ရွှေ့ပြောင်းပညာရေးမှ မြန်မာကလေးများ ထိုင်းတက္ကသိုလ်သို့ တက်ခွင့်ရမည်လော?

ရွှေ့ပြောင်းပညာရေးမှ မြန်မာကလေးများ ထိုင်းတက္ကသိုလ်သို့ တက်ခွင့်ရမည်လော?
by -
ရွှေဟင်္သာ

တရားမဝင် အလုပ်လုပ်ရာက တရားဝင် ဖြစ်လာပြီးနောက် မိမိတို့၏ ကလေးများ၏ပညာရေးကိုပါ တာဝန်ယူ ကြိုးစား လာရသည်ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် ရွှေ ့ပြောင်း အလုပ်သမား များက ဆိုပါသည်။  

“ ကိုယ့်နိုင်ငံမှာ ပြန်ထားဖို့ ကလည်း ထွက်လာ ကတည်းကိုက အခြေအနေ မဲ့လေ။ အခုလည်းဘဲ ပြေလည်သေးတာ မဟုတ် သေးပါဘူး။ ဒါပေမဲ့ ကလေးတွေက ကြီးလာနေပြီး၊ သူတို့ ပညာရေး အတွက် ကျနော်တို့ တတွေ အခက်အခဲ ကြားက ထားခဲ့ရတယ်လေ။ ပြီးတော့ ကိုယ့်သားသမီးကိုလည်း ပညာတတ် စေချင်တဲ့သဘော ဖြစ်လာတော့ လမ်းစရှာ ရာကနေ ဆရာတွေနဲ့ တိုင်ပင်ပြီး တက္ကသိုလ် တက်ခွင့်ရအောင် ကြိုးစားလာကြတာပါ” ဟု ဆိုပါသည်။

ထိုင်းနိုင်ငံ၊ တာ့ခရိုင်မှ မဲဆောက် ဒေသရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ ကိုယ်ထူကိုယ်ထ ကျောင်းသားလေးများသည် NGO ကျေးဇူးဖြင့် အကူအညီ ရလာသော စာသင်ကျောင်းများမှ ထိုင်းတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရန် အားကြိုးမာန်တက် ကြိုးစားနေကြပါသည်။ ထိုင်းနိုင်ငံ မဲဆောက် ဧရိယာသည် စုစုပေါင်း မြန်မာရွှေ့ပြောင်း ကလေးပေါင်း တသောင်းခွဲခန့် ရှိနေသည်ဟု ရွှေ့ပြောင်း ပညာရေးကို ဦးဆောင် သင်ကြား ပေးနေသော ပညာရေး ကော်မီတီ များက ဆိုပါသည်။

ထိုကိုယ်ထူ ကိုယ်ထ ကျောင်းဘဝမှ ထိုင်းတက္ကသိုလ် တက်ခွင့်ရရန် ဘယ်လို အခက်အခဲမျိုးကို ကျော်ဖြတ်နေကြရပါသလဲ။ ရွှေ့ပြောင်းပညာရေးသည် ထိုင်းတက္ကသိုလ် ပညာရေးကို တက်ရောက်နိုင်ရန် မည်သို့သော လိုအပ်ချက်မျိုး ရှိနေပါသနည်း။ ဤအခြေအနေနှင့် ပါတ်သက်ပြီး၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကလေးများ ပညာရေးကို တစိုက်မတ်မတ် ကြိုးစား သင်ကြား လာခဲ့သည့် (Central Development Centre) ကျောင်းအုပ်ကြီး၊ ဆရာမန်းရွှေနှင်းအား မေးမြန်းခဲ့ပါ သည်။

မေး။   ။ ရွှေ့ပြောင်းကျောင်းသားလေးတွေကို ဘယ်ထိုင်း တက္ကသိုလ်က လက်ခံမယ် ထင်ပါသလဲ ဆရာ။

“ လောလောဆယ် ညှိနှိုင်းထားတာက ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာရှိတဲ့ Lanna တက္ကသိုလ်နဲ့ ချိတ်ဆက်ထား ပါတယ်။ တက္ကသိုလ် ဖက်ကတော့ အခြေအနေအရ ဒီနှစ်မှာ မဖြစ်နုုိင်သေးပါဘူး။ တက္ကသိုလ် တန်းဝင်နိုင်တဲ့ သင်ရိုးညွှန်းတမ်း တွေ ညှိရတယ်။ ကျောင်းတက်နိုင်ဖို့ အတွက် entrance ကိစ္စတွေ ထပ်ညှိရဦးမယ်။ entrance ဝင်ခွင့်တွေ ဘယ်လို စီစဉ်မလဲ ဆိုတာတွေ ပြင်ဆင်ရဦးမယ် ဆိုတော့ ဒီနှစ်ကတော့ လုံးဝ ၀င်ခွင့် မရသေးပါဘူး။”

မေး။   ။ ဒါဆိုရင် ဒီနှစ် အထက်တန်း အောင်မြင်သွားတဲ့ ကျောင်းသားလေးတွေ ဘာဆက်လုပ်ရမလဲ။

“ လက်ရှိ ဆယ့်နှစ်တန်း အောင်သွားတဲ့ ကလေးတွေကို တစ်ခြားနေရာက (GED program) တို့လို အစီအစဉ်တွေကိုဘဲ ချိတ်ဖို့ပဲ ရှိတော့တယ်။ လမ်နားတို့ Payap တက္ကသိုလ်ကို တန်းသွားနိုင်တဲ့ အနေအထားတော့မရှိသေးဘူး။ အခုကျမှဘဲ လိုအပ်တာတွေ ညှိနှိုင်းနေဆဲ မဟုတ်ပါလား။ ပြီးတော့ အသက်မွေး ဝမ်းကြောင်းနဲ့ ပက်သက်ပြီးတော့ youth connect ရဲ့ အစီအစဉ်နဲ့ ပုံမှန်ဘဲ တနှစ်ကို အနည်းဆုံး ၃၀၊ ၃၅ ဦးလောက်နဲ့  ၉ လ သင်တန်းတွေ၊ (စာတွေ့က ၃ လ) လက်တွေ့က ၃ လ လုပ်ငန်းခွင် အတွေ့အကြုံက ၃ လ အားလုံးပေါင်း ၉ လ သင်တန်းဘဲ ရှိသေးတယ်။  ၉ လ ပြီးရင်တော့ ကလေးတွေက သူ့နေရာနဲ့သူ အသက်မွေး ဝမ်းကြောင်းကတော့ ပြေလည်သွားတာပဲ။”

Youth connect  ကျောင်းဆိုသည်မှာထိုင်းနှင့် ၊ အင်္ဂလိပ် ပူးပေါင်း ဖွဲ့စည်းထားသည့် ဖောင်ဒေးရှင်း တခုဖြစ်ပါသည်။ ဤကျောင်းမျိုးကို မြန်မာဘက်မှ ဖြစ်လာရန် ဒေါက်တာ သိန်းလွင်က ကြိုးပမ်းအားထုတ် နေပါသည်။ ၄င်း၏ NER education ပညာရေး ပြုပြင် ပြောင်းလဲမှု ပေါ်လစီအရ နောင်လာမည့် ကာလ တစ်ခုတွင် ဖြစ်လာရန် ရှိနေပါသည်။ သို့သော် ချက်ချင်း ဖြစ်လာရန် မရှိသေးဟု ဆိုပါသည်။  

မေး။   ။ ဒါကတော့ တက္ကသိုလ် မတက်နိုင်သေးတဲ့ အခြေအနေမှာ လောလောဆယ် သင်နေရတဲ့ အပိုင်းပေါ့နော်။ ဒီတော့ တက္ကသိုလ် တက်ခွင့် ရအောင်နဲ့ လိုအပ်တဲ့ အစီအစဉ်တွေ ရနိုင်အောင် Lanna တက္ကသိုလ် နဲ့ ဘယ်တော့ ညှိနိုင် ကြဖို့ရှိမှာလဲ။

“ ညှိနိုင်းတာကတော့ ၁ နှစ်လောက် ရှိနေပါပြီး။ နောက်တစ်ခါ ထပ်ညှိဖို့ ရှိနေသေးတယ်။ ခန့်မှန်းချေ နောက်လထဲမှာပေါ့။ ညှိကြတဲ့ အထဲမှာ ကလေးတွေ ဝင်ခွင့် ဖြေဆိုရမဲ့ ကိစ္စ၊ နောက်တစ်ခုက English program နဲ့ သွားလို့ရနိုင်တဲ့ အနေအထားမျိုးတွေကို ကျနော်တို့က တင်ပြခဲ့တယ်။ ဒါပေမဲ့ တကယ် အစပျိုးတဲ့အခါ English program နဲ့ မရနို်င်ဘူး။ ထိုင်း program နဲ့ သွားရမယ့် အနေအထားမျိုး ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ကလေးတွေကို ထိုင်းစာ သင်ပေး ရမယ့် အနေအထား ဖြစ်သွားတယ်။ ပြီးတော့ ထိုင်းပညာရေး စနစ်အရ အထက်တန်းကို ဆယ့်နှစ်တန်းအထိ သတ်မှတ် ထားတဲ့ အတွက် တက္ကသိုလ်တက်ဖို့ ဆယ့်နှစ်တန်းနဲ့ ညီတဲ့   အောင်လက်မှတ် ရဖို့လည်း လိုပါတယ်။ ဒီကိစ္စလည်း တ က္ကသိုလ်ဖက် ပြောတာကတော့ ကော်စနော (ကျောင်းချိန်ပြင်ပ သက်ကြီး ပညာသင်ကြားရေး စနစ်) ပညာရေးတွေနဲ့ ထပ်ညှိဖို့ ရှိသေးတယ်လို့ ဆိုသွားပါတယ်။

မေး။   ။ ဒါဆို ဒီအချိန်ကစပြီး လက်ရှိ ဆရာတို့ ကျောင်းမှာ ထိုင်းစာ သင်ကြားရတော့မှာပေါ့နော်။

“ ထိုင်းစာက အငယ်တန်းကနေ အကြီးတန်းအထိရှိတယ် ဒါပေမဲ့ ထိုင်း language   တစ်ခုပေါ်မှာပဲ အခြေခံပြီးတော့ သင်တယ်။ ဘာသာရပ်အားလုံး သင်တယ်ဆိုတော့ ထိုင်းစာကို အခြေခံ ထားတာ မဟုတ်တဲ့အတွက် ညှိဖို့ကျတော့ ခက်ခဲတယ်။ ကျောင်းမှတ်ပုံတင် ဆိုင်ရာနဲနဲပဲ အကျိုးရှိတယ် ဆိုတော့ ကလေးရဲ့ တရားဝင် အောင်လက်မှတ်မရှိဘူး။ တရားဝင် အောင်လက်မှတ် တစ်ခု ထွက်ဖို့ ဆိုရင်ကော်စနော်နဲ့ ပြောပြီး ထုတ်မှရတယ်။”

မေး။   ။တကယ်လို့ Lanna တက္ကသိုလ်နဲ့ ညှိနိုုင်းမယ်ဆိုရင် ကလေးတွေက ထိုင်းဘာသာရပ်နဲ့ ပက်သက်ပြီးတော့ အခက်ခဲတွေ အများကြီးရှိမှာပေါ့ ဒီနှစ်အတွင်းတော့ မဖြစ်နိုင်ဘူးပေါ့။

“ အနည်းစုလောက်ပဲ ရှိမယ်သဘောက GED သင်တန်းတွေနဲ့ ထိုင်းဘာသာ အခြေခံ တော်တော်များများ ရှိတဲ့ ကလေးကျတော့ သိပ်အခက်အခဲ မရှိဘူး။ လာမယ့်နှစ်မှာ ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ထပ်တည်ဆောက် ထားတာက ဒီအောက်တိုဘာ လကျရင် ရ တန်းကနေ ၁၂ တန်းအထိ ထိုင်း NFE နဲ့ချိတ်ပြီး ကျောင်းမှာ လာသင်မယ်။”

မေး။   ။ လာမယ့်နှစ်ကျရင် ထိုင်းတက္ကသိုလ်မှာ တက်ခွင့်ရနိုင်မဲ့ အခြေအနေရှိလား

“ Payap တက္ကသိုလ်နဲ့ ထပ်ပြီးတော့ ညှိနိုင်းတာမျိုး Lanna နဲ့ထပ်ပြီးတော့ ညှိနိုင်းတာမျိုး အဲသလောက်ပဲ ဖြစ်နိုင်ချေရှိ သေးတယ်။ ဆိုလိုတာကတော့ မြန်မာပြည်မှာ ဆယ်တန်း အောင်လက်မှတ်  ရှိမှ ပြန်တက်လို့ ရတာမျိုး  GED program မျိုးနဲ့ထပ်မံ ညှိဖို့လိုပါသေးတယ်။”

မေး။   ။ Lanna တက္ကသိုလ် တစ်ခုတည်းပဲ ထပ်တွေ့အုံးမှာလား။ Payap တက္ကသိုလ်နဲ့ရော ထပ်တွေ့ဖို့ရှိသေးလား။

“ပညာရေး အပိုင်းမှာတော့ အကြမ်းလုပ်ထားတာပဲ ရှိသေးတယ်။ နောက်ပိုင်း ဒီပညာရေးနဲ့ ပက်သက်ပြီး တော့မြန်မာ ဘက်က သော်၄င်း၊ ထိုင်းဘက်က သော်၄င်း အားလုံးအတွက် ခြံုပြီးတော့ တရားဝင်မှုတွေ အသိအမှတ်ပြုမှုတွေ ရရှိနိုင် ဖို့အတွက်  CDC အနေနဲ့ ကြိုးစားတာမျိုး မဟုတ်ပဲ MEII ဆရာကျော်ကျော်မင်းထွဋ်တို့ အဖွဲ့က ဦးဆောင်ပြီးတော့ လုပ်သွားတာမျိုးဖြစ်တယ်။”

(MEII) ရွေ့ပြောင်း အလုပ်သမား ပေါင်းစပ် ပညာရေး ဖော်ဆောင်ရေးလို့ ခေါ်တယ်။ ဘာဖြစ်လို့ ပေါင်းစပ်ပညာရေးလို့ ခေါ်သလဲဆိုတော့ သူတို့သုံးမယ့် program တွေ အောင်လက်မှတ်တွေ ထိုင်း၊မြန်မာနှစ်နိုင်ငံ စလုံး အသိအမှတ်ပြုဖို့ သင်ကြားတဲ့နေရာမှာရော စစ်ဆေးတဲ့နေရာမှာပါ နှစ်ဖက်လုံး ပေါင်းစပ်တဲ့ ပုံစံဖြစ်ရမယ်။ အဲဒီပုံစံကို စုပေါင်းပြီး အကောင်အထည် ဖော်နေတဲ့သဘောပါ။

လောလောဆယ် အထက်တန်းအောင်တဲ့ ကဏ္ဍမှာ Migrant ကျောင်းကနေပြီးတော့ အထက်တန်းအောင်လက်မှတ်ကို ဘယ်ကျောင်းကနေမှ ထုတ်ပေးတာ မရှိသေးဘူး။ အဲလိုမျိုး ထုတ်ပေးထားတာ မရှိတဲ့အတွက်ကြောင့် ကျနော်တို့မှာ အသိအမှတ်ပြုဖို့အတွက် လိုက်ပြီးတော့ ကြိုးစားကြတာပေါ့။ အခုလောလောဆယ် အောင်လက်မှတ်ကို အသိအမှတ်ပြုတာ ထိုင်းရဲ့ NFE လို့ခေါ်တယ်။ NFE program အောက်ကနေပြီးတော့ အထက်တန်းအောင်လို့ရှိရင် ထိုင်းတက္ကသိုလ် ဆက်တက်လို့ ရတယ်။

ဒါမှမဟုတ်လို့ရှိရင် မြန်မာပြည်က ဆယ်တန်းအောင်ရင် တက္ကသိုလ် ဆက်တက်ခွင့်ရတယ်။ ဒါမှမဟုတ် နိုင်ငံတကာ အသိအမှတ်ပြု GED တို့ အောင်လို့ရှိရင် တက္ကသိုလ် ဆက်တက်လို့ရ တယ်။ လောလောဆယ် လုပ်နေတဲ့ စနစ်မှာ ေရေရှည်အတွက်ကို မပြေလည်တဲ့ ကိစ္စတွေ အများကြီးရှိတယ်။ ဥပမာထိုင်း NFE ကျောင်းပြင်ပ ပညာရေးက ၆ နှစ်ကြာတယ်။

မြန်မာပြည်သားတွေက ထိုင်းဘာသာကို မကျွမ်းကျင်တဲ့အတွက် ထိုင်းပညာရေးကို လိုက်နေရတာ မဟုတ်တဲ့အတွက် ဘယ်လောက်ပဲ အတန်းရှိရှိ မူလတန်းကနေ ပြန်တက်ရတဲ့ အခြေအနေတွေရှိတယ်။ သူတို့အတွက် အချိန် ၆ နှစ်ကမနည်းဘူးလေ။

မြန်မာနိုင်ငံက ဆယ်တန်းအောင်လက်မှတ်ကို အသိအမှတ်ပြုတဲ့ ကိစ္စ တစ်ချို့တက္ကသို်လ်တွေက အသိအမှတ်ပြုတယ်။ နာမည်ရ တက္ကသိုလ်တွေကျတော့ အသိအမှတ်မပြုကြဘူး။ အဲဒီမှာ ဘွဲ့ရကြတယ်။ မြန်မာနိုင်ငံရဲ့ ဆယ်တန်းအောင်လက်မှတ်ကိုပေါ့။ နောက်ဆုံးတစ်ချက်က နိုင်ငံတကာ အသိအမှတ်ပြုတဲ့ GED တို့အောင်လက်မှတ်တွေ အဲဒီဟာတွေက ကျနော်တို့ လိုအပ်ချက် အရ သင်ပေးနေရတယ်။

တကယ်တမ်းပြောရမယ် ဆိုရင် အလုပ်သမားတွေရဲ့ အသုံးချနိုင်မှုအတွက်ကို ကိုက်ညီတဲ့ ကိစ္စတွေကို ကျနော်တို့ညှိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ GED ကျောင်းကလည်း အမေရိကန် အကြောင်းကို focus ထားပြီးတော့ သင်ရတယ်။ ကျောင်းသားတွေရဲ့ တကယ့်တက်မြောက်မှုဟာ အင်္ဂလိပ်စာရယ် ဒါမျိုးတွေကို ရသွားနိုင်တယ်။ ဒါပေမယ့် social study မှာ အမေရိကန် အကြောင်းပဲ သင်တဲ့အတွက် အမေရိကန်ကို သွားပြီး အခြေချမယ့် သူက နည်းတယ်။ သူတို့အတွက် လက်တွေ့ အသုံးချနိုင်မှုက နည်းတယ်။ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေကို ရေရှည်အတွက် တည်တံတဲ့ ပညာရေးဖြစ်အောင် ဝို်င်းကြိုးစားနေကြတယ်။

ဆယ်နှစ်တန်းအောင်တဲ့ ကိစ္စမှာ ဘယ်ကျောင်းကအောင်လည်း ဆိုတာ မေးစရာတွေဖြစ်လာတယ်။ လောလောဆယ် အခြေအနေပြောရမယ် ဆိုရင် Migrant ကျောင်းတွေက ရ တန်းအောင်ရင် ဘယ်မှသွားလို့မရဘူး။ လောလောဆယ်အောင်လက်မှတ်တွေ အသိအမှတ်မပြုဘူး။ ကျနော်တို့မှာ ကြိုးစားနေတဲ့ အချက်သုံးချက် ရှိတယ်။ တစ်ခုကကျတော့ ဒီကျောင်းတွေကို တရားဝင် အသိအမှတ်ပြုရေး နောက်တစ်ချက်က အဲဒီကျောင်းတွေကသင်ကြားမယ့်သင်ရိုးညွန်း တမ်းပေါ့။ Migrant ကျောင်းတွေက တစ်နေရာနဲ့ တစ်နေရာ လိုအပ်ချက်အရ စိတ်ဝင်စားမှုအရ တစ်အားကွာခြားတယ်။ မဲဆောက်ဒေသ ၊ ကန်ချနဘူရီဒေသ၊ ချင်းမိုင်ဒေသ၊ မဟာချိုင်ဒေသ၊ သင်ရိုးသင်တန်းတွေက ကွာခြားချက်တွေ ရှိတယ်။ ရေရှည်သတ်မှတ်လို့ ရတဲ့သင်ရိုးညွန်းတမ်းတွေ မရှိဘူး။ ဒုတိယအချက်အနေနဲ့ ကျနော်တို့ လုပ်ရမှာက  စံနမူနာပုံစံဖြင့် သင်ရိုးညွန်းတမ်း သတ်မှတ်ဖို့ ကိစ္စကို အခုလောလောဆယ် ဒီပြသနာကို အရင်လုပ်နေရတယ်။ တတိယအချက်ကကျ တော့ အဲလိုမျိုးသင်ကြားပြီးတဲ့ အခါမှာနှစ်နိုင်ငံက အသိအမှတ်ပြုဖို့ ရရှိရေးအတွက်နှစ်နိုင်ငံ ပညာရေးဌာနကနေ ဆွေး နွေးရဦးမယ်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာနိုင်ငံသား ကလေးငယ်များ၏ စုစုပေါင်းကလေး (၇၀)ရာနှုန်းသည် မဲဆောက်ဒေသတွင် တည်ရှိနေပါသည်။ မြန်မာရွှေ့ပြောင်း ကလေးများသည် မြန်မာနိုင်ငံသို့ပြန်ပြီး တက္ကသိုလ် တက်ရန် အခက်အခဲနှစ်မျိုး ဖြင့် ရင်ဆိုင်နေရကြောင်း ဆိုပါသည်။

(၁) ကျောင်းစရိတ်မတတ်နိုင်ခြင်း၊ (၂) ပညာရေး စနစ်နောက်ကျကျန်ခြင်းတို့ကြောင့် တက်ရောက်လိုသူ နည်းပါးနေခဲ့ သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားပင် ဖြစ်စေကာမူ ထိုင်းနိုင်ငံတွင် တက္ကသိုလ် ပညာသင်ခွင့်ရရန် ကြိုးစားလာခြင်း ဖြစ်ပါသည်။

Most read this week