ကလေးငယ်များ လုံခြံုရဲ့လား

ကလေးငယ်များ လုံခြံုရဲ့လား
by -
အံ့မင်းညို ၊ဖိုးဝ / ဟင်္သာမီဒီယာ
ကလေးများ သည်နိုင်ငံ ၏ အနာဂတ် ဟုပြောဆို ကြလျှင် ။ကလေးသူငယ် များ ၏ လုံခြံုရေး ခြိမ်းခြောက် ခံနေရ ခြင်း သည် နိုင်ငံ အနာဂတ်ကိုခြိမ်းခြောက်ခြင်း ဟုဆိုနိုင်မည်။

ကလေးသူ ငယ်များ လုံခြံုရေး နှင့် ပတ်သက် ပြီး ခြိမ်းခြောက် ခံနေရ မှုများ နေ့စဉ် နှင့် အမျှ ကြား နေရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ကလေး သူငယ်များ ပျောက် ဆုံးနေခြင်း၊ အရွယ် မရောက်သေးတဲ့ ကလေးသူ ငယ်များ၊ လူကုန်ကူး ခံရ ခြင်း၊သက်ငယ် မုဒိမ်းပြုကျင့် ခံရခြင်း၊ လူမဆန်စွာ ရက်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း နဲ့ဓားထောက် အနုကြမ်း စီးပြန်ပေးဆွဲခြင်း တို့ စဉ်ဆက် မပြတ်ဖြစ် ပွားနေခြင်း များပါဝင်သည်။

ထိုသို့ မတရားအကြမ်းဖက်နှိပ်စက်ခံရခြင်း၊ မကောင်းမှု ဒုစရိုက် အန္တရာယ်ပေးခြိမ်းခြောက်ခံရသည့် ကလေး ငယ်များ အရွယ်နဲ့မမျှ သိရှိခံ ယူရလို့ စိတ်ပိုင်း ဆိုင်ရာ နာကျင်မှုတွေရရှိကာ အကြောက်တရားတွေများ ကြီးစိုးပြီး အနာဂတ်ရည် မှန်းချက် အလင်းရောင်များ မှေးမှိန်ပျောက်ကွယ် သွားနိုင်ကြောင်း ကလေးသူငယ် စောင့်ရှောက်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည့် အရပ်ဘက်အဖွဲ့စည်းများက သုံးသပ်ကြသည်။

လက်ရှိ အချိန်တွင် မွန်ပြည်နယ်တစ်ဝှမ်းရှိ ကလေးသူငယ်များ လူနေမှုဘဝ တိုးတက်ရေးအတွက် အစဉ် အမြဲအလေးအထားနေ သည့် မိခင်များအနေဖြင့်လည်း မိမိတို့၏ အနာဂတ် မျိုးဆက်သစ် ကလေးများ လူနေမှုဘဝ လုံခြံုမှု ရှိမရှိကို အစဉ်သတိထား စောင့်ကြည့် ရပေမည်။

ကလေးသူငယ်ဆိုင်ရာ ဥပဒေများ အားနည်းခြင်း ဥပဒေကို လိုက်နာဆောင်ရွက်သည့် လုပ်ငန်းစဉ်များအားနည်း ခြင်း၊ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းတို့က ကလေးသူငယ်များ၏ လူနေမှုဘဝ လုံခြံုရေးကို အဓိက စိန်ခေါ်နေကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

တစ်နည်းအားဖြင့် ကျောင်းနေရွယ် ကလေးများ ကျောင်းနေပျော်၍စာတော်ရမည် ဟူသော်လည်း တကယ့် လက်တွေ့ ဘဝတွင် ကလေးငယ်များသည် လဖက်ရည် ဆိုင်များတွင် စားပွဲထိုး အလုပ်ကို လုပ်ကိုင်နေရသည်ကို မြင့်တွေ့နေရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ မွန်ပြည်နယ်မှာ ဆိုရင်ဗျာ၊ကလေးတွေကို နိုင်ငံခြားပို့ပြီးတော့ အလုပ်လုပ်ခိုင်းတာတွေ၊များတယ်၊  လူကုန်ကူး ခံလိုက်ရတာတွေလည်းရှိတယ်၊ စက်လှေတွေ၊ အလုပ်ကြမ်းလုပ်ဖို့ ရောင်းစားတာတွေရှိတယ်၊အဲ့တော့ ကလေးတွေကို အဲ့လိုမ လုပ်ဖို့ လုံခြံုရေးအပိုင်းကို ဘယ်လိုတာဝန်ယူမလဲ၊ဖြစ်လာတဲ့ ကိစ္စတွေကိုလည်းထိရောက်စွာ အရေးယူပေးဖို့လိုတယ်”ဟု ဆိုသည်။

ကလေးငယ်များသည် မိသားစု နှင့်အဆင်မပြေမှုများ၊ ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်ခြင်းတို့ကို မိဘများက လျစ်လျူရှုထားပြီး ကလေးငယ်များသည် အိမ်ပြေး အဖြစ်သို့ ရောက်ရှိသွားကာ လမ်းမှားဘက်သို့ ကူးပြောင်းသွားကြကြောင်း ဆိုကြသည်။

“ကလေးသူငယ်နဲ့ ပတ်သက်ပြီးဖြစ်တာဆိုရင် မွန်ပြည်နယ်မှာပိုများတယ်၊အဓိကက ဆင်းရဲနွမ်းပါးတာ၊ ပညာမတတ်တာကြောင့်ဖြစ်တာတွေ့ရတယ်၊ မိဘတွေ အစိုးရပိုင်းအဖွဲ့ကလည်း ဒါတွေလုပ်တာအားနည်း တယ်၊NGOကပဲ တစ်နိုင်တစ်ပိုင်လုပ်ပေးနေတာတွေရှိတာ၊ ဖြစ်တဲ့သူတွေကြည့်ရင် တစ်ဝက်ကLocalကဖြစ်ပြီး ကျန်တစ်ဝက်က ရွှေ့ပြောင်းလုပ်သားတွေဖြစ်နေတယ်၊ ကျူးလွန်ပြီးရင်လည်း ရဲတွေက အရေးမယူနိုင်ဘူး၊” ဟု ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ အသက် ၃၀ဝန်းကျင်ခန့် အမျိုးသားတစ်ဦးကပြောကြားသည်။

မွန်ပြည်နယ်တွင် ၂၀၁၅ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု (၈)မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ခုနှစ် လက်ရှိအချိန်တွင်မူ သက်ငယ်မုဒိမ်းမှု ၈ မှု ဖြစ်ပွားခဲ့သည့် အတွက် ယခင်နှစ်ထက် မြင့်တက်ဖွယ် အနေထား ရှိသည်။

“မိဘတွေက စာမတတ်ပိုက်ဆံမရှိတော့ ကိုယ့်စားဝတ်နေရေးလုံးပန်းနေတော့ သားသမီးတွေရဲ့ လုံခြံုရေး ကိုလှည့်မကြည့်နိုင်ဘူး၊ အစိုးရပိုင် အရပ်ဘက်အဖွဲ့ပိုင်းကလည်း အများကြီးပူးပေါင်း ပါဝင်ဖို့ လိုအပ်တယ်၊”ဟု မော်လမြိုင်အခြေစိုက် ကလေးသူငယ်ဆိုင်ရာNGOအဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ကလေးငယ်များ လုံခြံုရေးနှှင့်ကာကွယ်နိုင်ရေးအတွက် ကျေးရွာ အခြေပြု အုပ်ချုပ်ရေးအဖွဲ့အစည်းများက လည်း ဝိုင်းဝန်းထိန်းကျောင်းပေးရန်လိုအပ်ကြောင်း ဆိုသည်။

“သူတို့ကို မျက်ရိပ်မျက်ခြေမပြတ်ကြည့်နေရတယ်၊ဟိုလူနဲ့ ဒီလူနဲ့ရောတာတွေလည်း မကြိုက်ဘူး၊ တကယ်လို့ ဆရာပဲဖြစ်ဖြစ် ဆရာကြီးပဲဖြစ်ဖြစ် ကလေးဆိုတာချစ်ရင်အပြင်ကပဲချစ်လို့ရမယ်၊ ဟိုကိုင်ဒီကိုင်လုပ်တာ မကြိုက်ဘူး၊ ဒါတွေက အပြင်မှာလည်းမြင်တွေ့နေရတော့ စိုးရိမ်ရတယ်၊ ကျောင်းနေအရွယ်ကလေးဆိုရင် အချိန်ပြည့်တစ်နေ့သုံးကြိမ်လောက် လာကြည့်ပေးရမယ်” ဟု အလက ရ တွင် ပညာသင်ကြားနေသည့် ကျောင်းသူ မိဘတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်သူဇာမြင့်ကဆိုသည်။

သက်ငယ်မုဒိမ်းမှုများအပြင် မွန်ပြည်နယ် တစ်ဝှမ်း ကလေးအခွင့် အရေးများ ဆုံးရှုံး နေသည့် ကိစ္စရပ်ပေါင်း များစွာရှိနေသည်။

စွန့်ပစ်ကလေးများ၊ လေလွင့်နေသည့် ကလေးများ၊ အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်ခံရသည့် ကလေးငယ်များ၊ လူကုန်ကူးခံရသည့် ကလေးများစွာရှိသည်။

၂၀၁၅ခုနှစ်နှင့်၂၀၁၆ခုနှစ် အတွင်း အသက်မပြည့်သေးသည့် ကလေးငယ်များ လူကုန်ကူးခံရမှု မရှိသေးကြောင်း မွန်ပြည်နယ် လူကုန်ကူးရဲတပ်ဖွဲ့ထံမှှသိရသည်။

သို့သော်လည်း ကလေးငယ်များ နိုင်ငံရပ်ခြားသို့ ရောင်းစားနေမှုများရှိနေကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဥိီးက ထောက်ပြသည်။

စာသင်ကျောင်းများတွင် ကျောင်းဆရာဆရာမများ နှင့် ရဲတပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ကလေး သူငယ်ဆိုင်ရာဟောပြော ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ ပန်းချီ ပြိုင်ပွဲများ၊ လူကုန်ကူးတားဆီးရေး ဟောပြောပွဲများ စနစ်တကျ စီစဉ်ဆောင်ရွက်ကာ ကလေးငယ်များကို အသိပညာပေး လျက်ရှိကြောင်း အမှတ် (၇)အခြေခံပညာ အလယ်တန်းကျောင်း တာဝန်ခံ ဆရာမ ဒေါ်တင်တင်ဝေ က ဆိုသည်။

“သူစိမ်းတွေနဲ့ အပြင်မသွားဖို့ အခုက မီဒီယာခေတ်ဆိုတော့ကလေးတွေက ပိုပြီးတော့တောင်နား လည်တယ်၊ မိန်းကလေးတွေဆိုရင်လည်း ကိုယ့်မိဘကိုယ့်အမျိုးတွေတောင်မယုံကြည်ရတဲ့ကိစ္စပေါ့၊ တချို့ ဆိုရင် ရောရောနှောနှောနေချင်ကြမှာပေါ့၊ အဲ့ဒီအခါကျရင် ဆရာမတို့က အရင်တုန်းက အတွေ့အကြံုတွေ။ ညအိပ်ညနေ သူများအိမ်သွားမလည်ဖို့တွေ ပြောပြတယ်၊ အနေနီးစပ်ပါများရင်ဖြစ်တတ်ကြတဲ့အတွက် ကလေး တွေသတိရှိအောင်အမြဲသွန်သင်ဆုံးမနေရတယ်၊”ဟု ဆိုသည်။

ကလေးငယ်များကာကွယ်စောင့်ရှောက်ရေး စီမံချက်ဖြင့် ၂၀၁၅ခုနှှစ်မှ စတင်ကာ လူမှုဝန်ထမ်း ဦးစီးဌာန အရပ်ဘက်အဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး ပိုင်းတာဝန်ရှိသူများသည် မွနြ်ပည်နယ် မြို့နယ် အဆင့်ဆင့် အဖွဲ့များဖွဲ့စည်းပြီး ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါအဖွဲ့က ကလေးသူူငယ်များကို အကြမ်းဖက်ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းများ၊ အဓမ္မ ပြုကျင့်ခြင်း ဖြစ်ရပ်တွေကို အရပ်ဘက်အဖွဲ့စည်းများနှင့် ပူးပေါင်း ကိုင်တွယ် ဖြေရှင်းပေးကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး မှ ဒုတိယ ဦးစီးမှူး ဒေါ်စောဥမ္မာမြင့် ကဆိုသည်။

ထိုသို့ဖြေရှင်းရာတွင် ဥပဒေဖြင့် ငြိစွန်းသည့် ကလေးငယ်များကို လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ယူ ဖြေရှင်း ပေးပြီး ဥပဒေနှင့် မငြိစွန်းသည့် ကလေးငယ်များကို သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဖြေရှင်း ပေးကြောင်း ၎င်းကဆိုသည်။

“မိဘစွန့်ပစ် ကွဲကွာနေတဲ့ ကလေးတွေ၊ ပြစ်မှုကျုးလွန်တဲ့ ကလေးငယ်တွေကိစ္စတွေကို ဖြေရှင်းပေးရတာ ပေါ့၊ကျေးရွာတွေကိုလည်း ကွင်းဆင်းပြီးတော့ လုပ်ဆောင်နေတဲ့ ကိစ္စတွေလည်းရှိပါတယ်”ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်၏ မြို့နယ်တိုင်းတွင် မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတိီ TCRC အဖွဲ့ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ ရဲတပ်ဖွဲ့များ၊ ဖြင့် ဖွဲ့စည်းထားသည်။   

အဆိုပါ ကော်မတီက ကလေးသူယ်များ အသက်ရှင်သန်ခွင့် ၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်ခွင့်၊ ပူးပေါင်းပါဝင်နိုင်ခွင့် တို့ကို အဆိုပါ အခွင့်အရေးများ တိုးတက်အောင် ဆောင်ရွက်ရန် ဖွဲ့စည်းထားသည်။

“မုဒိမ်းကျင့်ခံရတဲ့ကလေးက အကာအကွယ်မဲ့နေတယ်ဆိုရင် တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးတယ်၊ သူတို့ရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေကို အတတ်နိုင်ဆုံးကူညီပေးတယ်၊ ကလေး တွေအကြမ်းဖက်ခံ ရတယ်ဆိုရင် လမ်းကြောင်းအတိုင်းသူတို့ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် လူမှုဝန်ထမ်း လူကုန်ကူးရုံးတွေကို အဆင့်ဆင့်သွားတတ်အောင် သင်တန်းတွေပေးပြီးလုပ်ပေးတယ်၊”ဟု World Vision ၏ မော်လမြိုင်မှ တာဝန်ရှိသူ မချိုချိုဝင်းက ဆိုသည်။

ကျေးရွာအတွင်းရှိ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ မိဘများ၊ ဒေသခံများကို ကလေးငယ်များ အကြမ်းဖက်မှု ကာကွယ်ရေးနှင့် အကြမ်းဖက်မှု ခံရပါက ဖြေရှင်းနိုင်မည့် အဖွဲ့စည်းများအကြောင်းကို မွန်ပြည်နယ်ရှိ ကျေးရွာများတွင် လိုက်လံ အသိပေး ဟောပြောခြင်းများ ပြုလုပ်ကြောင်းဆိုသည်။

“ကလေးသူငယ်အခွင့်အရေးဆုံးရှုံးမှုကတော့ ဖြစ်ပွားနေဆဲပဲ၊ လူတိုင်းတာဝန်ရှိတယ် ကလေးတိုင်းက နေရာတိုင်းမှာရှိတဲ့အတွက်၊အစိုးရကလည်း ကလေးတွေအကျိုးကိုကာကွယ်ပေးဖို့ ကလေးဥပဒေကို ခိုင်ခိုင်မာမာပြဋ္ဌာန်းပေးဖို့ ထိထိရောက်ရောက်ကျင့်သုံးဖို့ လိုအပ်ပါတယ်၊”ဟုEquality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းကဆိုသည်။

အဆို ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ပညာပေးမှုတွေကို အစိုးရသတင်းစာတွေ ကနေတစ်ဆင့် ပြန့်ပွား အောင်လုပ်ဖို့လိုအပ်တယ်၊ နောက်ပြီးတိုင်ကြားနိုင်တဲ့ ယန္တရားတွေအားကောင်းဖို့လိုအပ်နေသေး ကြောင်းဆိုသည်။

မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ထံ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ မှ ဇူလိုင်လ အထိ လာရောက်တိုင်တန်းခဲ့သော ကလေးသူငယ် ဆိုင်ရာ ကိစ္စ အမှု ၁၇မှုသည် ကလေးပျောက် တိုင်ကြားမှု ဖြစ်သည်။

ထိုသို့ ကလေးသူငယ် ကိစ္စရပ်များ တိုင်ကြားမှုတွင် အုပ်ထိန်းသူမဲ့ တစ်ဦး၊  ကလေးပျောက်မှု ၅မှု အကြမ်း ဖက်ခံရမှု တစ်ဦး၊ ကလေး လုပ်သား သုံးဦး၊ လမ်းပျော်ကလေး နှှစ်ဦး၊ သားမယားပြုကျင့်မှု နှစ်ဦး ၊ ခိုးယူပေါင်း သင်းမှု နှစ်ဦး၊ ဥပဒေနှင့် ရင်ဆိုင်ဖြေရှင်းရမှု တစ်ဦးတို့ ဖြစ်ကြောင်း လူမှုဝန်ထမ်း ရုံး၏ မှတ်တမ်းများ အရသိရသည်။

မြန်မာနိုင်ငံတွင် အသက် ၅ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးလုပ်သား ၁ သန်းကျော်ရှိပြီး ၆ သိန်းကျော်မှာ အန္တရာယ်ရှိလုပ်ငန်းခွင်တွင်လုုပ်ကိုုင်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အစီရင်ခံစာ ကို သြဂုုတ်လ ၂၉  ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ မြန်မာ့လူ့ အဖွဲ့အစည်း အတွင်း ကလေးသူ ငယ်တို့ရဲ့ လူမှုဘဝ အနာဂတ်လုံခြုံမှု ကင်းမဲ့လာသည့် ဖြစ်ရပ်များအပေါ် အစိုးရအဖွဲ့များ၊ အုပ်ထိန်းသူ မိဘများက အလေးပေး ထည့်သွင်း စဉ်းစားကာ အဖြေကောင်း များ နည်း လမး်ကောင်းများစွာ ရှာဖွေ ဖြေရှင်းရမည်ဖြစ်သည်။

ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသည့် အရပ်သား အစိုးရသစ်တစ်ရပ်ကလည်း ပြည်သူလူထု နှင့် ကလေးငယ်များ လူနေမှုဘဝလုံခြံုမှု ရရှိစေရန် အဓိက ဖြစ်သော တရားဥပဒေစိုးမိုးမှု ရရှိစေရန် လုပ်ဆောင် ရမည်ဖြစ်သည်။

“ဒီလိုမျိုးကိုယ့်ကလေးအရွယ် ကိုယ့်မြေးအရွယ်ကလေးတွေကို စော်ကားရင်တော့ သူ့ကိုအရှင်လတ်လတ်မ ထားဘဲ အသေသတ်ပစ်ရမှာ၊ ကျွန်မကလေးတွေကိုလုပ်ကြည့် တွေ့တဲ့နေရာ မှာသတ်မှာ”ဟု  အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသည့်ကျောင်းသူ တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်သူဇာမြင့်က စိုးရိမ်တကြီးဖြင့် ဆိုလေသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...