ဓလေ့ကျင့်ထုံး ခံယူချက် ပြဿနာ အောက်က ရိုးရာ ခွါဒိုးပွဲတော်

ဓလေ့ကျင့်ထုံး ခံယူချက် ပြဿနာ အောက်က ရိုးရာ ခွါဒိုးပွဲတော်
by -
ကေ ဟတ်ဇော်/ ခိုနူမ်းထုန်
ခိိုနှုမ်းသုန်  ကေ ဟတ်ဇော် – လူမျိုးတစ်မျိုးရယ်လို့ သတ်မှတ်ရာတွင် ရိုးရာပွဲတော်သည်လည်း တိုင်းတာသည့်အချက်ထဲ တွင် တစ်ခု အပါအဝင် ဖြစ်သည်။ ကချင်လူမျိုးဆိုလျှင် မနောပွဲ ရှိသလို ချင်းလူမျိုးတို့တွင် လည်း ပွဲတော်ရှိသည်။ ချင်းလူမျိုးတို့၏ ဓလေ့ထုံး တမ်းများတွင် ပွဲတော်သုံး ခုရှိသည့်အနက် နိုင်ငံရေးအရ ချင်းအမျိုးသားနေ့ ပွဲတော်ရှိပြီး ကျန်ပွဲတော်နှစ်ခုကတော့ ရိုးရာဓလေ့အပေါ် အခြေခံသည့် ခွါဒိုး ပွဲတော်နှင့် ရှောလ်ဆောမ်းပွဲတော်တို့ပင် ဖြစ်သည်။ ခွါဒိုးပွဲတော်ကို ရိုးရာနှစ်ကူးပွဲတော် ဟုလည်း တချို့က ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိသည်။

ချင်းတိုင်းရင်းသားများတွင် မျိုးနွယ်စုကွဲများစွာ ရှိသည့်အတွက် ရိုးရာပွဲတော်တစ်ခု ဖြစ်သည့် ခွါဒိုးပွဲတော် ကျင်းပပုံမှာလည်း မတူညီကြချေ။

Khuado-Tedim,Tonzang

Tho Puai – Haka leh Khualsim ,

Thaithar Puai – Thantlang leh Zahau ,

Fanger Puai – Laizo (Falam),

Dongpi Puai – Zanniat,

Nampui pwe – Kanpalet,

Chavang Kut – Thadou leh Lusei ဟူ၍ မျိုးနွယ်စုနှင့် ဒေသအလိုက် ကျင်းပကြခြင်း ဖြစ်သည်။

ခွါဒိုးပွဲတော်၏ အဓိပ္ပာယ်

ခွါဒိုးပွဲတော်၏ အဓိပ္ပာယ်မှာ ချင်းစကားဖြစ်သည့် Khua နှင့် Do  နှစ်လုံးပေါင်းထားခြင်း ဖြစ်ပြီး –

ခွါ     = Khuazing = နတ်၊ မကောင်းဆိုးဝါး

Khuavak =ဘုရား၊

ဒို:      = ကြိုဆို၊ ဧည်ခံ

= နှင်ထုတ်၊ တိုက်ခိုက် ဟု အဓိပ္ပာယ် ရပါသည်။

ထို့ကြောင့် ခွါဒိုပွဲတော်ကို ရိုးရာနှစ်ကူးပွဲ ဒါမှမဟုတ် ကောက်ရိတ်သိမ်းပွဲ၊ ဒါမှမဟုတ် မကောင်းဆိုးဝါး နှင်ထုတ်ပြီး ကံကောင်းခြင်းနှင့် မင်္ဂလာရှိမှုအားကြိုဆိုခြင်း ပွဲတော်ဟုလည်း အနက်အဓိပ္ပာယ် ဖွင့်ကြသည်။

ကျင်းပပုံမတူညီကြသည့် ချင်းရိုးရာ ခွါဒိုးပွဲနှင့် ပတ်သက်၍ ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့ နယ်က ချင်းတိုင်းရင်းသားမျိုးနွယ် စုတွေရဲ့ ပွဲတော်ကျင်းပမှု ပုံစံကို ပြောပြပါရစေ။

နောက်ခံသမိုင်း

ချင်းသမိုင်းသုတေသန ပညာရှင်များ၏ တွေ့ရှိချက်အရ ခွါဒိုးပွဲတော်ကို ကျိမ်နွဲ့ရွာသူကြီး ပူတွကြောင်ခေတ် အေဒီ ၁၄၀၀ ပတ်ဝန်းကျင်တွင် စတင်ကျင်းပသည်ဟု ခန့်မှန်းမှုများ ရှိခဲ့ရာ ရက်အတိအကျ မသိရပေမယ့် ခန့်မှန်ချက်များအရ နှစ်ပေါင်း (၆၀၀) ကျော်ရှိခဲ့သည်ဟု သိရှိရသည်။

ခွါဒိုးပွဲတော် ကျင်းပသည့်ရက်မှာ တိကျသည့် သတ်မှတ်ချက် မရှိပေ။ ကျေးရွာဒေသအ လိုက် တောင်ယာသီးနှံ ရိတ်သိမ်းပြီးခြင်းအပေါ် အမှီပြု၍ ကျေးရွာခေါင်းဆောင်များနှင့် တိုင်ပင် ကာ စက်တင်ဘာလ နှင့် အောက်တိုဘာလ အကြား အဆင်ပြေဆုံးရက်ကို ရွေးချယ်ကာ ကျင်းပ ကြခြင်း ဖြစ်သည်။

ရှေးဓလေ့ထုံးတမ်းအရ ခွါဒိုးပွဲတော်ကို ငါးရက်တာ ကျင်းပလေ့ရှိကြောင်း ၁၉၉၄ ခုနှစ်၊ ရန်ကုန်မြို့၊ ဇိုမီးကျောင်းသားများ ဦးဆောင်ထုတ်ဝေသည့် ကျိမ်နွဲ့မဂ္ဂဇင်းတွင် ဦးဂင့်ခန့်ဆွမ်း၏ ရေးသားချက်တွင် ပါရှိသည်။

ပွဲတော်အကြို (ပထမနေ့) တွင် ပွဲတော်အတွက် ပြင်ဆင်ခြင်းများစတင်လုပ်ဆောင်ကာ မီးပုံပွဲအတွက် ထင်းရှူးသားများ စုဆောင်းခြင်းများ ပြုလုပ်ကြသည်။ ဒုတိယနေ့တွင် မကောင်း ဆိုးဝါး (နတ်) နှင်ထုတ်ခြင်းများ ပြုလုပ်ကာ တတိယနေ့မှာ ပျားအုံယူသောနေ့ ဖြစ်သည်။ ပျားအုံ ကို ရိုးရာ မောင်းနှင့် ဗုံများ အသုံးပြုကာ ယူဆောင်ခြင်းဖြစ်ပြီး ပွဲတော် စတုတ္ထမြောက်နေ့တွင် ကျန်ရှိသော ရွာသားများမှ မည်သည့်ကိစ္စနှင့်မျှ အိမ်အပြင်သို့ သွားခြင်းများ မလုပ်ဆောင်ရဘဲ မိမိ တို့၏ ဆောမ်း Sawm များတွင် နေထိုင်ကြရသည်။ ပွဲတော် နောက်ဆုံးရက်ဖြစ်သည့် ပဥ္စမနေ့တွင် မူ ကာလသားများအချင်းချင်း တစ်အိမ်တက် တစ်အိမ်ဆင်း လည်ပတ်ကြကာ ညပိုင်းတွင်မူ ရိုးရာဗုံ၊ မောင်းများတီး၍ တေးသီချင်းများ သီဆိုကြကာ ပွဲတော်ကို ပိတ်သိမ်းလေ့ ရှိသည်။

ခွါဒိုးပွဲတော်နှင့် အမည်ကွဲများ

နှစ်သစ်ကူးပွဲတော် – ခွါဒိုးပွဲတော်ကို ချင်းရိုးရာနှစ်သစ်ကူးပွဲတော်ဟုလည်း ခေါ်ဆိုနိုင်ပြီး ရှေးဘိုးဘေးများသည် ပွဲတော်ကို နှစ်ကို ပိုင်းခြားသည့် ပွဲတော်အဖြစ်လည်း သတ်မှတ်ခဲ့ကြသည်။ ယခုခေတ်တွင်မူ ချင်းလူမျိုးများအများစုသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြပြီးနောက် ဇန်နဝါလ (၁) ရက်နေ့ကို နှစ်သစ်ကူးပွဲတော်ရက်အဖြစ် သတ်မှတ်ခဲ့သည်။

ပျားပွဲတော် – ခွါဒိုးပွဲကျင်းပပြုလုပ်ခဲ့သည့်အချိန်တွင် ရှေးဘိုးဘေးများသည် ပျားအုံများကို ယူပြီး ပျားအုံကို အသုံးပြု၍ ရိုးရာယစ်ပုရောဟိတ်များက နောက်နှစ်သစ်မှာ ဖြစ်လာမည့် အကြောင်းများကို ဗေဒင်ဖတ်ကြရသည်။ ပျားအုံကို ကြည့်ပြီး လာမည့်နှစ်တွင် အစားအသောက် လုံလောက်မှုအခြေအနေ၊ ကျန်းမာရေးအခြေအနေများကို ကြိုတင်ခန့်မှန်းကြသည်။

ရိတ်သိမ်းပွဲ – ရှေးခေတ် ချင်းလူမျိုးများသည် ရိုးရာ တောင်ယာခုတ်ခြင်းအားဖြင့် စားဝတ်နေရေးကို ရှာဖွေကြ သည်။ တောင်ယာများတွင်လည်း အဓိက သီးနှံအဖြစ် ပြောင်းဖူး၊ ဆပ်ဆန်နှင့် ပြောင်းတို့တာ စိုက်ပျိုးသောကြောင့် ဤသီးနှံများ၏ ရိတ်သိမ်းချိန် ဖြစ်သည့် သြဂုတ်လကုန်နှင့် စက်တင်ဘာလဆန်းပိုင်းတွင်သာ ကျင်းပလေ့ရှိသည်။ ခွါဒိုးပွဲအမှီ သီးနှံရိတ်သိမ်း မပြီးသောသူရှိခဲ့ရင်လည်း ခွါဒိုးပွဲအမှီ ရိတ်သိမ်းပြီးနိုင်ရန်အတွက် ရွာထဲရှိ ကာလသားများက ၀ိုင်းဝန်းကူညီခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး မေတ္တာပြကြသည်။ အားလုံး ရိတ်သိမ်းပြီးသည့်အချိန်တွင် ခွါဒိုးပွဲအဖြစ် ရက်သတ်မှတ်ပြီး သီးနှံများအတွက်လည်း ဘုရား (Pasian) ထံသို့ ကျေးဇူးတော် ချီးမွှမ်းပွဲအဖြစ် ကျင်းပခဲ့ကြ သည်။ ရှေးဘိုးဘေးများသည် ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို မသိသေးသော်လည်း Pasian ဟုခေါ်သော တန်ခိုးကြီးသော ဘုရားရှိကြောင်းနှင့် နတ်ဆိုးရှိကြောင်းလည်း အသိအမှတ်ပြုခဲ့ကြသည်။

မီးထွန်းပွဲ – ခွါဒိုးပွဲတော် ဒုတိယနေ့တွင် အကြိုနေ့၌ ပြင်ဆင်ထားသော ထင်းရှူးများကို မီးထွန်း၍ ရွာအပြင်ဘက်ရှိ သတ်မှတ်သည့် တစ်နေရာကနေ ရွာထဲသို့ တန်းစီပြီး ၀င်ရောက်ကြခြင်းဖြင့် မီးထွန်းပွဲတော်ကို ကျင်းပကြသည်။ ဤ မီးထွန်းပွဲတော် ကျင်းပခြင်းသည် မကောင်းဆိုးဝါး(နတ်ဆိုး) များကို ရွာထဲကနေ နှင်ထုတ်ပေးရန် ထင်းရှူးများကို မီးထွန်း၍ နှင်ထုတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ခွါဒိုးပွဲတော်ကို မီးထွန်းပွဲတော်အဖြစ်လည်း သိမှတ်ကြသည်။

ရွာကို သန့်ရှင်းစေခြင်း – ခွါဒိုးပွဲနေ့တွင် ရွာထဲအတွင်းရှိ တစ်နှစ်ပတ်လည်း အညစ်အကြေး၊ မကောင်းဆိုးဝါး သည်အားလုံး နှင်ထုတ်ပြီး သန့်ရှင်းစေသော နေ့လည်း ဖြစ်သည်။ ရှေးဘိုးဘေး များသည် ရွာထဲတွင် နတ်ဆိုးနှင့် မကောင်း ဆိုးဝါးများသည် လူသားများနှင့် အတူ နေထိုင်ကြောင်း ကို ယုံကြည်ကြသည်။ ထို့ကြောင့် ဤ ခွါဒိုးပွဲတော်နေ့တွင် ထင်းရှူးမီးများကို အသုံးပြု၍ မကောင်းဆိုးဝါးများကို နှင့်ထုတ်ပြီး ရွာထဲကို သန့်ရှင်းစေကြသည်။

ယနေ့ခေတ်နှင့် ခွါဒိုးပွဲတော်

ယနေ့ခေတ်တွင်မူ ချင်းလူမျိုးများသည် ရိုးရာခွါဒိုးပွဲတော်များကို ဆက်လက်ကျင်းပ နေသေးသော်လည်း ခွါဒိုးပွဲတော်၏ တကယ့်အနှစ်သာရ ပျောက်ဆုံးလျက်ရှိကာ ပျော်ပွဲရွှင်ပွဲအ ဖြစ်သာ သတ်မှတ်ကျင်းပလာကြသည်။ တောင်ပေါ်ကျေးရွာတချို့တွင် ကလေးများမှာ ယင်းနေ့ကို အသားစားသည့်နေ့ (သို့မဟုတ်) ၀က်သတ်သည့်နေ့ဟုပင် သတ်မှတ်ထားကြသည်။ ထို့နည်းတူ ပွဲတော်အတွင်း ပါ၀င်ဆင်နွှဲနေသူများမှာလည်း ပွဲတော်၏ တကယ့်အနှစ်သာရကို နားလည်ခြင်း မရှိဘဲ ပါ၀င်ဆင်နွှဲနေကြ သည်ကို တွေ့မြင်နေရသည်။

ထို့ပြင် အများစုမှာ ခွါဒိုးပွဲတော်ကို ရိုးရာဓလေ့ အခြေခံအဖြစ်မှ ဘာသာရေးအရ သတ်မှတ် ချက်များအပေါ် အခြေခံ၍ ကျင်းပနေခြင်းများကိုလည်း တွေ့နေရသည်။ ယခင်က ခွါဒိုးပွဲတော်ကို ရွာကွင်းပြင်များတွင် စုပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ပွဲတော်အတွင်း အတီးအမှုတ်များ ပါ၀င်ခြင်း၊ ရိုးရာဓလေ့ ခေါင်ရည်တည်ခြင်းများလည်း ပါ၀င်ခဲ့သည်။ သို့သော် ယနေ့တွင် ပွဲတော် အား မိမိအိမ်၌သာ မိသားစုအလိုက် ပြုလုပ်ပြီး ညနေပိုင်းတွင်မူ မိမိကိုးကွယ်ရာ ဘာသာအလိုက် ဘုရားကျောင်းများတွင် ၀တ်ပြုဆုတောင်းခြင်းများ ပြုလုပ်ခြင်းဖြင့်သာ ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ယခင်က ခွါဒိုးပွဲတော်များတွင် လူငယ်လူရွယ်များအနေဖြင့် ကောက်ရိတ်သိမ်းပြီး ခြင်း အထိမ်းအမှတ်၊ မပြီးသေးသူအား ပြီးသူများ ကူညီခြင်းဖြစ်သည့် စည်းလုံးခြင်း ဓလေ့များအရ  ခေါင်ရည်အတူသောက်သုံးခြင်း ဓလေ့ကို ကျင့်သုံးခဲ့သော်လည်း ယနေ့တွင်မူ ပွဲတော်အကြောင်းပြ ၍ ရိုးရာခေါင်ရည်မဟုတ်ဘဲ အခြားသော မူးယစ်ဆေးဝါးသုံးစွဲအား အလွန်အကျွံ သောက်သုံးခြင်း၊ ပွဲတော်အကြောင်းပြကာ လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးများအကြား လူမှုရေးအပျော်အပါးများ ပြုလုပ်လာကြခြင်းမှာ မူလအရင်းခံ ခွါဒိုးပွဲတော်၏ ဓလေ့များကို ဖျက်ဆီးနေသကဲ့သို့ ဖြစ် နေသည်။

ဒါ့အပြင် အရင်က ခွါဒိုးပွဲတော်ကို ငါးရက်တာတိတိ ကျင်းပသည့်နေရာတွင် ရက်အလိုက် သူ့အဓိပ္ပာယ်နှင့်သူ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ငွေကြေးတတ်နိုင်သူများက ရက်ကြာကြာ ကျင်းပကာ ငွေကြေးမတတ်နိုင်သူများကမူ ရက်အနည်းငယ်သာ ကျင်းပလာခဲ့ရာ ခွါဒိုးပွဲ၏ အနှစ်သာရ ပျောက်ဆုံးလျက် ရှိသည်။

ထို့ပြင် လူကြီးမိဘများမှာလည်း ခွါဒိုးပွဲတော်နှင့်ပတ်သက်သည့် ရိုးရာဓလေ့ သမိုင်း ကြောင်းများကို လူငယ်များအား လက်ဆင့်ကမ်းမှု နည်းပါးလာခြင်းမှာလည်း ခွါဒိုးပွဲတော် ဓလေ့ မှေးမှိန်လာရခြင်းအတွက် အကြောင်းရင်း တစ်ရပ် ဖြစ်နေပေသည်။

ဤကဲ့သို့ မိမိ ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်း (၆၀၀) ကျော် ကျင်းပလာခဲ့ကြသော ဤခွါဒိုးပွဲကို ယနေ့ခေတ် လူငယ်များ၏ ပွဲတော်၏ အနှစ်သာရ မသိရှိခြင်းကြောင်းသော် လည်းကောင်း၊ မိဘများက မိမိလူမျိုးရိုးရာဓလေ့ထုံးတမ်းများကို မိမိတို့၏ သားသမီးများသို့ ကောင်းကောင်းနား လည်အောင် ပြောပြမှုမရှိခြင်း၊ လက်ဆင့်ပေးကမ်းမှုမရှိခြင်းကြောင်း အင်မတန် မှ မွန်မြတ်လှသော ချင်းတို့ ရိုးရာဓလေ့ ခွါဒိုးပွဲတော်ကြီးသည် အနှစ်သာရမရှိတော့ဘဲ ကျင်းပနေ သည်ကို ၀မ်းနည်း စွာ တွေ့မြင် ရပါသည်။

ထို့ကြောင့် ခွါဒိုးပွဲတော်သည် ကမ္ဘာပေါ်တွင် ချင်းလူမျိုးများသည်လည်း ခိုင်မာသော  ရိုးရာဓလေ့ထုံး တမ်းစဉ်လာများ ပွဲတော်များရှိသော လူမျိုးတစ်မျိူးအဖြစ် ကမ္ဘာ့အလယ်တွင် လူမျိုးဂုဏ်ကို တင့်တယ်စေသော ပွဲတော်တစ်ခု ဖြစ်သည်သာမက ချင်းတို့၏ သမိုင်းကို ဖော်ပြနေသော ပွဲတော်ဖြစ်သောကြောင့် အဓိပ္ပာယ် ရှိရှိနှင့် အနှစ်သာရရှိရှိ ကျင်းပဖို့ရန်နှင့် ချင်းလူကြီးများက လူငယ်များထံသို့ ခွါဒိုးပွဲတော်၏ သမိုင်းနှင့် ကျင်းပပုံများ၊ အနှစ်သာရနှင့် အဓိပ္ပာယ်များကို လက်ဆင့်ကမ်း ပြောပြခြင်းအားဖြင့် မိမိတို့၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ရန် ဤ ဆောင်းပါးဖြင့် တိုက်တွန်း  နှိုးဆော်အပ်ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...