သူရဲသမိန်ရွာရဲ့မျက်နှာကို အကြမ်းဖက်မှုနဲ့ အိုးမဲသုတ်သူများ

သူရဲသမိန်ရွာရဲ့မျက်နှာကို အကြမ်းဖက်မှုနဲ့ အိုးမဲသုတ်သူများ
by -
မောင်ကျော်စွာ/ကေအိုင်စီ
ဒီချုပ်ပါတီရဲ့ အသုံးများတဲ့ ဝေါဟာရစာရင်းထဲမှာ “တွေ့ဆုံဆွေးနွေးရေး”၊ “အမျိုးသားပြန်လည်သင့်မြတ်ရေး”၊ “တရားဥပဒေ စိုး မိုးရေး”၊ “ပွင့်လင်းမြင်သာမှုရှိရေး”၊ “တာဝန်ယူမှုနဲ့ တာဝန်ခံမှု”တို့ဟာ ထိပ်ဆုံးက နေရာယူထားကြမယ့် စကားလုံးတွေ ဖြစ်လိမ့် မယ်လို့ ထင်ပါတယ်။

“ပွင့်လင်းမြင်သာမှုရှိရေး” ဆိုတဲ့စကားလုံးကတော့ ဒီချုပ်ပါတီဟာ “အစိုးရ” ဖြစ်လာပြီးတဲ့နောက် အသုံးကျဲသွားတာ သတိပြုမိပါ တယ်။ ဒီစကားလုံးအစား အသုံးတွင်ကျယ်လာတဲ့ စကားလုံးကတော့ “တရားဥပဒေစိုးမိုးရေး” ဖြစ်ပါတယ်။ အစိုးရဖြစ်လာတော့ “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”လို့ ဟိုတုန်းကလို ပြောလို့ မဖြစ်တော့ဘူး။ ကိုယ်တိုင် မဆီလျော်တာ၊ မတရားတာ သိပေမယ့် “လေးစားလိုက်နာထိန်းသိမ်းကာကွယ်ပါ့မယ်”လို့ ၂၀၀၈ အခြေခံဥပဒေကို ကတိသစ္စာပြုထားရလေ တော့ လိပ်ပြာမသန့်တာကြောင့်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

ကိုယ်တိုင်အုပ်စိုးတဲ့သူ ဖြစ်လာတဲ့အခါကျတော့ အာဏာဆိုတဲ့ စကားလုံးကို ဥပဒေဆိုတဲ့ စကားလုံးနဲ့ ပြောင်းပြောကြရတာ မဆန်းကျယ်ဘူးလို့ ထင်ပါတယ်။

တကယ်တော့ “ဥပဒေ”ဆိုတာ သူ့ချည်းတော့ ဘာမှ  အသက်ခွန်အားရှိလှတာ မဟုတ်ပါဘူး။ သေနတ်နဲ့ အသက်သွင်းယူရတာ ပါ။ ဒီအဓိပ္ပါယ်အနှစ်သာရကို ပေါ်လွင်စေတဲ့ စကားရပ်ကတော့ “ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်” ဆိုတဲ့စကားပါပဲ။ အာ ဏာကို တည်တံ့စိုးမိုးအောင် လုပ်ရတဲ့လုပ်ငန်းစဉ်မှာ သေနတ်က အရေးပါတယ်။ သေနတ်ကျောထောက်နောက်ခံမရှိတဲ့ ဥပဒေ ကို ဘယ်သူကမှ အရေးမလုပ်ပါဘူး။

အလွယ်ဆုံးသဘောကတော့ ငွေစက္ကူတွေလိုပေါ့။ စက္ကူပေါ်မှာ ကိန်းဂဏန်းဖော်ပြပြီး တန်ဖိုးအဘယ်မျှရှိသည်လို့ ရိုက်နှိပ်ထား ရုံနဲ့ တန်ဖိုးရှိလာတာ မဟုတ်ဘူး။ သူ့ကို ကျောထောက်နောက်ခံပေးထားရတဲ့ ရွှေအာမခံရှိရမယ် မဟုတ်လား။ ဒါမှ ဒီငွေစက္ကူကို ဘယ်နေရာမှာမဆို လဲလှယ်သုံးစွဲနိုင်မှာပေါ့။ ဥပဒေမှာလည်း ဒီလိုပါပဲ။ ဒီဥပဒေကို အသက်သွင်းပေးရတဲ့၊ ဒီဥပဒေကို ထက်မြက် ရှင်သန်နေစေဖို့ စစ်တပ်၊ ထောက်လှမ်းရေး၊ ရဲ၊ တရားရုံး၊ အကျဉ်းထောင် စတဲ့ အင်အားသုံးရတဲ့ ယန္တရားတွေနဲ့ ကျောထောက် နောက်ခံပေးရပါတယ်။ “ရာဇဝတ်ဘေးပြေးမလွတ်” ဆိုတာမျိုးနဲ့လည်း တဖက်က ခြောက်ရသလို။ “စည်းကမ်းလိုက်နာ ဘေး ကင်းကွာ၊ စည်းမျဉ်းကိုက်ညီ ဘေးကင်းသည်”ဆိုတာမျိုးတွေနဲ့လည်း အခြားတစ်ဖက်ကနေ ချော့မော့ပညာပေးလေ့ရှိပါတယ်။

“သေဒဏ်၊ တသက်တကျွန်းဒဏ်၊ အလုပ်ကြမ်းနဲ့ နှစ်ရှည်ထောင်ဒဏ်” စတဲ့ အပြစ်ပေး၊ အရေးယူမှုတွေလုပ်ပြပြီး အာဏာရ အုပ်စိုးသူလူတန်းစားက အုပ်စိုးခံလူတန်းစားအား  ခြိမ်းခြောက်ပြပါတယ်။ (မဆလ)၊ (နဝတ-နအဖ) စစ်အစိုးရတွေနဲ့ စစ်အုပ်စု အမွေခံအစိုးရတွေ စိုးမိုးထားတဲ့ ကာလတစ်လျှောက်လုံးမှာ နှစ်ရှည်ထောင်ဒဏ်ခံခဲ့ရသူ၊ ထောက်လှမ်းရေး စစ်ကြောရေးငရဲ ခန်းမှာ ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ကြရသူအများစုဟာ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးသမားတွေဖြစ်ပါတယ်။ လူသတ်၊ မုဒိမ်း၊ ခိုးဆိုးနှိုက် ရာဇဝတ်သားတွေကို ဖောချင်းသောချင်း လွတ်ငြိမ်းခွင့်ပေးတာလည်း စစ်အစိုးရအဆက်ဆက်ရဲ့ အမွေခံ၊ သြဝါဒခံ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ သူ့အုပ်စိုးစဉ်ကာလမှာ အကျဉ်းသားတွေ အကြိမ်ကြိမ် လွှတ်ပေးပါတယ်။ “နိုင်ငံရေးအကျဉ်းသား မရှိဘူး”လို့ အခုထိပြောနေတုန်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီတို့၊ တရားဥပဒေစိုးမိုးရေးတို့အကြောင်းကို ပြောနေပြီဆိုရင် အဲဒီပြောဆိုနေတဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေ တို့ဟာ ဘယ်သူတွေအတွက် ရှိနေတဲ့ ဒီမိုကရေစီလဲ။  ဘယ်သူ့အုပ်စိုးမှုကို အကာအကွယ်ပေးနေတဲ့ တရားဥပဒေစိုးမိုးရေးလဲ ဆိုတဲ့မေးခွန်းနဲ့ စိစစ်ရလိမ့်မယ်။ ဆန်းစစ်ရလိမ့်မယ်။

ဆိုပါစို့။ အလုပ်သမား၊ လယ်သမား၊ ပညာတတ်ဓနရှင်ပေါက်စ လူတန်းစားတွေနဲ့ အမျိုးသားကုန်ထုတ်လုပ်ငန်းပိုင်ရှင်များအ တွက် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးလား သို့တည်းမဟုတ် စစ်ဗျူရိုကရက် ဓနရှင်လူတန်းစားနဲ့ စားဖော်သောက်ဖက် ခရိုနီ ထိပ်သီးတစ်စုအတွက်သာ အရေးသာစေပြီး ကြီးပွားတည်တံ့စေတဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေလားဆိုတာ ပိုင်းခြားဆန်းစစ်ကြရ ပါလိမ့်မယ်။

၂၀၀၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေဆိုတာတွေကတော့ စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားနဲ့ ခရိုနီထိပ်သီးတစ်စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဘုံအကျိုးစီးပွားအတွက် အကွက်ချရေးသားပြီး စိတ်ကြိုက်အတည်ပြုထားတဲ့ ဥပဒေတွေပဲ ဖြစ်ပါ တယ်။ ဒီဥပဒေတွေရဲ့ အနှစ်သာရက စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားနဲ့ ခရိုနီထိပ်သီးတစ်စုအတွက် နိုင်ငံရေး၊ စီးပွားရေးလုပ် ပိုင်ခွင့်တွေကို ဥပဒေအခွင့်အရေးအဖြစ် ပြဋ္ဌာန်းပေးပြီး - ဒီအကျိုးစီးပွားတွေကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်သူတွေကို ဒီ ဥပဒေတွေက ကြီးလေးတဲ့ အပြစ်ပေးနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးကို အပြောများလာတဲ့ အနေအထားအောက်မှာ အပေါ်လွင်ဆုံးဖြစ်ရပ် နှစ်ခု နှိုင်းယှဉ်တင်ပြလိုပါတယ်။

-       အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများရဲ့ ဆန္ဒပြမှုတွေအပေါ် ဥပဒေ၊ အာဏာပိုင်များရဲ့ အပြုအမူနဲ့

-       ဘာသာရေး လူမျိုးရေးဗန်းပြ အကြမ်းဖက် လုယက်ဖျက်ဆီးသတ်ဖြတ်မှုများအပေါ် ဥပဒေ၊ အာဏာပိုင်များရဲ့ အပြုအမူ

အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများရဲ့ ဆန္ဒပြမှုတွေအပေါ်  ဥပဒေ၊ အာဏာပိုင်များရဲ့အပြုအမူ

            သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသက်တမ်း ကာလတစ်လျှောက်လုံးနဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ဒီချုပ်ပါတီအစိုးရသက် တမ်းကာလ (ပထမရက် ၁၀၀ကာလအတွင်း)မှာပဲဖြစ်ဖြစ်၊ ဆန္ဒပြမှု၊ သပိတ်မှောက်မှုဖြစ်တာနဲ့ အချိန်နဲ့တပြေးညီ ထိထိရောက် ရောက်၊ ပြင်းပြင်းထန်ထန်၊ ရက်ရက်စက်စက်၊ ကြမ်းကြမ်းတမ်းတမ်း၊ (သေနတ်၊ မီးလောင်ဗုံး၊ သံဆူးကြိုး၊ နံပါတ်ဒုတ်၊ ဒိုင်း စသဖြင့် လက်နက်အပြည့်အစုံ) အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွဲလေ့ရှိပါတယ်။ ပုဒ်မ ၅၀၅(ခ) လို ပုဒ်မကြီးကြီးတပ်ပြီး တရား စွဲတင်ပို့ ထောင်ချပစ်လေ့ရှိပါတယ်။ ဒီလိုလုပ်ရပ်တွေ၊ ဖြစ်ရပ်တွေကို သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသက်တမ်း ကာလတစ် လျောက်လုံး တွေ့မြင်ခဲ့ရသလို ယခုလက်ရှိ သမ္မတ ဦးထင်ကျော် ဒီချုပ်ပါတီ အစိုးရလက်ထက်မှာလည်း ဆက်လက်မြင်တွေ့နေ ရဆဲ ဖြစ်ပါတယ်။

ဘာသာရေးလူမျိုးရေးဗန်းပြ အကြမ်းဖက် လုယက် ဖျက်ဆီး သတ်ဖြတ်မှုများအပေါ် ဥပဒေ၊ အာဏာပိုင်များရဲ့အပြုအမူ

အထက်မှာတင်ပြခဲ့တဲ့ ဆန္ဒပြမှုတွေ၊ သပိတ်မှောက်မှုတွေကို ကိုင်တွယ်တာနဲ့ ဗြောင်းပြန်ဖြစ်ပါတယ်။

ဘာသာရေး၊ လူမျိုးရေးဗန်းပြ အကြမ်းဖက်လုယက်သတ်ဖြတ်သူတွေကို ရဲတွေက တအူတုံ့ဆင်း ညီအစ်ကိုအရင်းသဖွယ်၊ ရဲ ဘော်ရဲဘက်သဖွယ်၊ ညင်ညင်သာသာ၊ ညှာညှာတာတာ၊ ချိုချိုသာသာ ကိုင်တွယ်လေ့ရှိပါတယ်။ သို့တည်းမဟုတ် မီးဟုန်းဟုန်း တောက်လောက်နေတော့မှ နေအိမ်အဆောက်အအုံ ဘုံးဘုံးလဲ ပျက်စီးပြိုကျပြီးတော့မှ လူအမြောက်အများ သေကျေဒဏ်ရာရ ပြီးတော့မှ သူတို့ ရောက်လာလေ့ရှိပါတယ်။

ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပရဝုဏ်ထဲ အဓမ္မ စေတီဝင်တည်တော့လည်း စေတီတည်ပြီးတဲ့အထိ လက်ပိုက်ကြည့်နေပါတယ်။ မည်သည့်အဆင့် အာဏာပိုင်ဆိုသူကမျှ မတို့ မထိပါဘူး။

ယခု လတ်တလောဖြစ်ပွားခဲ့တဲ့ “သူရဲသမိန်ရွာကြီး”က အကြမ်းဖက်မှု ဖြစ်ရပ်ကိုပဲကြည့်ပါ။ အစိုးရပိုင် သတင်းစာတွေရဲ့ ဖော်ပြ ချက်ကို ဖတ်ကြည့်ပါ။ ဘယ်လောက်ဘက််လိုက်ဖော်ပြသလဲဆိုတာ တွေ့ရပါလိမ့်မယ်။ လိုသလောက်ပဲ ကောက်နုတ်ပြပါရစေ။

-       “ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင် ရွာသူရွာသားအချို့ ခိုက်ရန်ဖြစ်ပွားမှု” တဲ့။

-       “ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရာရှစ် ဆိုသူမှာ ဝဲဘက်ချိုစောင်းတွင် အနည်းငယ်ဒဏ်ရာရှိခဲ့သဖြင့်” တဲ့။

-       “သူရဲသမိန်ကျေးရွာမှ ရွာသူရွာသား ၂၀၀ခန့်သည် ညနေ ၃နာရီခွဲခန့်တွင် ယင်းရွာရှိ ဘာသာရေးအဆောက်အအုံ နှင့် အနီးရှိနေအိမ်မှ ပစ္စည်းများအား ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ညနေ ၄နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်း” တဲ့။

-       “အရင်က ဒီရွာမှာ အခုလို ပြဿနာမျိုး မရှိခဲ့ပါဘူး။ စိတ်အခန့်မသင့်လို့ ဖြစ်သွားတယ်လို့ မြင်ပါတယ်” တဲ့။

(“အရင်က ဒီရွာမှာ  ဒီလိုပြဿနာမျိုး မရှိခဲ့ပါဘူး” ဆိုတော့ “ပြင်ပ ပယောဂ ပါတယ်” လို့ ဝန်ခံတာပဲ။ “ စိတ်အခန့်မသင့်လို့ဖြစ် သွားတယ်လို့မြင်တယ်” ဆိုတာကတော့ အမှုပေါ့အောင်ပြောတဲ့ လူပါးလေပြေထိုးတဲ့ အပေါက်ပါ) ဒီလိုအရေးအသားဟာ အစိုးရ ပိုင် သတင်းစာတွေရဲ့ မလိုတမျိုး လိုတမျိုး၊ ပဋိပက္ခလျှော့ချရေး ဂျာနယ်လစ်ဇင်းပဲ ထင်ပါရဲ့။

အစိုးရပိုင်သတင်းစာက သူရဲသမိန်ကျေးရွာက အကြမ်းဖက်မှုကို ဘယ်လိုသဘောထားသလဲဆိုတာ အရောင်ခြယ်ပြထားတဲ့ စကားလုံးကိုကြည့်တာနဲ့ အလွယ်တကူ သိနိုင်ပါတယ်။ သတင်းစာဖော်ပြချက်အရဆိုရင် ကြာမြင့်ချိန် တစ်နာရီလောက်အတွင်း မှာ ဘာသာရေးအဆောက်အုံနဲ့ အနီးရှိ နေအိမ်ကတော့ ဘုံးဘုံးလဲ ပျက်စီးသွားလောက်ပါတယ်။ ဒီလို တနာရီလောက် စိတ် ကြိုက်ဖျက်ဆီးနေတာကို ဥပဒေအာဏာပိုင်တွေက လက်ပိုက်ကြည့်နေကြတယ် ထင်ပါတယ်။ (တစ်နာရီ မကနိုင်ပါဘူး။ ဒီထက် ကြာပါတယ်၊ အစိုးရသတင်းစာက လီဆယ်ဖော်ပြတာပါ)

(ဆိုရှယ်မီဒီယာမှာ ဖော်ပြနေတဲ့ အပျက်အစီးဓါတ်ပုံတွေက အစိုးရပိုင်သတင်းစာရဲ့ ဖော်ပြချက်ထက် များပါတယ်။ အကြမ်းဖက် ဖျက်ဆီးသူများရဲ့ဓါတ်ပုံများလည်း အထင်အရှားမြင်နိုင်ပါတယ်။ ဒါတွေကို ထိထိရောက်ရောက် ဖမ်းဆီးအပြစ်ပေး အရေးယူဖို့ လိုပါတယ်)

အလုပ်သမား၊ လယ်သမား၊ ကျောင်းသားဆန္ဒပြပွဲတွေကို ဖြိုခွဲပြီဆိုရင် “အကြမ်းဖက်ဆူပူလိုသူ တစ်စု”ဆိုပြီး သွက်သွက်ကြီး အိုးမဲသုတ် သရုပ်ဖျက်လေ့ရှိတဲ့ အစိုးရပိုင်သတင်းစာက သူရဲသမိန်ရွာက အကြမ်းဖက်မှုကိုတော့ “ရွာသူရွာသား ၂၀၀ခန့်သည်” တဲ့။ သူရဲသမိန်ကျေးရွာဟာ အိမ်ခြေ ၉၀၀၀ခန့်ရှိတဲ့ တိုက်နယ်အဆင့်ရှိတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ လူ ၂၀၀က အကြမ်းဖက် ဖျက်ဆီးတာကို “ရွာသူရွာသား ၂၀၀ခန့်”တဲ့။ သူရဲသမိန်ကျေးရွာကို ဒီလို အကြမ်းဖက်ဖျက်ဆီးတဲ့ လူရမ်းကား ၂၀၀ရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ညစ်ပတ်အောင်လုပ်ခဲ့ပြီ။ သူရဲသမိန်ရွာရဲ့မျက်နှာကို အကြမ်းဖက်မှုနဲ့ အိုးမဲသုတ်ခဲ့ကြပြီ။

ဒီလို ဘာသာရေး၊ လူမျိုးရေး ဗန်းပြတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ဗဟိုအမိန့်ပေးဌာနတစ်ခုကနေ မြို့နယ်အလိုက် အမိန့်ပေး စေခိုင်းလှုပ်ရှားနေပုံ ပေါ်ပါတယ်။ သူရဲသမိန်ကိစ္စမှာ လူမသတ်ဖို့နဲ့၊ မီးမရှို့ဖို့ အကြမ်းဖက်ဗဟိုက ညွန်ကြားထားလေသလားလို့ လည်း အတွေးပွါးမိပါတယ်။ ဒီချုပ်ပါတီအစိုးရဟာ ဘာသာရေး လူမျိုးရေး ဗန်းပြအကြမ်းဖက်မှုတွေကို ရဲရဲတင်းတင်း ကိုင်တွယ် ဖို့ လိုပါတယ်။

ဘာသာရေးလူမျိုးရေးဗန်းပြ အကြမ်းဖက်မှုတွေနဲ့ မတရားမှုတွေကို မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက် မကိုင်တွယ်တာဟာ (ဖြေးဖြေးနှေးနှေးကိုင်တွယ်တာဟာ) ဘာသာရေးလူမျိုးရေးဗန်းပြ အကြမ်းဖက်မှုတွေနဲ့ မတရားမှုတွေ ကာယကံမြောက် အား ပေးအားမြှောက် ပြုရာရောက်ပြီး ထိခိုက်ခံစားရသူများကို လှောင်ပြောင်စော်ကား ပျက်ရယ်ပြုတာပဲ ဖြစ်ပါလိမ့်မယ်။

အလုပ်သမား၊ လယ်သမား၊ ကျောင်းသားဆန္ဒပြမှုတွေကို ကိုင်တွယ်ပုံနဲ့ ဘာသာရေးလူမျိုးရေးဗန်းပြ အကြမ်းဖက်သမားတွေအ ပေါ် ကိုင်တွယ်ပုံတွေကို အမှန်တကယ်၊ အလျင်အမြန် ပြောင်းလဲပစ်ဖို့လိုနေပါတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား တွေ ဆန္ဒပြပြီဆိုရင် အင်အားသုံးဖြိုခွင်းဖို့ လက်မြန်လက်ယဉ်လှပြီး လျှပ်ပြက်သလို လျင်မြန်လှသော်လည်း၊ ဘာသာရေးလူမျိုး ရေးဗန်းပြ အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော့ ပက်ကျိလမ်းသွားသလို၊ စည်တော်ကြီးတီးသလို နှေးလွန်း၊ လေးလွန်းလှတယ်။

သူရဲသမိန်ရွာက အကြမ်းဖက်မှုကိစ္စ၊ ကရင်ပြည်နယ်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းပရဝုဏ်ထဲ အဓမ္မစေတီတည်ဆောက်မှု ကိစ္စတွေကို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံပြည်သူများက ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ လိုပါတယ်။ အရေးဆိုကြဖို့ လိုပါတယ်။  နိုင်ငံရေးပါတီများကလည်း လက်ပိုက်ကြည့်မနေသင့်ပါဘူး။

ပြီးတော့ “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ကြွေးကြော်သံကို စွန့်လွှတ်သူတွေက (ယာယီပဲဖြစ် ဖြစ်/ အစဉ်ထာဝရပဲဖြစ်ဖြစ်) စွန့်လွှတ်သွားကြသည့်တိုင် ကျနော်တို့ လူမျိုးပေါင်းစုံပြည်သူများကတော့ ဆက်လက်ကိုင်စွဲပြီး တိုက်ပွဲဝင်နေကြရပါလိမ့်အုံးမယ်။
ညွန်း

-       ၂၄ ဇွန် ၂၀၁၆ - မြန်မာ့အလင်းသတင်းစာ

-       ၂၅ ဇွန် ၂၀၁၆ - မြန်မာ့အလင်းသတင်းစာ

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...