ကရင်အာဇာနည်နေ့အတွက် ပဒိုစောသမိန်ထွန်း၏လက်ဆင့်ကမ်းစကား

ကရင်အာဇာနည်နေ့အတွက် ပဒိုစောသမိန်ထွန်း၏လက်ဆင့်ကမ်းစကား
by -
ကေအိုင်စီ
အာဇာနည်ဝေါဟာရ၏အဓိပ္ပာယ် အာဇာနည်ဆိုတာအမျိုးမျိုးတော့ပြောကြတာပေါ့လေ။အများအကျိုးအတွက်၊တိုင်းပြည်အတွက် အမျိုးသားအတွက် ကိုယ်ကျိုးကိုစွန့်လွတ်ပြီး အများအကျိုးအတွက်ကိုငဲ့ကွက်ပြီးမှ သူ့ဘဝတစ်ခုလုံးကို ဆုံးရှူံးနစ်နာတဲ့အထိဆောင်ရွက်တဲ့သူကိုပဲ ကျနော်တို့ယေဘုယျသတ်မှတ်ရမှာဖြစ်ပါတယ်။

ကရင်အမျိုးသားအာဇာနည်နေ့၏ အရေးကြီးပုံ

အာဇာနည်နေ့ကတော့ ကျနော်တို့နှစ်စဉ်ကျင်းပလာတာဆိုရင် အခုဆို (၆၆)နှစ်မြောက်ရှိလာပြီ။အဲဒီတော့ဒီအာဇာနည်နေ့ကို ကျင်းပခြင်းအားဖြင့် ကျနော်တို့ကရင်အမျိုးသားတွေဟာ ကိုယ့်လူမျိုးအတွက်အလုပ်လုပ်တဲ့နေရာမှာ မပြီးဆုံးသေးဘူး။ဒီကျဆုံးသွားတဲ့အာဇာနည်တွေရဲ့လျှောက်သွားတဲ့လမ်းကို နမူနာယူပြီး ကိုယ်ကဆက်လက်ဆောင်ရွက်ဖို့အတွက် လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြတာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့က နှစ်စဉ်နှစ်တိုင်းအာဇာနည်နေ့ကို မမေ့မပျောက်စေဘဲနဲ့ နှစ်စဉ်ကျင်းပလာခဲ့တာပဲဖြစ်ပါတယ်။

အရေးကြီးတာကတော့ ကျနော်တို့ ဒီမပြီးဆုံးသေးတဲ့ ကရင်လူမျိုးတွေရဲ့အခွင့်အရေးတောင်းဆိုမှုကို မီးမောင်းထိုးပြတာပဲ။ ရှေ့မှာကိုယ့်အမျိုးသားအတွက်လုပ်သွားကြပြီ။ အသက်ပေးသွားကြပြီ။ ကရင်လူမျိုးတွေရသင့်ရထိုက်တဲ့အခွင့်အရေးက အခုထိမရသေးဘူး။ဒါကြောင့်မို့ဆက်လက်ပြီးလုပ်ကြပါ။လူငယ်တွေဟာ သူ့ရဲ့စံပြပုဂ္ဂိုလ်ကို တစ်ယောက်ထားကြတယ်။ တစ်ချို့ကနှစ်ယောက်၊သုံးယောက်ထားကြတယ်။အဲတော့ကျနော်တို့ ကရင်လူငယ်တွေကလည်း ဒီလိုအာဇာနည်တွေကို ကျနော်တို့ကနမူနာယူပြီးမှ ဒီလမ်းကြောင်းကိုကျနော်တို့လျှောက်နိုင်ဖို့ အတွက်အထူးအရေးကြီးတယ်ဆိုတာ ဖော်ပြတယ်။

အာဇာနည်တွေက ကျနော်တို့ကရင်တွေမှာ အထောင်အသောင်းရှိခဲ့ပါပြီ။ ပြည်သူလူထုအတွင်းမှာလည်း အမျိုးသားအတွက် တကယ်ကိုယ်ကျိုးစွန့်ပြီးလုပ်ခဲ့တဲ့ ကရင်အမျိုးသားတွေရှိခဲ့ပါပြီ။ ဒါပေမယ့် အဲဒီနေ့ကိုကျနော်တို့က မှတ်မှတ်ရရတစ်ခုသတ်မှတ်တာကတော့ စောဘဦးကြီးကျဆုံးတဲ့နေ့ကို သတ်မှတ်တာဖြစ်တယ်။ အဲတော့အာဇာနည်တွေရဲ့ စိတ်ဓာတ်နဲ့အာဇာနည်တွေရဲ့ဘဝအကြောင်းကို ကျနော်တို့သိရှိနားလည်ဖို့လိုတယ်။ ဒါကြောင့်မို့ ကျနော်တို့အရင်တုန်းကဆိုရင် ကေအဲန်ယူကစောဘဦးကြီးကို နမူနာယူကြဖို့ဆိုတာ ပါလာတယ်။

စောဘဦးကြီးဟာ ခေတ်ပညာတတ်တစ်ယောက်ဖြစ်တယ်။ ချမ်းသာကြွယ်ဝတဲ့မိသားစုကမွေးလာတယ်။ ဒါပေမယ့် ဒါတွေကိုသူကစွန့်လွတ်ပြီး အမျိုးသားအတွက် တောထဲမှာအနစ်နာခံ၊ အငတ်ပြတ်ခံပြီးမှ ကျဆုံးသွားတဲ့နေရာမှာလည်း သူများလိုလှလှပပမရှိဘဲနဲ့ရွှံ့တော၊ ဗွက်တောထဲမှာဒီလိုပဲ အသက်ပေးပြီးကျဆုံးသွားတာ။ လက်မမြှောက်ဘူး။ဒူးမထောက်ဘူး။ ရန်သူကိုအရှူံးမပေးဘူး။ဒီစိတ်ဓာတ်တွေနဲ့ကျနော်တို့ ကရင်တော်လှန်ရေးမှာ သူကျဆုံးသွားတာ။ ဒါကြောင့်မို့ကျနော်တို့က သူ့ရဲ့ဆောင်ရွက်ခဲ့တဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတာဝန်တွေကို နောက်လူငယ်တွေကလည်း ဒါကိုနမူနာယူ၊ အတုယူပြီးဆက်လက်ချီတက်ကြဖို့ ဒါကသိပ်အရေးကြီးတယ်။

ကျနော်တို့ ကရင်လူငယ်တွေဟာ တန်းတူအခွင့်အရေးမရသေးဘူး။ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေက တစ်ခုမှမရသေးဘူး။ ဒါကိုဆက်လက်ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ဓာတ်ကိုမွေးမြူပေးဖို့ အာဇာနည်တွေရဲ့ နေ့ထူးနေ့မြတ်ကိုကျနော်တို့ဆောင် ရွက်ပေးရတာဖြစ်တယ်။ လူငယ်တွေရဲ့စိတ်ဓာတ်ကို နိုးကြားတက်ကြွလာအောင်ကျနော်တို့ ဆောင်ရွက်တာဖြစ်တယ်။

ကရင်အာဇာနည်နေ့အပေါ် မျိုးဆက်သစ်လူငယ်များ၏ သဘောထားပုံ

ဗမာပြည်တစ်ပြည်လုံးမှာ စစ်အစိုးရတက်လာတဲ့ နှစ်ပေါင်းရာစုနှစ်တစ်ဝက်ရှိတာကိုး။ သူတို့က လူငယ်တွေနိုင်ငံရေးနိုးကြားမှုမရှိအောင်၊ တိုင်းပြည်ဖွံ့ဖြိုးမှုမှာပါ၀င်မှုမရှိအောင် အမျိုးမျိုးဖျက်ဆီးထားတာကိုး။ တက္ကသိုလ်တွေမှာလည်း ဖဲရိုက်ခွင့်တွေပေး၊ အရက်သောက်ခွင့်တွေပေး၊ အပျော်အပါးတွေကိုပေး၊ ဆေးလုံးတွေကိုစားခိုင်း၊ လူငယ်တွေလည်း ဘာမှဘဝရဲ့လမ်းကြောင်းတွေကို မသိတော့ဘူး။ အဲဒီထဲမှာ ကျနော်တို့ကရင်လူငယ်တွေလည်း အပါအဝင်ဖြစ်တာပေါ့။ အပါအဝင်ဖြစ်လာတဲ့ အခါကျတော့ ဒီလမ်းကြောင်းကို လိုက်သွားပြီးမှ အကုန်လုံးက အကျင့်ပျက်ကုန်ကြတယ်။ နိုင်ငံရေးဆိုတာအလကားပါ။ ဒီလိုပဲ ကုမ္ပဏီတွေလက်ထဲမှာ။ စစ်တပ်တွေလက်ထဲမှာပဲရှိတယ် ဆိုတဲ့ပုံစံတွေရှိလာပြီး ဖရိုဖရဲဖြစ်ကုန်ကြတာပေါ့။ အဲဒီတော့ ကရင်တွေမှာလည်း လက်နက်ကိုင်တော်လှန်ရေး ကရှည်ကြာလာတဲ့အခါကျတော့ ငါတို့အဖေလက်ထက်က လုပ်လာတာကလည်းမပြီးပါဘူးကွာ။ ငါတို့အကိုတွေလုပ်တာလည်း ကျဆုံးသွားတာပဲရှိတယ်။ မပြီးသွားပါဘူးကွာ။ ဒါကြီးကိုတို့ဆက်လုပ်နေရင်လည်း အပိုပါပဲဆိုတဲ့အမြင်တွေက ရှိလာတာကိုး။

အဲဒီတော့ သူတို့ရဲ့ဘဝတိုးတက်ရာလမ်းကြောင်းကိုရှာပြီးတော့မှ သွားကြတော့ ဒါကြီးကိုစိတ်ဝင်စားမှုအားနည်းသွားတာပေါ့။

ဒီကနေ့ တစ်ပြည်လုံးမှာတောင်ကြည့်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ဒါဘယ်သူလဲလို့မေးတဲ့အဆင့်တွေ ရောက်ကုန်တယ်။ အဲဒီတော့ကျနော်တို့ကရင်တွေမှာ လည်းစောဘဦးကြီးပုံဆိုတာ ဘယ်သွားသိတော့မလဲ။ ဒါကြောင့်မို့ ကျနော်တို့က နှစ်စဉ်ကျင်းပပြီး ဒီလူငယ်တွေကိုပြန်လည်ပြီးတော့ နိုင်ငံရေးအသိနိုးကြားတက်ကြွလာအောင်၊ မှန်ကန်တဲ့ အမျိုးသားစိတ်ဓာတ်ရှိလာအောင် ကျနော်တို့က လှု့ံဆော်ကြတယ်။ အဲဒီတော့ ဒီအာဇာနည်နေ့မှာ ကျနော်တို့ကလူငယ်တွေကို အမြဲတမ်း အတိတ်ကဖြစ်ခဲ့တာတွေကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း၊ တစ်နှစ်ချင်းတစ်နှစ်ချင်းရဲ့ အဖြစ်ပေါ်မူတည်ပြီး လူငယ်တွေလမ်းကြောင်းမှန်အောင် လမ်းကြောင်းပေးရတာပေါ့။

မျိုးဆက်သစ်ကရင်လူငယ်များအတွက်တိုက်တွန်းစကား

အရင်၁၉၄၉ခုနှစ်က လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်လာတယ်။ လက်နက်ကိုင်ဆိုတော့ ပြောရမယ်ဆိုစာမတတ်လည်းရတယ်။ စာတတ်လည်းရတယ်။ ချ၊တိုက်ပွဲမှာပဲ။ယှဉ်ပြိုင်ကြတာကိုး။ ဒီကနေ့ကပြောင်းလဲသွားပြီ။ လူငယ်တွေကစာတတ်ဖို့လိုတယ်။ အဘက်ဘက်ကလိုတာပေါ့နော်။ အထူးသဖြင့်က ဘယ်နေရာဖြစ်ဖြစ် သမိုင်းကအရေးကြီးတယ်။ ဒေါက်တာသန်းထွန်း(သမိုင်းပညာရှင်) ပြောဖူးပါတယ်။ သမိုင်းသင်တယ်ဆိုတာမ“အ”အောင်သင်တာ။ သမိုင်းမသိရင် ခင်ဗျားပညာဘယ်လောက်တတ်တတ် သူများလိမ်ရင်ခံရတာပဲ။ အဲဒါကြောင့်မို့ သမိုင်းဆိုတာကတော့ ခေတ်အဆက်ဆက်ဖြတ်သန်းမှုကို ရေးထားတဲ့မှတ်တမ်းတွေပေါ့ဗျာ။ အဲတော့ ဒါကြီးကိုကျနော်တို့က ဘာမှမလေ့လာတော့ဘူးဆိုရင် ဟိုး..အရင်တုန်းကကိုယ်မှားခဲ့တဲ့အမှားကိုလည်း ကိုယ်ပြန်မသိတော့ဘူး။ ဟိုး…အရင်တုန်းက သူများလိမ်ခဲ့တဲ့အလိမ်ကိုလည်း ကိုယ်ပြန်မသိတော့ဘူး။

ဒါကြောင့် မို့ကျနော်တို့လူငယ်တွေဟာ ကိုယ့်ဘဝတက်လမ်းအတွက် ဘာပညာ၊ ဘာဘာသာရပ်ကိုပဲ သင်သင်သမိုင်းကိုတော့လေ့လာပါ။ သမိုင်းမသိရင် ဘဝကိုမသိတော့ဘူး။ ကိုယ့်လက်ထက်မှာ ကိုယ့်အခြေအနေနဲ့ကိုယ်ပျော်ပိုက်နေတယ်။ ဒါတွေဟာ အောက်ခြေလွတ်ပြီးမှ အတွေးအခေါ်တွေ မှားယွင်းသွားတတ်တယ်။ ဒါကြောင့်မို့ လူငယ်တွေကိုပြောချင်တာက ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက် ကိုယ့်ဘဝတက်လမ်းအတွက် သီးခြားဘာသင်မလဲ။ ဒီပညာကအကျိုးပေးပါတယ်။ ဒါပေမယ့်သိထားဖို့က သမိုင်းကိုတော့သိဖို့လိုတယ်။ သမိုင်းကိုမသိရင် ကိုယ့်ပညာဟာ သခင်ပညာမဟုတ်တော့ဘဲနဲ့ ကျွန်ပညာဖြစ်သွားတတ်တယ်။ သမိုင်းသိမှ ကိုယ်တတ်တဲ့ပညာကို သခင်ပညာလုပ်လို့ရမယ်။ ကိုယ်တတ်တဲ့ပညာဟာ သမိုင်းမသိရင် ကျွန်ပညာဖြစ်သွားမယ်။ အဲဒါကိုတော့ကျနော် အတိအလင်းပြောလိုပါတယ်။

၆၆နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အတွက် အမှတ်တရ လက်ဆင့်ကမ်းစကား

ကျနော်သီးသန့်ပြောချင်တာကတော့ ဒီစောဘဦးကြီးရဲ့ အရင်ကပြောခဲ့တဲ့ စကားကို ကျနော်ပြန်ပြောချင်တယ်ပေါ့နော်။ ကျနော်တို့ ၁၉၄၈ခုနှစ်တုန်းက ကျနော်တို့မော်လမြိုင်တို့၊သထုံတို့ဘက်မှာKNDO (ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်)နဲ့MNDO(မွန်အမျိုးသားကာကွယ်ရေးတပ်မတော်)တွေဟာ မြို့တွေကိုသိမ်းတယ်။ မြို့တွေကိုပြန်ပြီးတော့ အစိုးရလက်ထဲအပ်ဖို့အတွက် စောဘဦးကြီးလာပြီးပြောတော့ သူတို့အကုန်လုံး မြို့တွေကိုအစိုးရလက်ထဲအပ်လိုက်တယ်။ အပ်လိုက်ပြီးမှ စောဘဦးကြီးဘာပြောလဲဆိုတော့ ကရင်တွေဟာ ကရင်ပြည်ကြီးရချင် ရင်ဗမာတွေပေးချင်အောင်လုပ်ပါ။ ဗမာတွေကလည်း ကရင်တွေကို ကရင်ပြည်မပေးချင်ဘူးဆိုရင် ကရင်တွေမတောင်းချင်အောင်လုပ်ပါ။ ဒါသူပြောခဲ့တဲ့စကား။

နောက်ပြီးမှ သူပြောခဲ့တာရှိသေးတယ်။ တို့ကရင်ပြည်ရရှိရေးအတွက် လမ်းကြောင်းသုံးခုရှိတယ်။ တစ်ခုကအစိုးရကသနားပြီးပေးလို့ ငါတို့ကရင်ပြည်ရတာလည်းရနိုင်တယ်။ ဖြစ်နိုင်တယ်။ နောက်ပြီးမှ ကိုယ်က တိုက်ယူလိုက်လို့ ကရင်ပြည်ရတာလည်းဖြစ်နိုင်တယ်။ နောက်တစ်ခုက အခြေအနေအရပ်ရပ်ကတွန်းပို့လို့ အဲဒီနည်းနဲ့လည်း ကရင်ပြည်ရနိုင်တယ်လို့သူပြောခဲ့တယ်။ ကျနော်တို့ပြန် သုံးသပ်ကြည့်ရင် အစိုးရကလည်း ကျနော်တို့ကို ကရင်ပြည်မပေးခဲ့ပါဘူး။ မရဘူး။ တိုက်ယူတယ်။နှစ်ပေါင်း (၆၀)ကျော်၊ (၇၀)နီးပါးရောက်ပြီ။ လူတွေပင်ပမ်းလို့ တတိယနိုင်ငံထွက်ကုန်ပြီ။ အဲတော့ အခုပေးအပ်နေတာက အခြေအနေအရပ်ရပ်ရဲ့တွန်းပို့မှု၊ ဖိအားပေးမှုတွေကြောင့်မို့လို့ ကျနော်တို့စစ်မှန်တဲ့ ကရင်ပြည်နယ်ဖက်ဒရယ်ပြည်ထောင်စုကိုရဖို့ ဒီကနေ့အလားအလာရှိလာတယ်။

လူငယ်တွေကစာတတ်ဖို့လိုလာပြီ။ပညာမတတ်ရင်ဘာမှမသိဘူး။ဗိုလ်ချုပ်ကြီးလုပ်တယ်။စစ်တိုက်ရာကတက်လာတယ်။ တိုက်ရည်နဲ့တက်လာတယ်။ တပ်ကိုလည်းစီမံခန့်ခွဲမှုမလုပ်တတ်၊ စစ်ရေး၊သေနင်္ဂဗျူဟာ အခြေအနေတွေပြောင်းတာကိုလည်း မစီမံတတ်ဆိုရင်ဘာသွားလုပ်မလဲ။ တပ်ပျက်ကြီးဖြစ်မှာပဲ။ ခေါင်းဆောင်လုပ်တဲ့သူတွေကလည်း ခေတ်နဲ့ညီတဲ့ ပညာတွေ ဗဟုသုတတွေပြည့်ဝထားမှသာလျှင် ကျနော်တို့ ကကမ္ဘာနဲ့လည်းဆက်ဆံနိုင်မယ်။ ပြည်ထောင်စုနဲ့လည်းဥမကွဲ၊ သိုက်မပျက် ကျနော်တို့ကသူများနဲ့ရင်ဘောင်တန်းပြီးမှ တန်းတူအခွင့်အရေးတွေကို ကျနော်တို့ပူးပေါင်းဆောင်ရွက်သွားနိုင်မယ်။ ကရင်လူမျိုးကိုလည်းဖွံ့ဖြိုးတိုးတက်တဲ့ လူမျိုးဖြစ်အောင်၊ မှန်မှန်ကန်ကန်လမ်းပြပြီးမှ ဖွ့ံဖြိုးတိုးတက်တဲ့ပြည်နယ်ဖြစ်အောင် ကျနော်တို့လုပ်သွားရမယ်။

ဒါကြောင့်မို့ လူငယ်တွေကို ကျနော်အထူးပြောလိုတာက ဒီကနေ့အသက်အရွယ်ငယ်ရွယ်တုန်းမှာ ပညာကိုသင်ကြပါ။ ဗဟုသုတကိုရှာကြပါ။ ပညာဆိုတာက ကျောင်းပညာနဲ့ ကျောင်းပြင်ပပညာ။ ကျောင်းပညာကလည်း တတ်ထားဖို့လိုသလို ကျောင်းပြင်ပ ပညာကလည်း များများတတ်ဖို့လိုတယ်။ အဲတော့ လူငယ်တွေလည်း ကိုယ်ကအမျိုးသားကို တိုက်ရိုက်ခေါင်းဆောင်ဖို့အတွက် အခွင့်အခါမရသေးတဲ့ ကာလမှာ ကိုယ့်အမျိုးသားကို ခေါင်းဆောင်နိုင်အောင် ရသမျှပညာကို ပြည့်ပြည့်ဝဝကျိုးကုပ်ပြီးမှ သင်မယ်ဆိုရင် ကိုယ့်အလှည့်ခေါင်းဆောင်မှုကျလာတဲ့အခါ ကိုယ်က လွယ်လွယ်လေးနဲ့ ခေါင်းဆောင်လာနိုင်ပါမယ်။

------
ပဒိုစောသမိန်ထွန်းသည်လက်ရှိကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီးကရင်အမျိုးသားသမိုင်း၊တော်လှန်ရေးသမိုင်းနှင့်မြန်မာ့သမိုင်းများကိုမျိုးဆက်သစ်လူငယ်များအားပြန်လည်လက်ဆင့်ကမ်း၊ဟောပြော၊ သင်ကြားပို့ချပေးလျှက်ရှိသည့်ကရင်အမျိုးသားတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...