ရက် ၁၀၀ သစ္စာစီမံချက်နဲ့ မွန်ပြည်နယ်

ရက် ၁၀၀ သစ္စာစီမံချက်နဲ့ မွန်ပြည်နယ်
by -
မွန်အေဂျင်စီ
NLD အစိုးရသစ်အာဏာလွှဲယူတဲ့ ဧပြီလ ၁ ရက်နေ့ကနေ စခဲ့တဲ့ရက် ၁၀၀ စီမံကိန်းတွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက “သစ္စာစီမံချက်” ကို အကောင်အထည်ဖော်နေပါပြီ။ တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမယ့်လည်း မိတ်ဆွေလဝက အရာရှိတစ်ဦးပြောပြချက်အရ “သစ္စာစီမံချက်” ဆိုတာ ပြည်သူအပေါ်ရော အစိုးရအပေါ်ရော သစ္စာရှိရှိ လုပ်ကိုင်ဆောင်ရွက်တာကို ဆိုလိုတဲ့အကြောင်း အကြမ်းအားဖြင့် “ဝန်ကြီး” မှာကြားထားတယ်လို့ ဆိုပါတယ်။
Daw Suu
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန
Website(Screenshot)

ရက် ၁၀၀ အတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားစာရင်းကောက်ယူသွားမှာဖြစ်ပြီး သာမန်ရွှေ့ပြောင်းနဲ့ ယာယီရွှေ့ပြောင်းဆိုပြီး ၂ မျိုးခွဲခြားထားမှာပါ၊ ယာယီရွှေ့ပြောင်းဆိုတာ ရွာနား၊ မီးရထားလမ်းဘေး၊ စည်ပင်နယ်မြေ၊ သာသနာပိုင်နယ်မြေတွေမှာ နေထိုင်သူများနဲ့ သာမာန်ရွှေ့ပြောင်းဆိုတာ စက်ရုံ၊ အလုပ်ရုံ၊ ရာဘာစက်ရုံ၊ ကိုယ်ပိုင်အိမ်ခြံဝယ်ပြီး သက်ဆိုင်ရာ ရပ်/ကျေးတွေမှာ အိမ်ထောင်စုစာရင်းမပေါက်တဲ့ မိသားစုတွေကို သတ်မှတ်ပါတယ်။ ဒီရက် ၁၀၀ ပြည့်သွားရင်လည်း “သစ္စာ” စီမံချက်ဟာ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။

ရွှေ့ပြောင်းဝင်ရောက်လာတဲ့မိသားစုတွေဟာ သူတို့မူရင်း ပုံစံ ၁၀ အမှန်တကယ် ပြန်ယူရမှာဖြစ်သော်လည်း ရက် ၁၀၀ သစ္စာစီမံချက်မှာက သူတို့ပုံစံ ၁၀ ပြန်ယူစရာ မလိုအပ်တော့ပါ။ ၆ လနဲ့ ၃ နှစ်အကြား ပြောင်းရွှေ့နေထိုင်တဲ့သူတွေကို သာမန်ရွှေ့ပြောင်းအဖြစ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ထောက်ခံချက်ပေးရင် သက်ဆိုင်ရာမြို့နယ်လဝက ရုံးလုပ်ထုံးလုပ်နည်းနဲ့အညီ ပုံစံ ၁၀ အသစ် ထုတ်ပေးမှာဖြစ်တယ်။ ၃ နှစ် အထက်နေထိုင်သူတွေကိုလည်း သက်ဆိုင်ရာမြို့နယ်နဲ့ချိတ်ဆက်ပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးမယ်လို့ ပြောပါတယ်။

ဒါကြောင့် တိုင်းရင်းသားနယ်မြေများအတွင်း ရွှေ့ပြောင်းအခြေချနေထိုင်သူများအတွက် အိမ်ထောင်စုစာရင်းထုတ်ပေးမယ့် စီမံချက်ဟာ တိုင်းရင်းသားနယ်မြေအတွင်း နယ်မြေချဲ့ထွင်မှု (သို့မဟုတ်) ကိုလိုနီလက်သစ်ပြုလုပ်တဲ့အတွက် အစိုးရရဲ့ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နေမှုအပေါ် စိန်ခေါ်မှုဖြစ်စေတာမို့ ဒီစီမံချက်ပြန်လည်သုံးသပ်ပေးဖို့ မွန်ရဟန်းသံဃာတော်တွေ မွန်အရေးလှုပ်ရှားသူတွေက မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ဇွန်လ ၁၀ ရက်နေ့စွဲနဲ့ စာရေးသား တင်ပြလိုက်ပါပြီ။ ထို့အတူ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်နယ်လွှတ်တော်ကိုလည်း မိတ္တူပေးခဲ့ပါတယ်။

အချက် (၇) ချက်ပါ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံပေးပို့ခဲ့သော တောင်းဆိုစာအရ “ယခင် စစ်အစိုးရရဲ့ တပြည်ထောင်စနစ်ကိုအကောင်ထည်ဖော်ရန်နှင့် နိုင်ငံရေးအရ လူမျိုးတမျိုးတည်း ကြီးစိုးရေး အတွက်လုပ်ဆောင်ခြင်းဖြစ်ပြီး တိုင်းရင်းသားတို့၏ စာပေ ၊ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းများကို ပျောက် ကွယ်သွားစေရန် ၊ တိုင်းရင်းသားအချင်းချင်းသော်လည်းကောင်း ၊ တိုင်းရင်းသားအချင်းချင်း ကြား သော်လည်းကောင်း ချစ်ကြည်ရင်းနှီးမှု ပျက်ပြားလာစေရန် စသည့် အကြောင်းအချက်များမှာ ယခုရွှေ့ပြောင်း အခြေချသူများအား အိမ်ထောင်စုဇယားထုတ်ပေးမည့် အစီအစဉ်တွင် ပါ၀င်နေကြာင်း” ရေးသားချက်ကို ဖတ်ရှုလိုက်ရပါတယ်။

မွန်နိုင်ငံရေးပါတီတွေက မွန်ပြည်နယ်ထဲဝင်ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စကို ရေငုံနှုတ်ပိတ်နေတုန်းမှာ NLD အစိုးရ ရက် ၁၀၀ စီမံချက်မှာပါ၀င်တဲ့ ရွှေ့ပြောင်းအလုပ်သမားများ ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် အိမ်ထောင်စုဇယား ထုတ်ပေးမယ့်အစီအစဉ်ကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD (ခေါ်) ကျားခေါင်းပါတီက လာမယ့်လွှတ်တော်မှာ တင်ပြကန့်ကွက်မယ်လို့ မီဒီယာတွေကနေ ပြောလိုက်ပါပြီ။

သျှမ်းပြည်နယ်မှာ ပြည်တွင်းစစ်ပွဲ ကာလရှည်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံအတွင်း သျှမ်းတိုင်းရင်းသားတွေ သန်းနှင့်ချီ ရောက်ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့သန်းခေါင်စာရင်းကောက်ယူခဲ့ရာမှာ သျှမ်းပြည်နယ်အတွင်း လူဦးရေ တစ်သန်းခန့် တိုးပွားလာခဲ့ပါတယ်၊ သျှမ်းအပါအဝင်အခြားတိုင်းရင်းသားတွေ နေရပ်စွန့်ခွာခဲ့ရပြီး ပြည်မနဲ့တရုတ်နိုင်ငံဘက်မှ အခြေချလာသူ များပြားခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူအချို့က ဆိုပါတယ်။

မွန်ပြည်နယ်ဟာ ရှမ်းပြည်နယ်လို လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်ပေါ်နေပေမယ့်လည်း တရားဝင်/တရားမဝင် ပြည်ပရောက်ရှိနေသူ ၄ သိန်း ၂ သောင်း (၄,၂၆,၅၈၆) ကျော်ရှိတယ်လို့ ကောက်ခံရရှိတဲ့အချက်အလက်ကို ၂၀၁၄ သန်းခေါင်စာရင်းမှာ ဖော်ပြပါတယ်။ ပြည်ပထွက်ခွာ သွားရောက် အလုပ်လုုပ်ကိုင်နေသူတွေရဲ့ နေရပ်ရင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်တာလို့ပဲ ယူဆရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလသန်းခေါင်စာရင်းမှာ မွန်ပြည်နယ်လူဦးရေစုစုပေါင်း ၂၀ သိန်းကျော်(၂၀,၅၄,၃၉၃) ဦးရှိနေပြီး ရွှေ့ပြောင်းဝင်ရောက်လာသူ ဦးရေ ၃ သိန်း ၄ သောင်းကျော်(၃,၄၂,၁၈၉ ဦး) စာရင်းပေးသွင်းထားတယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။ မွန်တိုင်းရင်းသားတွေ မဟုတ်ကြတဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းဒေသကြီးက ရွှေ့ပြောင်းလာသူလို့လည်း လေ့လာတွေ့ရှိရပါတယ်။ ပြီးခဲ့တဲ့သန်းခေါင်စာရင်းကောက်ယူအပြီး ၂ နှစ်ကျော် လက်ရှိကာလမှာ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမား ဘယ်လောက်များများ တိုးပွားလာမှာကိုတော့ မခန့်မှန်းတတ်ပါ။ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရသစ်ရဲ့ ရက် ၁၀၀ သစ္စာစီမံချက်နဲ့ပဲ မွန်ပြည်နယ်ဟာ ဗမာလူမျိုးအများဆုံး နေထိုင်တဲ့ ပြည်နယ်တစ်ခု မကြာခင်ဖြစ်လာတော့မှာကိုတော့ တွေးကြည့်စရာမလိုဘူးလို့ ဆိုပါရစေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...