ငြိမ်းချမ်းရေးနဲ့ထိုက်တန်သူတွေ

ငြိမ်းချမ်းရေးနဲ့ထိုက်တန်သူတွေ
by -
ကန္တာရဝတီတိုင်း(မ်)
စစ်တပ်အာဏာရှင်လက်ထက်မှာ မုတ်ဆိုးမလဲမလွတ်ဘူး။ လင်ယောက်ျားမရှိမှန်းသိလျက်နဲ့ စစ်တပ်ကတအိမ်တယောက် စစ်မြေပြင်မှာ အထမ်းသမားပေါ်တာအဖြစ်ဆင့်ခေါ်ရာမှာ မဖြစ်မနေလိုက်ခဲ့ရတယ်။

မောင်လေးဖြစ်သူကို လွိုင်ကော်-ရှားတောလမ်းမကြီးဖောက်လုပ်ဖို့အတွက် လုပ်အားပေးသွားရင်း မြေမြုပ်မိုင်းနင်းမိလို့ ခြေတဘက်ဆုံးရှုံးသွားခဲ့ရတယ်။ ညီမလေးကို ကရင်နီလက်နက်ကိုင်အဖွဲ့က သေနပ်နဲ့အကြောင်းမဲ့ပစ်သတ်ခဲ့တယ်။ ဒီတသက်ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုဆိုတဲ့အရသာကို လုံးဝမမျော်လင့်တော့ပါဘူးလို့တောင် ဆုံးဖြတ်ထားခဲ့မိပါတယ်။

ဒါပေမဲ့ သူမနေထိုင်တဲ့ ကယား(ကရင်နီ)ပြည်ရဲ့ ရှားတောဆိုတဲ့တောမြို့လေးကို နိုဝင်ဘာလ ၁၂ရက်နေ့ ၂၀၁၅ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာတာကိုတွေ့ရတော့ မျော်လင့်ချက်ခွန်အားတွေ ရရှိစေခဲ့ပါတယ်။ သူကတော့ ရှားတောမြို့မှာနေထိုင်တဲ့ အသက် ၅၃နှစ်အရွယ် ကယားအမျိုးသမီး မော်ပိုးမယ်ပဲဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်လာပြောတာတော့ ငါတို့ကို မဲထည့်ပေး ငါတို့ ငြိမ်းချမ်းရေး ရအောင်လုပ်ပေးမယ်။ ဖော်ဆောင်ပေးမယ်လို့ ပြောတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်သာ တကယ်လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ကျမကတော့ ထင်တယ်”လို့ မော်ပိုးမယ်ကပြောပါတယ်။

လက်ရှိ မိသားစုစားဝတ်နေရးအတွက် အဓိက ၀က်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး သူမအတွက် သိသိသာသာ ပြောင်းလဲတိုးတက်လာတာတခုကတော့ လုံခြံုစိတ်ချမှုကို တနေ့ထက်တနေ့ခံစားလာရတာပဲဖြစ်တယ်လို့ဆိုပါတယ်။

ဖခင်အစိုးရဝန်ထမ်းဖြစ်လာတော့ မွေးရပ်ဇာတိရွာဖြစ်တဲ့ ဒေါလော်ဘူးကျေးရွာကနေ ရှားတောမြို့ထဲကို ပြီးခဲ့တဲ့ ၁၉၇၂ခုနှစ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။ ၁၉၇၆ခုနှစ်မှာ ဖခင်ဆုံးသွားပြီးနောက် ၅တန်းနဲ့ကျောင်းထွက်ပြီး မိသားစုစားဝတ်နေရေးအတွက် ယနေ့ထိရုန်းကန်လုပ်ရှားနေခဲ့တာဖြစ်ပါတယ်။

ရှားတောဒေသဟာ မဆလခေတ်ကနေ စစ်တပ်အာဏာရှင်လက်ထက်အထိ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ရင်ဆိုင်ခံစား ခဲ့ရတဲ့ဒေသဖြစ်ခဲ့ပါတယ်။

ရှားတောမြို့နေ မော်နိုမယ်က သူ့တသက်ရင်ဆိုင်ကြံုတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပါတ်သက်ပြီး ယခုလိုပြန် လှည်ပြောပြပါတယ်။

"ကျမတို့ခေတ်တုန်းက တိုင်းပြည်အခြေအနေ ရှုပ်ထွေးတာ အရမ်းများနေပြီ။ ကျမတို့ ငယ်ငယ်လေးကတည်းကနေ အိမ်ထောင်ကျ သားသမီး မြေးတွေရှိတဲ့အချိန်ထိ အခြေအနေက ရှုပ်နေတယ်။ တိုင်းပြည်အခြေအနေ ရှုပ်ထွေးတာ ကျမတို့အတွက် အရမ်းနဲ့ ဒုက္ခရောက်ခဲ့တယ်။ ရွာမှာနေတုန်းကဆိုရင် ထမင်းချက်ပြီးရင် ပလိုင်းထဲ ထည့်ထားရတယ်။ ပြီးရင် တောထဲမှာ သွားပုန်းနေရတယ်။ မချက်ရသေးရင်တော့ ဒီအတိုင်းပဲ သွားလိုက်တယ်။ တစ်ရက်လုံး ထမင်းမစားရတာ ရှိတယ် တစ်ရက်လုံး ရေမသောက်ရတာရှိတယ်။ ပြေးလွားရတာမျိုး မလိုချင်တော့ဘူး။ ငြိမ်းချမ်းတာပဲ လိုချင်တယ်”

၁၉၉၅-၉၆ခုနှစ် စစ်တပ်ရဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေးကာလမှာဆိုရင် ကားလမ်းမဘေးနားမှာရှိတဲ့ ကျေးရွာတွေဆိုရင် စစ်တပ်ဘက်ိုလဲကြောက်ရတာနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်တွေကိုကြောက်ရတာနဲ့၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) တပ်တွေကိုကြောက်ရတာနဲ့ တချိန်လုံးအကြောက်တရားအောက်မှာ ရင်ဆိုင်ခဲ့ကြရပါတယ်။

"ကျနော်တို့ရွာက လမ်းမကြီးဘေးမှာဆိုတော့ တပ်တွေက ရှုပ်လို့ တောင်ယာတွေဘာတွေ မသွားရတော့ဘူး။ ကျနော်တို့မှာရှိတဲ့ ကျွဲ နွားတွေဆိုလည်း သူတို့ ပစ်သတ်တယ်။ ပိုင်ရှင်ဖြစ်တဲ့ ကျနော်တို့ကို တွေ့ရင် ခေါ်သွားတယ်။ ပေါ်တာအဖြစ်ခေါ်သွားတယ်။ ကျနော်တို့သားမယားတွေက အနောက်မှာ ဒုက္ခဆင်းရဲနဲ့ ကျန်ခဲ့တယ်။ ဖျားနာပြီး တောင်ယာတွေ ဘာတွေမသွားနိုင်တော့ဘူး။ အဲတော့ ငတ်ပြတ်လာတယ်။ ဒုက္ခဆင်းရဲတွေ ခံနေရတယ်။ မင်းတို့ ရွာတွေဟာ သူပုန် ဓါးပြရွာတွေပဲ ဆိုပြီးတော့ ကျနော်တို့ကို နှိပ်စက်တယ်။ ရှေ့ကလည်း နှိပ်စက်တယ် နောက်ကလည်း နှိပ်စက်တယ်။ မင်းတို့ရွာက လမ်းနံဘေးမှာဆိုတော့ မင်းတို့တွေဟာ ဗမာ ထောက်လှန်းရေးပဲထင်တယ် ဆိုပြီး ကျနော်တို့ကို နှိပ်စက်တယ်။ စစ်တပ်ဖက်ကလည်း မင်းတို့့ရွာက လမ်းဘေးမှာရှိနေတော့ ကရင်နီစစ်တပ်ကို ထမင်းကျွေးတယ် မကောင်းတာက မင်းတို့ရွာသားတွေပဲ မင်းတို့ရွာကို မီးရှိုးသင့်တယ်လို့ ပြောတယ်။" လို့ အသက် ၅၀အရွယ် ခူးဘိုးရယ်က သူရင်ဆိုင်ကြံုတွေ့ခဲ့ရတဲ့အခြေအနေကို ပြန်လှည်ရှင်းပြပါတယ်။

မော်ရိမယ်ဟာ စစ်ရှောင်အဖြစ် တောတွင်း ပြေးလွားပုန်းအောင်းနေရာမှ နာမကြမ်းဖြစ်နေတဲ့ရင်သွေးငယ်ကို ပွေ့ချီပြီး ရှားတောမြို့ရှိဆေးရုံသို့သွားပို့စဉ် စစ်တပ်မှ သေနပ်နဲ့ချိန်ပြီး အဟန့်အတားပြုလုပ်ခဲ့တဲ့အတွက် ရင်သွေးလေးခမျာ ဆေးကုသဖို့မမှီလိုက်ပဲ ဆုံးသွားခဲ့ရတယ်။ အဲ့ဒီအဖြစ်အပျက်ကို သူ့ဘဝတသက်မှာ စိတ်နာဆုံးပဲလို့ဆိုပါတယ်။

"ကျမက အများကြီး ခံလာရတယ်။ ပြန်မပြောချင်တော့ဘူး။ ပြောရင် ရင်ထဲက ဝမ်းနည်းလာတယ်။”လို့ မော်ရိမယ်ကပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာရှိနေကြတဲ့ လူထုအားလုံးဟာ စစ်ရဲ့ဓါဏ်ကြောင့် ဒုက္ခဆင်းရဲ အမျိုးမျိုးကို ခံခဲ့ဖူးသူတွေဖြစ်တဲ့အတွက် တခါမှ ပျော်ရွင်မှု မရရှိခဲ့ဖူးတဲ့အတွက် ပျော်ရွင်မှုဆိုတာကို ရဖူးချင်ကြောင်း နဲ့ ဘဝကို လွတ်လွတ်လပ်လပ်နဲ့ လုံခြံုစိတ်ချစွာ ဖြတ်သန်းချင်နေပြီလို့ ပြောကြပါတယ်။

ငြိမ်းချမ်းရေးကိုဆာလောင်နေတဲ့ မော်ပိုးမယ်ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားကို ယုံကြည်ကိုးစားပြီး ယခုလိုပြန်လှည်ပြောပြသွားပါတယ်။

"ငြိမ်းချမ်းရေးပဲ လိုချင်တယ်။ တခြားဘာမှမလိုချင်တော့ဘူး။ ချမ်းသာနေပြီး ငြိမ်းချမ်းမနေရင်လည်း ဘာမှမထူးဘူးလေနော်။"

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...