘာမှအကူအညီမပေးနိုင်တဲ့အတွက် ဇနီးကိုသနားပေမဲ့ ကံတရားအပေါ်မှာပဲသူပုံချထားပါတယ်။ “ဒီမှာကအလုပ်မရှိဘူး။သူ့ကိုလည်းသနားတယ်။ဘယ်တတ်နိုင်မလဲ။ကျန်းမာရေးလည်းမကောင်းဘူး။အဆုပ်(ရောဂါ)ပေါ့။ ရွာပဲပြန်ချင်တာ၊ဒီမှာက နေတော့သိပ်မပျော်ဘူး။နေရာလည်းကျဉ်းကျဉ်းလေးနဲ့” စိတ်မကောင်းတဲ့မျက်နှာနဲ့ ဇနီးဖြစ်သူကိုတစ်ချက်ကြည့်ပြီး စိုုင်းကျော်သိန်းက ပြောတယ်။

ပလောင်၊ရှမ်းတိုင်းရင်းသားများနေထိုင်ကြတဲ့ တော့ဆန်ရွာဆိုရင် စစ်မဖြစ်ခင်ကစည်ကားလှပေမဲ့ စစ်ဖြစ်ပြီးနောက် ရွာသားတွေ၊ကျောင်းနေ အရွယ်ကလေးသူငယ်တွေက မိမိဘဝလုံခြံုရာကျောက်မဲမြို့မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့အတွက် အခုဆိုရင်တော့ ဆန်ဟာအရင်ကလိုမစည်ကားတော့ပါ။

တော့ဆန်အထကကျောင်းခွဲကို ပြန်လည်ဖွင့်လှစ်နိုင်ပေမယ့် ကျောင်းတက်သူ ကျောင်းသားဦးရေ အနည်းငယ်သာရှိပါတော့တယ်။ တော့ဆန်ကျောင်းသူကျောင်းသားအများစုက ကျောက်မဲမြို့၊အောင်ဆုပန်၊မေတ္တာအိုးဝေ၊ကျားငါးကောင်တိုင်းရင်းဆေးတိုက်တွေ မှာခိုလှုံပြီး ပညာကိုဆည်းပူးနေရပါတယ်။

မေတ္တာအိုးဝေ တော့ဆန်ကျောင်းသား၊ကျောင်းသူများအဆောင်မှာ ပညာဆည်းပူးတဲ့နေတဲ့၁၅နှစ်အရွယ် ကျောင်းသူနန်းမြအေးက “၉တန်းမှာစာမေးပွဲဖြေခါနီးတစ်ရက်မှာ စစ်ဖြစ်တယ်။ သမီးတို့ပြေးရတယ်။ အခုကျောင်းကပြန်ဖွင့်ပေမယ့် တစ်တန်းကို သုံးလေးယောက်လောက်ပဲရှိတယ်။ သမီးတို့ကကြောက်တော့ ပြန်မတက်ရဲသေးဘူး”လို့ မေးမြန်းတာကိုရှက်ပြံုးပြုံး မျက်နှာနဲ့ဖြေပါတယ်။

မျက်နှာကပြံုးပြီးပြောပေမယ့် သူမရဲ့စိတ်ကတော့ ပျော်ရွှင်နေတဲ့ပုံမရှိပါ။ မိဘနဲ့ဝေးကွာပြီး ပညာလာသင်ကြားနေရတာရယ်၊ရွာမှာကျန်နေသေးတဲ့မိဘနှစ်ပါးနဲ့မောင်လေးကိုသတိရနေတဲ့ပုုံပါ။

“အဖေနဲ့အမေကိုသတိရတယ်။ဒါကြောင့်သီတင်းကျွတ်ရင်ရွာပြန်မယ်လို့စဉ်းစားထားတယ်”လို့ပြောပါတယ်။

နန်းခမ်းမြတ်တို့ မိသားစုကတော့ထွက်ပြေးပြီး နောက် လက်ရှိအချိန်အထိ နေရပ်မပြန်နိုုင်သေးပါဘူး။ “ပြေးလာကတည်းက တစ်ခါမှရွာကိုပြန်မရောက်ဘူး။ လက်ဖက်ခြံကျတော့ တခြားလူကိုလုပ်ခိုင်းလိုက်တာပဲ။ ဘယ်တတ်နိုင်မလဲ”လို့ သူမကပြောပါ တယ်။

ကျောက်မဲမြို့နယ်မှာ ပြန့်ကျဲနေထိုင်ပြီး ကျဘမ်းအလုပ်သမားဘဝနဲ့ ရပ်တည်နေရတဲ့ စစ်ရှောင်မိသားစုတွေအနက် ကျောက်မဲမြို့နယ်၊မန်ဆတ်ရွာသား ပလောင်တိုင်းရင်းသား မောင်လူတို့မိသားစုလည်း ပါ၀င်ပါတယ်။

မောင်လူကတော့ရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားတဲ့ သာဓကတွေရှိတဲ့အတွက် ရွာမှာဆက်ပြီးမနေရဲလို့ လွန်ခဲ့နှစ်ခုုနစ်လပိုင်းတုန်းက သူချက်မြှုပ်ထားတဲ့နေရာ၊ သူတန်ဘိုးထားတဲ့အိမ်၊ လယ်၊ခြံတွေကို ရာသက်ပန်စွန့်ခွာဖို့ စိတ်ပိုင်းဖြတ်ပြီး မိသားစုဝင်ရဦးနဲ့ အတူကျောက်မဲမြို့မှာ လာရောက်နေထိုင်ပြီး နေ့စားအလုုပ်သမား ဘဝနဲ့ ဖြတ်သန်းနေသူပါ။

“ကြောက်သွားတာပေါ့။ရွာမှာမနေရဲလိုု့ထွက်ပြေးလာတာပါ။”လိုု့မောင်လူက ပြောပါတယ်။

ပလောင်နဲ့ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲပဋိပက္ခကြောင့် စစ်ရှောင်လာတဲ့သူတွေဟာ စောစောပိုင်းကတော့ ထောက်ပံ့ရေးအကူအညီတွေကို အထိုက်အလျောက်ရရှိပေမဲ့ နောက်ပိုင်းကျတော့ အကူအညီတွေ လုံးဝရပ်တန့်သွားပါတယ်။

စစ်ရဲ့အနိဌာရုံ နောက်ဆက်တွဲကြောင့် ပလောင်နဲ့ ရှမ်းပြည်သူအချို့က ရွာမှာမနေရဲတော့ဘဲ သူတို့ရဲ့မိသားစု၊သူတို့အနာဂတ်ကြယ် ပွင့်ဖြစ်ကြတဲ့ သူတို့ရဲ့ ရင်သွေးငယ်လေးတွေကို ကျောက်မဲမြို့မှာ ပညာသင်စေပြီး သူတိုု့ကတော့ တိုင်းတစ်ပါးထွက်၊ မိသားစုဝမ်းရေးအတွက် အဖြေရှာကြတာလည်းရှိပါတယ်။ အများစုုကတော့ ကျောက်မဲမြို့မှာပဲ ရွှေ့ပြောင်းအလုပ်သမား အဖြစ်နဲ့နေထိုင်ကြပါတယ်။

ကျောက်မဲကိုု ထွက်ပြေးတိမ်းရှောင်လာသူတွေကို လက်ရှိမှာတော့ အချိန်ဝေးကွာလာတဲ့အတွက် စစ်ရှောင်ဒုက္ခသည်အဖြစ် သတ်မှတ်လို့မရတော့ဘူးလို့ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းခိုင်ကပြောပါတယ်။“ဒေတာ(အချက်အလက်)တွေမရှိ တဲ့အတွက်(စစ်ဘေးရှောင်တွေ) ရှိတယ်ဆိုတာ ကျနော်တို့ဘက်က သတ်မှတ်လို့မရပါဘူး။ ကျောင်းတက်ဖို့လိုုတဲ့ အချို့သောမိသားစုတွေပဲရှိတယ်။”လို့ စက်တင်ဘာလ၁၅ရက်နေ့မှာရဲမှူးကပြောပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့ စစ်ရေးပဋိပက္ခတွေကို ငြိမ်းသတ်နိုင်ဖို့ ပြီးခဲ့တဲ့အပတ်ကရှမ်း၊ ပလောင်တိုင်းရင်းသားခေါင်းဆောင်တွေအကြား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေရှိပေမဲ့လည်း နန်းခမ်းမြတ်တို့မိသားစုအပါအဝင် စစ်ရှောင်ပြည်သူတွေအတွက်ကတော့ နေရပ်ကိုအေးချမ်းစွာပြန်နေနိုင်ဖို့က အလှမ်းဝေးနေဆဲပါ။

ကျောက်မဲမြို့က တအာင်းအမျိုးသမီးအစည်းအရုံး(TWO)မှ လွေးဂျူးငယ်က“အဓိကငြိမ်းချမ်းရေးပါပဲ။ငြိမ်းချမ်းရေးရရှိမှဒါတွေပြေငြိမ်း သွားမယ်။ငြိမ်းချမ်းမှုမရှိရင်ဒါတွေဆက်ဖြစ်မှာပဲ”လို့ပြောပါတယ်။

စစ်ဘေးကြောင့်ပြေးလာသူတွေ၊မြို့တက်နေထိုုင်သူတွေအတွက် တကယ်လိုအပ်တာက မိမိနေရပ်ရင်းမှာအေးအေးချမ်းချမ်းနဲ့ပြန်လည် နေထိုင်နိုင်ဖို့ ပါလို့ ကျောက်မဲမြို့ကဇီဝိတလူမှုကယ်ဆယ်အရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကလည်း ပြောပါတယ်။

“စားဝတ်နေရေးကိစ္စကတော့ နေ့တဓူဝဖြေရှင်းရတဲ့ကိစ္စဖြစ်တယ်။ အဝတ်အထည်၊စားနပ်ရိက္ခာဆိုတာတွေကတော့ အခြေအနေတစ်ခုုပျက်ယွင်းသွားရင်လိုတာပါပဲ။တကယ်တမ်းလိုအပ်နေတာကတော့ ကိုယ့်အရပ်ဒေသမှာ အရင်လိုပြန်နေချင်တာပေါ့”လို့ သူကပြောပါတယ်။

နန်းခမ်းမြတ်တိုု့ဟာ ရွာကိုုပြန်ချင်နေကြပါတယ်။ မတတ်သာလုု့ိ တော့ဆန်ကနေခွာပြီး ကျောက်မဲမှာ နေနေရပေမယ့် သူတိုု့စိတ်ဟာ အခန်းလေးခန်းပါတဲ့ မီးလောင်သွားတဲ့အိမ်ခန်းလေးဒါမှမဟုုတ် အညွှန့်တလူလူနဲ့ လက်ဖက်ခင်းဟာ တခြားသူတွေအတွက် ဘာမှမဟုုတ်ရင်တောင်မှ သူတိုု့မိသားစုရဲ့ နိဗ္ဗာန်ဘုုံလေးပဲဖြစ်နိုုင်ဆိုတာကို စိုင်းကျော်သိန်းစကားက သက်သေပြနေပါတယ်။

“ဒီမှာတစ်ရက်တောင်မနေချင်တော့ဘူး။ရွာကိုပဲပြန်ချင်တယ်။”လို့ ညအမှောင်ထဲက ရပေ၊၈ပေအခန်းကျဉ်းထဲမှာ နေရတဲ့ စိုုင်းကျော်သိန်းပြောပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...