နိမ့်ကျနေသော ချင်းပြည်နယ်၏ ပညာရေးကဏ္ဍကို ဘယ်လိုကိုင်တွယ်သင့်လဲ

နိမ့်ကျနေသော ချင်းပြည်နယ်၏ ပညာရေးကဏ္ဍကို ဘယ်လိုကိုင်တွယ်သင့်လဲ
by -
ခိုနူမ်းထုန်
ဆလိုင်းရောဘတ် – မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အသီးသီးအနက် အဆင်းရဲဆုံးပြည်နယ်ကို ပုံနှင့် တကွဖော်ပြပါဟု စာမေးပွဲမေးခွန်းလွှာတွင် ပါလာပါက ဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် ချင်းပြည်နယ်ဟု တညီတညွတ်တည်း ဖြေဆိုကြမည်ဖြစ်သည်။ အလားတူ တိုင်း နှင့် ပြည်နယ်အသီးသီးအနက် တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံးပြည်နယ်ကို ဖော်ပြပါ ဟု မေးမြန်းလာပါက ချင်းပြည်နယ်ဟုပင် ထပ်မံဖြေဆိုကြဦးမည်သာဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ချင်းပြည်နယ်သည် ယခုလက်ရှိအခြေအနေတွင် UNDP ၏ စစ်တမ်းအရ အဆင်းရဲဆုံးပြည်နယ် အဖြစ်သတ်မှတ်ခံထားရပြီး၊ ပညာရေးတွင်လည်း ပြီးခဲ့သည့် ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင် တန်း အောင်ချက်အနည်းဆုံး ပြည်နယ်ဖြစ်ခဲ့ရခြင်းကြောင့် ဖြစ်သည်။

၂၀၁၅-၁၆ ပညာသင်နှစ်၌ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ (၉၈၄၆) ဦးရေရှိသည့်အနက် (၁၄၁၄) ဦးသာ အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့်ကြည့်မည်ဆိုလျင် (၁၄.၃၆) ရာခိုင် နှုန်းသာရှိသည်။

ချင်းပြည်နယ်သည် ယခင်နှစ်များကဲ့သို့ပင် မြန်မာနိုင်တစ်နိုင်ငံလုံးတွင် အောင်ချက်အနည်းဆုံး ပြည်နယ်အဖြစ် ဆက်လက် ရပ်တည်နေပြီး အောင်ချက်ရာခိုင်နှုန်း ၃၉.၃၇ရှိသော မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး၏ အောင်ချက် အများဆုံးဖြစ်သည်။

ယင်းကဲ့သို့ အနှုတ်လက္ခဏာဆောင်သော တံဆိပ်များကပ်ခံရခြင်းသည် ချင်းပြည်နယ်အတွက် နမိတ်ကောင်းတော့ မဟုတ်ပေ။ ထို့ကြောင့်လည်း ချင်းပြည်နယ်သည် အဘယ့်ကြောင့် ပညာရေးကဏ္ဍတွင် နိမ့်ကျနေရသလဲဆိုသည့် အဖြေကို ရှာဖွေ ပြီး ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် ၀ိုင်းဝန်းအဖြေရှာကြရမည်မှာ ချင်းလူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။

ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ယင်းကိစ္စကို အလေးအနက်ထားရှိပြီး ချင်းပြည်နယ်ပညာရေး မြှင့်တင်ရေးနည်းဗျူဟာ စီမံကိန်းများလေ့လာရေးစွဲပြီး စနစ်တကျ အကောင်ထည်ဖော် ဆောင်ရတော့မည့်အချိန်ဖြစ်သည်။ ဒီနေရာတွင် ပြည်နယ် အစိုးရ နှင့် ချင်းပြည်သူလူထုအနေဖြင့် စဉ်းစားသင့်သည့် အချက်တစ်ချက်ကို ဖော်ပြရမည်ဆိုပါက မွန်ပြည်နယ်သည် မြန်မာနိုင်ငံ တိုင်း နှင့် ပြည်နယ်များအနက် တက္ကသိုလ်ဝင်တန်းအောင်ချက် အမြင့်ဆုံးပြည်နယ်အဖြစ် နှစ်စဉ်နှစ်တိုင်းရပ် တည်လျက်ရှိသည်။

အဘယ်ကြောင့် မွန်ပြည်နယ်သည် ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်ချက် ကောင်းမွန် နေရပါသလဲ၊ မွန်လူမျိုးများ သည် ချင်းလူမျိုးများကဲ့သို့ ပခုံးနှစ်ခုကြားခေါင်းတစ်လုံးရှိသည့် လူသားစစ်စစ်များဖြစ်ကြပြီး ဘာမှကွာခြားချက်မရှိပေ။ သို့သော် ၎င်းတို့သည် ချင်းလူမျိုးများထက် ပညာရေးမှာ ပိုမိုအောင်မြင်ရသလဲ၊ ချင်းလူမျိုးများထက် ဦးနှောက်ထက် မြက် ၍မဟုတ်ပေ။ ဤကိစ္စကို ချင်းပြည်နယ်အစိုးရအနေဖြင့် အလေးအနက်စဉ်းစားစေချင်သည်။ မွန်ပြည်နယ်မှာ ပညာရေး အတွက် မည်သို့မည်ပုံလုပ်ဆောင်ကြသလဲ၊ ဘယ်လိုနည်းစနစ်မျိုးသုံးကြသလဲ စသည့် အချက်များကို လေ့လာဆန်းစစ်ပြီး မိမိတို့ပြည်နယ်အတွက် ဘယ်လို အကောင်အထည် ပြန်လည်ဖော်ဆောင်ကြမလဲ စသည်တို့ကို ပြည်နယ်အစိုးရအနေဖြင့် လုပ်ဆောင်သင့်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ယနေ့ ကျောင်းသူကျောင်းသား မျိူးဆက်သစ်လူငယ်များသည် နောင်တချိန်တွင် ချင်းပြည်နယ်ကို ဦးဆောင်ကြမည့်သူများဖြစ်ခြင်းကြောင့်ပါပဲ။ ထို့ကြောင့် နောင်တချိန်တွင် တိုင်းပြည်၏ အရေးကြီးဆုံးအခန်းကဏ္ဍများကို ဦးဆောင်လာကြမည့် မျိူးဆက်သစ်လူငယ်များသည် ယခုချိန်ကတည်းက ကောင်းမွန်သော ပညာရေးစနစ်၊ အခြေခံ အဆောက်အဦး၊ တည်တံ့ခိုင်မြဲသော ပညာရေးအုပ်မြစ်များချပေးရန် လိုအပ်လှပါသည်။

ချင်းပြည်နယ်၏ အနာဂတ် ဖွံဖြိုးတိုးတက်ရေး၊ သာယာဝပြောသော ပြည်နယ်တခုအဖြစ် ရပ်တည်နိုင်ရေးအတွက်  ပညာရေးအခြေခံ အဆောက်အဦးကောင်းမွန်မှဖြစ်မည်။ ယင်းကိစ္စကို အစိုးရတစ်ခုတည်းဖြင့် အကောင်ထည်ဖော်ဆောင် နိုင်မည် မဟုတ်သကဲ့သို့ မိဘပြည်သူ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းဆရာများ၊ ကျောင်းသားကျောင်းသူများကလည်း အားကြိုးမာန်တက် ပူးပေါင်းပါ၀င်ကြိုးစာကြရမည်ဖြစ်သည်။

ချင်းပြည်နယ်ပညာရေးအခြေအနေနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်တုန်းက ဟားခါးမြို့တွင် “ချင်းပြည်နယ် အနာဂတ်ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ” ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတရပ်ကျင်းခဲ့ဘူးကြသည်။ ယင်းဆွေးနွေးပွဲ တွင် ချင်းပြည်နယ်မြို့နယ်အသီးသီးမှ ပညာရေးနယ်ပယ်တွင်အတွေ့အကြံုရှိကြသည့် ပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထား သော ILBC နှင့် NNER မှ တတ်သိပညာရှင်တွေအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်(၆၀) ကျော်က ချင်းပြည်နယ်၏ အနာဂတ် ပညာရေးအခြေအနေများ ကို ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ချင်းပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစိုးရ၏ တာဝန်ဝတ္တရားများ၊ မိဘများ၏ တာဝန်ဝတ္တရားများ၊ ကျောင်းဆရာ၊ ဆရာမများ၏ တာဝန်ဝတ္တရား များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ တာဝန်များ ဟုဆိုကာ ကဏ္ဍအလိုက် ပိုင်းခြားလေ့လာဆန်းစစ်ခဲ့ကြပြီးနောက် အလွန်ကောင်းမွန်သော ရလဒ်ကောင်းတစ်ခု အကြံ ပြုချက်ထွက်ပေါ်လာခဲ့သည်။

အဆိုပါအကြံပြုချက်များကို ချင်းပြည်နယ်အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ မိဘပြည်သူများ၊ ကျောင်းဆရာ/ မများ၊ ကျောင်းသား/သူ များကိုယ်တိုင် ပြန်လည်သတိချက်မိစေရန် ပြန်လည်တင်ပြလိုပါသည်။

အနာဂတ် ချင်းပြည်နယ် ပညာရေး ဖွံ့ဖြိုးရေးအတွက် မိဘများ၏ တာဝန်ဝတ္တရားများ

မိဘများသည် သားသမီးများ၏ ပညာရေးမြှင့်မားလာစေရေးအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်များဖြစ်ကြပြီး ပညာရေး ကဏ္ဍတွင် သားသမီးတစ်ဦးချင်းစီ၏ စိတ်နေသဘောထား နှင့် လိုအင်ဆန္ဒများကို သိရှိအောင် အမြဲကြိုးစားရမည်ဖြစ် သည်။

ထို့အပြင် မိဘများအနေဖြင့် မိမိကလေးများအား ရှေးဦးကလေးသူငယ်အရွယ်ကတည်းမှ ပြုစုပျိူးထောင်ပေးရာတွင် မိမိလိုချင်သည့် ပုံစံအတိုင်းမသွတ်သွင်းဘဲ ကိုယ်ပိုင်ကြံဆနိုင်စွမ်းနှင့် သင်ယူနိုင်ခွင့်ကို ပံ့ပိုးကူညီသင့်ပြီး အနည်းဆုံး အခြေခံပညာပြီးဆုံးနိုင်အောင် ကြိုးစားအားပေးသင့်သည်ဟု အနာဂတ် ချင်းပညာရေး ဆွေးနွေးပွဲမှ အကြံပြုထားသည်။

ကျောင်းဆရာ၊ ဆရာမများ၏ တာဝန်ဝတ္တရားများ

ကျောင်းဆရာ/မ များသည် ကျောင်းသား/သူများအတွက် ကျူရှင်သင်ကြားသည့် အလေ့အထ ပပျောက်ရန် ကျောင်းချိန်အတွင်း သင်ခန်းစာများကို အပြည့်အဝစေတနာထားပြီး သင်ကြားပေးရမည်။ ပညာသင်ကြားရာတွင်လည်း ကလေးများအခြေ ပြု သင်ကြားရေးစနစ်ဖြင့် ကလေးများ၏ ပင်ကိုယ်စွမ်းရည် ပေါ်ထွက်လာရေးကို ဦးစားပေးသင်ကြားပေးသင့်ပြီး ဆရာ/မ များအနေဖြင့် မိမိကိုယ်ကိုလည်း ထာဝရသင်ယူသူအဖြစ် ယုံကြည်လက်ခံကာ ကလေးငယ်များအပေါ် စေတနာ၊ ဂရုဏာ၊ အကြင်နာရှိရှိဖြင့် သင်ကြားပေးသင့်သည်။

ထို့အပြင် ကျောင်းဆရာ/မ များသည် ကလေးငယ်များ၏ အခြေအနေ၊ ပညာရေးအခြေအနေ၊ သင်ထောက်ကူပစ္စည်းများ နှင့် ပတ်သက်၍ ကျောင်းသားမိဘများနှင့် တစ်နှစ်လျှင်အနည်းဆုံး နှစ်ကြိမ်တွေ့ဆုံနွေးဆွေးသင့်ပြီး၊ ကျောင်းသား/သူ များ ပညာရေးမြှင့်တင်ရေးကိစ္စတွင် မိဘများနှင့်တိုင်ပင်ဆွေးနွေးကာ “စာလည်းသင်၊ လူလည်းပြင်’’ (ကာယ၊ ညာဏ၊ စရိတ္တ၊ သက်မွေး၊ ရသ) စနစ်များကို လုပ်ဆောင်သင့်သည်ဟု အကြံပြုထားပါသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ တာဝန်ဝတ္တရားများ

ဒေသတွင်းအခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂကဲ့သို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းကြီးများ အနေဖြင့် ပညာရေးအတွက် လိုအပ်သည့် အဆောက်အဦး၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ၊ ကျောင်း၊ ကျန်းမာရေး၊ အားကစား၊ ဂီတအနုပညာ၊ အဟာရများ စသည်တို့ကို တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးသင့်ပြီး၊ မိဘ၊ ဆရာ၊ ကျောင်းသား များ နှင့် လိုအပ်သလိုဆွေးနွေးပွဲပြုလုပ်ကာ ပညာပေးအမြင်ဖွင့် သင်တန်းများ ဟောပြောဆွေးနွေးခြင်း၊ ဆင်းရဲသား ကလေးငယ်များအား ပညာသင်ထောက်ပံ့ကြေး (စကောလာရှစ်)များ ထောက်ပံ့ပေးခြင်းများလုပ်ဆောင်သင့်သည်။

ထို့အပြင် ဝေးလံခေါင်ဖျားကျေးလက်ဒေသများတွင် ရှေးဦးကလေးသူငယ်ကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ ကျောင်းဆက် မတက်နိုင်သော ကလေးငယ်များအား အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးခြင်း၊ ကူညီပေးခြင်းများလုပ် ဆောင်ပေးသင့်ကြောင်း၊ အရေးကြီးသည့် ကိစ္စရပ်များတွင် ဥပမာ- ကျောင်းပညာရေးမူဝါဒ နှင့် ဆုံးဖြတ်ချက်များ၊ ဒေသ ဆိုင်ရာ ပညာရေး လိုအပ်ချက်များ ချမှတ်သည့်လုပ်ငန်းများတွင် မိဘ၊ဆရာ/မများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက် သင့်သည်ဟု အကြံပြုထားသည်။

အစိုးရ၏ တာဝန်ဝတ္တရားများ

အစိုးရအနေဖြင့် မူလတန်းအရွယ်ကလေးငယ်များ တန်းတူပညာရေးသင်ကြားနိုင်ရေး၊ ကျူရှင်ဖွင့်လှစ်သည့်အလေ့အထ ပပျောက်ရေး နှင့် ဆင်းရဲ နွမ်းပါးကလေးငယ်များ၏ စားဝတ်နေရေး၊ အခြေခံကျန်းမာရေးလိုအပ်ချက်များကို တာဝန်ယူ ဆောင် ရွက်ပေးသင့်ပြီး ကျောင်းနေပျော်ရေးကို ဦးစားပေးဆောင်ရွက်ပေးသင့်သည်။

ကလေးငယ်များ၏ ရှေးဦးသင် ပညာရေးကို အပြည့်အဝပံ့ပိုးဆောင်ရွက်ရန် အစိုးရတွင် တာဝန်ရှိပြီး ကျောင်းဆရာ/မ ခန့်ထားရေး၊ ပြောင်းရွှေ့ရေးကို ဒေသအလိုက်၊ ကျောင်းအလိုက် စီမံခန့်ခွဲပိုင်ခွင့်များ ပေးသင့်ကြောင်း၊ ရှေးဦးသင် ပညာရေး မှ မူလတန်းအဆင့်ထိ မိမိဒေသ မိခင်ဘာသာစကားဖြင့် ပြဌန်းသင်ကြားခွင့်ပေးသင့်ပြီး၊ မြန်မာစာ နှင့် အင်္ဂလိပ်စာများကို ဘာသာစကားတစ်ခုအနေဖြင့် မူလတန်းအထက်ဆင့်တွင် ပြဌန်းသင်ကြားပေးသင့်သည်ဟု အကြံပြုထားသည်။

ထို့အပြင် ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ်ကို ထိထိရောက်ရောက်အကောင်ထည်ဖော်ကျင့်သုံး ပြဌန်းပေးရမည်ဖြစ်ပြီး၊ မူလတန်း နှင့် အလယ်တန်းအထိ အခမဲ့ မသင်မနေရစနစ်ကို အပြည့်အဝေ အကောင်ထည်ဖော်ဆောင်ရန် နှင့် ကျောင်း သား/သူများကို အလွတ် ကျက်ခြင်းအစား မိမိဘာသာ စဉ်းစားတွေးခေါ်၊ တတ်မြောက်၊ ဖန်တီးနိုင်သော သင်ကြား ရေးစနစ် ကို ပြဌန်းကျင့် သုံးသင့်သည်။

သက်ဆိုင်ရာအစိုးရအနေဖြင့် ပညာရေးမူဝါဒဆိုင်ရာများနှင့်ပတ်သက်၍ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင် များ၏ ဆွေးနွေးအကြံပြုချက်များကို အသိအမှတ်ပြုလက်ခံသင့်ပြီး၊ ကျောင်းသား/သူများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ဘာသာရပ်ကို သင်ယူနိုင်ရန် နှစ်သက်ရာဘာသာရပ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ရှိသင့်ပြီး၊ ကျောင်းပြင်ပ ပညာသင်ကြားသူများကိုလည်း အဆိုပါအခွင့်အရေးပေးသင့်သည်ဟု ပညာရေးဆွေးနွေးပွဲက အကြံပြုထားပါသည်။

ယင်းအကြံပြုချက်များသည် ပြည့်စုံလုံလောက်သော အကြံပြုချက်ဟု မဆိုနိုင်သော်လည်း အဆိုပါအကြံပြုချက်ကို အစိုးရ၊ မိဘပြည်သူ၊ ကျောင်းဆရာ/မ များအနေဖြင့် စနစ်တကျ ကျင့်သုံးနိုင်မည်ဆိုပါက ချင်းပြည်နယ်၏ အနာဂတ် ပညာရေး တိုးတက်အောင်မြင်ရေးအတွက် မလွဲဧကန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

“ပညာမြင့်မှ လူမျိူးတင့်မည်’’ ဆိုသည် စကားအတိုင်း ချင်းလူမျိူးများ ကမ္ဘာ့အလယ်တွင် မျက်နှာမငယ်ရလေအောင်၊ ချင်းလူမျိူးများ သည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော လူမျိူးတစ်မျိူးဖြစ်ကြောင်းကို သက်သေထူရန် ယခုချိန်မှ စ၍ အဓိပ္ပါယ်ရှိသော ခြေလှမ်းများဖြင့် စတင်လျှောက်လှမ်းကြရမည်ဖြစ်သည်။

“ အစကောင်းမှ အနှောင်းသေချာ” ဆိုသည့် မြန်မာစကားပုံရှိပါသည်။ အစကတည်းက သေသေ ချာချာလုပ်ဆောင်ခြင်း၊ ကြိုးစားခြင်းမရှိပါက အောင်မြင်မှုမရှိနိုင်ပေ။ အစကောင်းခြင်းသည် အောင်မြင်ရန် တစ်ဝက် သေချာခြင်းဖြစ်သည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဥယျာဉ်မှူးပမာ သားသမီးများ၏ ပညာရေးကိစ္စအဝဝကို အားပေးအားမြောက် ကူညီ ပံ့ပိုးပေးရန်လိုအပ်လှပေသည်။ အရေးကြီးဆုံးအချက်တစ်ချက်မှာ ချင်းမျိူးဆက်သစ်လူငယ် ကျောင်းသား/သူများအနေဖြင့် အလျှော့မပေးသော ဇွဲ၊ လုံ့လ၊ ၀ရိယဖြင့် ကြိုးစားကြရမည်ဖြစ်သည်။ ယင်းကဲ့သို့ စတင်လျှောက်လှမ်းနိုင်ပါက နောင်တချိန် တွင် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အသီးသီးအနက် တက္ကသိုလ်ဝင်တန်းအောင်ချက် အနိမ့်ကျဆုံးပြည်နယ်ဘဝမှ လွတ်မြောက်ပြီး၊ အောင်ချက်အမြင့်ဆုံုးပြည်နယ်ဖြစ်လာမည်မှာ မလွဲဧကန် မုတ်ချဖြစ်သည်။

(မှတ်ချက်။          ။ ယခုဆောင်းပါးသည် ချင်းပြည်နယ်၏ အနာဂတ်ပညာရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်  ပြီး လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်တုန်းက ရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။ ချင်းပြည်နယ်အစိုးရ နှင့် ချင်းပြည်သူတစ် ရပ်လုံးအနေဖြင့် ပြန်လည်သတိချက်မိစေရန် အနည်းငယ်ပြန်လည်ပြုပြင်ရေးသားပြီး ထပ်မံတင်ပြရခြင်းဖြစ်သည်။)

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...