မော်လမြိုင်မြို့တွင် ကားအရောင်းပြခန်းအသစ်များနှင့် မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းအချို့ရှိသော်လည်း မွန်ပြည်နယ်အတွင်း၌ မော်တော်ယာဉ်ဝယ်ယူကြရာတွင်မူ ရန်ကုန်မြို့တော်သို့ သွားရောက် ဝယ်ယူမှု အများဆုံး ဖြစ်နေသည်။
စျေးတက်နေတဲ့ ကားစျေးကွက်
စျေးကွက်အတွင်း မော်တော်ယာဉ် အရောင်းအဝယ်အေးနေသော်လည်း ယခုလအတွင်း မော်တော်ယာဉ် စျေးများ မြင့်တက်နေသည်။
ဇွန်လ ၁ ရက်နေ့မှစတင်၍ မော်တော်ယာဉ်တင်သွင်းရာတွင် ကြိုတင်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံခြင်း နှင့်အတူ မော်တော်ယာဉ်စျေးများမြင့်တက်လာကြောင်း ရန်ကုန်မြို့တော်အခြေစိုက် မော်တော်ယာဉ်ရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှသိရသည်။
လက်ရှိတွင် မော်တော်ယာဉ်တစ်စီးလျှင် ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၂၀ ဝန်းကျင်အထိ အမျိုးအစားပေါ်လိုက်၍ စျေးများအသီးသီးမြင့်တက်နေကြောင်း ၎င်းတို့က ပြောဆိုကြသည်။
ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း ကားတင်သွင်းခွင့်ပါမစ်မချပေးခြင်းမှာလည်း စျေးတက်ရသည့် အကြောင်း အရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ရန်ကုန်၊လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ယာဉ်ရောင်းဝယ် ရေးလုပ်ငန်းရှင် ဦးအေးကျော်က ပြောဆိုသည်။
ထို့အတူ မော်လမြိုင်မြို့စျေးကွက်အတွင်း၌လည်း ကြိုတင်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းကောက်ခံခြင်းနှင့်အတူ မော်တော်ယာဉ်စျေးများလိုက်လံမြင့်တက်နေသည်။
"အခွန်စျေးတက်တော့ ကားစျေးပါလိုက်တက်လာတယ်"ဟု မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ယာဉ်ရောင်း ဝယ်ရေးလုပ်ကိုင်သည့် ဦးမျိုးမြင့်က ဆိုလေသည်။
ဘယ်မှာဝယ်မလဲ
ပြည်နယ်အတွင်း လူစီးများပြားသည့် Probox (ပရိုဘောက်စ်)၊ Honda Fit (ဟွန်ဒါ ဖစ်တ်)၊Hi Jet(ဟိုက်ဂျက်)၊ Nissan AD Van(နစ်ဆန်း AD Van) နှင့် Mark II ရွှေငါး အစရှိသည့် မော်တော်ယာဉ်အမျိုးအစားများကို မော်လမြိုင်မြို့တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
လက်ရှိ မော်လမြိုင်မြို့တွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သည့် ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူများရှိသကဲ့သို့ ရန်ကုန်မြို့တော်ရှိ ကုမ္ပဏီများမှလာရောက်ဖွင့်လှစ်သည့် အရောင်းပြခန်းအချို့လည်းရှိသည်။
" ရန်ကုန်မှာဝယ်လည်း အခက်အခဲမရှိဘူး။ ဝယ်လက်တွေက ကိုယ့်အဆက်သွယ်နဲ့ ကိုဝယ်ကြတာပဲ"ဟု မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သည့် ဦးမျိုးမြင့်က ရှင်းပြသည်။
ရန်ကုန်မြို့တော်စျေးကွက်များတွင် သွားရောက်ဝယ်ယူခြင်း၏ အကြောင်းအရင်းမှာ မော်တော်ယာဉ်များကို ရောင်းချသူအများအပြားထံတွင် စိတ်ကြိုက်ဝယ်ယူနိုင်ခြင်းနှင့် စျေးနှုန်းကွာခြားမှုခြင်းတို့ကြောင့်ဖြစ်သည်။
"နယ်မှာကတော့ ကားအစီးရေ နည်းတယ်။ ရန်ကုန်မှာက လှိုင်စခန်းမှာပဲ ကားအစီးရေကိုးရာ၊ သီရိမင်္ဂလာ စခန်းမှာ ကိုးရာ အဲ့နှစ်ခုပေါင်းပဲ ထောင့်ရှစ်ရာရှိတယ်။ အဲ့မှာ ကိုယ်ကြိုက်တာကို ကြည့်ပြီးဝယ်လို့ရတယ်" ဟု ရန်ကုန်မြို့တော်တွင် ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးအေးကျော်က ပြောဆိုသည်။
ထို့အတူ စျေးနှုန်းကွာခြားမှုမှာလည်း ရန်ကုန်စျေးကွက်သို့ သွားရောက်နေကြခြင်း၏ အကြောင်းအရင်း တစ်ခုဖြစ်ပြီး မော်တော်ယာဉ်တစ်စီးလျှင် ကျပ်သုံးသိန်းမှ ငါးသိန်းဝန်းကျင် ယာဉ်အမျိုးအစားပေါ်လိုက်၍ ကွာခြားလျက်ရှိသည်။
သို့သော် မွန်လိုင်စင်ယာဉ်များမှာမူ ရန်ကုန်လိုင်စင်ယာဉ်များထက် မော်လမြိုင်စျေးကွက်တွင် စျေးသက်သာကြောင်း ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
နယ်စပ်ဂိတ်များမှ မော်တော်ယာဉ်များကို တိုက်ရိုက်တင်သွင်းခွင့်ပေးလိုက်ပါက မော်လမြိုင်မြို့ရှိ မော်တော်ယာဉ်စျေးများကျဆင်းလာမည်ဖြစ်ကြောင်း ကမ်းနားလမ်းတွင် မော်တော်ယာဉ်ရောင်းဝယ်သူ ဦးမျိုးမြင့်က ပြောဆိုသည်။
"အခုတော့ ရန်ကုန်ကနေတစ်ဆင့်ယူနေရတယ်"ဟု ၎င်းကထပ်လောင်းပြောဆိုသည်။
မော်လမြိုင်မြို့ရှိ အရောင်းစခန်းများတွင် ဝယ်ယူပါကမူ နယ်ဝေးသို့သွားရောက်ရခြင်း၊ အလုပ်ရှုပ်ခြင်းစသည့် ကိစ္စရပ်များ၌ သက်သာမည်ဖြစ်သည်။
ရန်ကုန်မြို့တော် လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် အရောင်းအဝယ်လုပ်ကိုင်နေသည့် ဦးအေးကျော်ကမူ မည်သည့်နေရာတွင်ဝယ်ယူသည်ဖြစ်စေ ယုံကြည်ရသူထံတွင် ဝယ်ယူသည်မှာ အကောင်းဆုံးဖြစ်ကြောင်း ရှင်းပြသည်။
"ယုံကြည်တဲ့လူနဲ့ ဝယ်တာတော့ အကောင်းဆုံးပဲ။ တာဝန်ယူမှုရှိရင်အကောင်းဆုံးပဲ" ဟု ၎င်းကဆိုသည်။
ဘယ်လိုင်စင်ယာဉ် စီးမှာလဲ
မော်တော်ယာဉ်များကိုလည်း ရန်ကုန်မြို့တော်နှင့် မော်လမြိုင်မြို့နှစ်ခုစလုံးတွင် ဝယ်ယူနိုင်သလိုပင် ယာဉ်၏ လိုင်စင်ကို လည်း ရန်ကုန် နှင့် မွန်ပြည်နယ်လိုင်စင် နှစ်မျိုးကို ရွေးချယ်ပိုင်ခွင့်ရှိနေသည်။
ယာဉ်မော်ဒယ်နှင့် အမျိုးအစားချင်းတူစေကာမူ မွန်လိုင်စင်မော်တော်ယာဉ်ကိုဝယ်ယူပါက ရန်ကုန်လိုင်စင်ဝင် ထားသည့်ယာဉ်ထက် စျေးပိုမိုသက်သာမည်ဖြစ်ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူများက ဆိုကြသည်။
"နယ်ပါမစ်နဲ့ ဝယ်တာပိုစျေးသက်သာတယ်။ ရန်ကုန်နဲ့ဆို ၁၅ သိန်းလောက်ကွာတယ်"ဟု ၎င်းကဆိုသည်။
ပရိုဘောက် ၂၀၁၁/၁၂ မော်ဒယ်လ်ယာဉ်တစ်စီးလျှင် ရန်ကုန်လိုင်စင်ဖြင့်ပေါက်စျေး ကျပ် သိန်း ၁၂၀ ဝန်းကျင်ရှိသော်လည်း မွန်လိုင်စင် ပရိုဘောက် ၂၀၁၁/၁၂ မော်ဒယ်လ်ယာဉ်တစ်စီးလျှင် ကျပ်သိန်း ၁၀၀ ဝန်းကျင်သာ ပေါက်စျေးရှိကြောင်း ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ပြန်လည်ရောင်းချရာတွင်မူ မွန်ပြည်နယ် လိုင်စင်ဝင်ထားသည့်ယာဉ်များမှာ ရန်ကုန်လိုင်စင်ဝင် မော်တော်ယာဉ်များလောက် စျေးရရှိမည်မဟုတ်ကြောင်း ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူများက ပြောဆိုသည်။
"ရန်ကုန်လိုင်စင်က ရန်ကုန်မှာရောင်းလည်းရတယ်။ မွန်မှာရောင်းလည်းရတယ်။ မွန်လိုင်စင်က မွန်မှာပဲရောင်းလို့ရတယ်"ဟုု ဦးမျိုးမြင့်က ရှင်းပြသည်။
သို့သော် မွန်ပြည်နယ်လိုင်စင်ယာဉ်များကို ဝယ်ယူထားသူများမှာ လိုင်စင်သက်တမ်းတိုးချိန်တွင် ရန်ကုန်သို့သွားရန်မလိုဘဲ သက်ဆိုင်ရာပြည်နယ်တွင်သာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ယင်းကြောင့် မွန်ပြည်နယ်အတွင်းနေထိုင်၍ မိသားစုစီးရန်အတွက် ဝယ်ယူမည်ဆိုပါက မွန်လိုင်စင်ဝင် မော်တော်ယာဉ်များကိုသာ ဝယ်ယူသင့်ကြောင်း ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူများက အကြံပြုသည်။
"နယ်မှာနေတဲ့လူက နယ်လိုင်စင်စီးတာပိုကောင်းတယ်။ ကညနရှိတဲ့နေရာတိုင်းမှာ ကိုယ့်နယ်ကိုစီးတာ ပိုကောင်းတယ်" ဟု ဦးအေးကျော်က ဆိုလေသည်။
ရင်ငြိမ်းချမ်း







