၈၈ က မွေးဖွားလိုက်တဲ့ ကရင်နီအမျိုးသမီးခေါင်းဆောင် မိဆူးပွင့်

၈၈ က မွေးဖွားလိုက်တဲ့ ကရင်နီအမျိုးသမီးခေါင်းဆောင် မိဆူးပွင့်
by -
နှောင်းလှိုင်

(အင်တာဗျူး)၂၀၁၁ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ရှစ် လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၃နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်သည်။

ပြည်ပအခြေစိုက် မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) အဖွဲ့ ဥက္ကဌ မိဆူးပွင့်သည် ၁၉၈၈ ခုနှစ်က လူထုအုံကြွမှု ၈ လေးလုံး အရေးေတော်ပုံတွင် ကရင်နီ (ကယား) ပြည်နယ် ကျောင်းသားများ သမဂ္ဂ ဒု-ဥက္ကဌ တာဝန်ယူ၍ ပါ၀င်လှုပ်ရှားခဲ့သည်။

၈ လေးလုံး အရေးတော်ပုံအပြီးတွင် လက်နက်ကိုင် တော်လှန်ရေးလုပ်ရန် ထိုင်း-မြန်မာ နယ်စပ်သို့ရောက်ရှိ လာပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေက်တစ်တပ်ဦး (ABSDF) တွင် တပ်ဖွဲ့ဝင်အဖြစ် ပါ၀င်ခဲ့သည်။ ထို့နောက် BWU ကို ဖွဲ့စည်းခဲ့သည်။

၁၉၉၅ ခုနှစ် BWU စတင်ဖွဲ့စည်းကတည်းက မိဆူးပွင့်သည် စည်းရုံးရေးကော်မတီ ဥက္ကဌ တာဝန်ကို ယူခဲ့ပြီး၂ နှစ် တကြိမ်ပြုလုပ်သည့် ညီလာခံဆုံးဖြတ်ချက်ဖြင့် ၁၀ နှစ်အတွင်း ဥက္ကဌအဖြစ် ၅ ကြိမ် ထမ်းဆောင်ခဲ့ရသည်။ ထို့နောက်ပိုင်း BWU ဗဟို ကော်မီတီ ခေါင်းဆောင် တယောက်အနေနှင့် ပြန်လည်လုပ်ကိုင်ခဲ့သည်။

misup2၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးဖြစ်ပြီးသည့် နောက်ပိုင်းမှ ယခုချိန်အထိ BWU ဥက္ကဌ အဖြစ် ပြန်လည် တာဝန်ယူခဲ့သည်။ ထို့အပြင် မိဆူးပွင့်သည် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တွင်လည်းပြည်တွင်းစည်းရုံး ရေး တာဝန်ခံအဖြစ် တာဝန်ယူထားသည်။ မိဆူးပွင့်ကို ကန္တာရဝတီတိုင်း(မ်) သတင်းထောက် နှောင်းလှိုင်က ဆက်သွယ်မေးမြန်းထားသည်။

အန်တီအနေနဲ့ ၈ လေးလုံး အရေးအခင်းမှာ ကရင်နီပြည်နယ်ကနေ ဘယ်လို ပါ၀င်လာခဲ့တာလဲ။

၈ လေးလုံးမတိုင်ခင် ဆန္ဒပြပွဲတွေ ဖြစ်တော့ နယ်ကျောင်းသားတွေကို ရန်ကုန်ကနေ အစိုးရကျောင်းဆောင် တွေရော အပြင်ဆောင်တွေရော ကိုယ့်နေရင်း ဒေသကို အတင်းအဓမ္မပဲ ပြန်ပို့တယ်။ ကျမတို့တွေလည်း အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ ကယားပြည်နယ်ပေါ့။ လွိုင်ကော်ကို ပြန်လာတယ်။ တခြား ကောလိပ် တက္ကသိုလ်ကနေပြန်လာတဲ့ ကျောင်းသူ ကျောင်းသားတွေ အကုန်လုံးလည်း လွိုင်ကော်ကို ပြန်ရောက်လာတယ်။ လွိုင်ကော်ကို ပြန်ရောက်တဲ့ချိန်မှာ ကျတော့ ၈ လေးလုံး အရေးတော်ပုံကြီးမှာ ပါနိုင်အောင် စည်းရုံးကြတယ်။ ကယားပြည်နယ်ထဲမှာလည်း ကယားပြည်နယ် ကျောင်းသားများ သမဂ္ဂဆိုတာ ဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းပြီးတော့ အဲဒီကျောင်းသားကနေ တာဝန်တွေခွဲပြီးတော့ အသုတ်လိုက် နယ်တွေ ခွဲပြီးတော့စည်းရုံးတာ တွေ ဟောပြောပွဲ ဆင်းလုပ်တာတွေ ရှိတယ်။ အဲဒီလို လုပ်နေရင်းနဲ့ သြဂုတ်လ ၈ ရက်နေ့မှာကယားပြည်နယ် လူထုကို လမ်းမပေါ် ထွက်နိုင်အောင် ကျောင်းသားတွေ ဦးဆောင်ပြီးတော့ စည်းရုံးနိုင်ခဲ့တာပေါ့။ အဲဒီမှာ တပြည်လုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ စလုပ်တဲ့အချိန်မှာ ကယားပြည်နယ် က လည်း ပါ၀င်လာတာပေါ့။

အဲဒီတုန်းက ကရင်နီပြည်နယ် ကျောင်းသားတွေက ဘယ်လိုလှုပ်ရှားလဲ။

တိတ်တိတ် လျှို့ဝှက်ပြီးတော့ တွေ့ကြတယ်။ လျှို့ဝှက်လုပ်တဲ့အစည်းအဝေးတွေ ခေါ်တယ်။ ခေါ်ပြီးတော့မှ နယ်တွေ ခွဲပြီး စည်းရုံး တယ်။ ရပ်ရွာခေါင်းဆောင်ပိုင်းတွေ ဘယ်လိုချဉ်းကပ်မယ်။ ဘယ်လိုစည်းရုံးမယ်။ ဘယ်လိုပါ၀င်လာအောင် လုပ်မယ် ဒါမျိုးတွေတော့ အစီအစဉ်ဆွဲရတာပေါ့။ နောက် ၈လေးလုံးမှာကျတော့ လမ်းမပေါ်မှာ ထွက်လာဖို့ ဆိုတာကတော့ ပထမဦးဆုံး မင်းစုရပ် မီးပွိုင့် လမ်းဆုံမှာ လူစုတယ်။ လူစုပြီးတော့ အဲဒီမှာ စင်ငယ်ငယ်လေး ထိုးပြီးတော့ ကျောင်းသားတွေ လေး၊ ငါးယောက် တက်စကားပြောတယ်။စစပြော တဲ့ချိန်မှာ လူက ၃၀ ၊ ၅၀၊ ၁၀၀ လောက်ကနေ စလာတာပေါ့။ ပြီးတော့မှ အာဇာနည်ကျောက်တိုင်ဘက် ကို ချီတက်မယ်၊ တောင်ကွဲစေတီဘက်ကို ချီတက်ကြမယ်ဆိုပြီးတော့ ကြေညာလိုက်တဲ့ချိန်မှာ အဲဒီလိုပဲ လူ ၅၀၊ ၁၀၀ ကနေပြီးတော့ ပြည်သူလူထုတွေ လိုက်လာတယ်။ အဲဒီကနေပြီးတော့ ရာနဲ့ ထောင်နဲ့ချီတဲ့ လူတွေနေ့တိုင်း ပဲ ချီတက်ဆန္ဒပြတယ်။ ကြွေးကြော်သံတွေ အော်ကြတယ်။ နောက်တနေ့ဆို ဒီးမော့ဆိုတို့က ကားတွေနဲ့လာ တယ်။

ပိတ်ပင် တားဆီးမှုတွေ ရော ကြုံခဲ့ရလား။

အတားအဆီးမရှိဘူး။ နယ်တွေမှာကျတော့ အာဏာပိုင်တွေက ကြိုတင်ပြင်ဆင်မှုတွေ ဘာမှ သေချာမလုပ် ထားဘူး။ မလုပ်ထားတဲ့ခါကျတော့ စစ်တပ်တွေ လာပြီးတော့ တားဆီးတာတွေ ပိတ်ပင်တာတွေ ဘာမှ မလုပ်ဘူး။

ရန်ကုန်မှာ စစ်တပ်ဖြိုခွင်းတဲ့အချိန်မှာ ကရင်နီပြည်မှာရော ဘာတွေဖြစ်ခဲ့လဲ။

ရန်ကုန်မှာ ပစ်ခတ်မှုတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာတော့ ရေဒီယိုသတင်းတွေကနေ ကြားရတာပေါ့နော်။ အစိုးရပိုင် မီဒီယာကနေပြီးတော့ ဘာမှ မကြေညာဘူး။ ကယားပြည်နယ်မှာကတော့ အဲဒီတုန်းက တာဝန်ကျတဲ့ တိုင်းမှူးတို့၊ တပ်ရင်းမှူးတို့ ဆိုတဲ့ ပုဂ္ဂိုလ် တွေထဲက ကယားပြည်နယ်ဒေသခံ ရပ်မိရပ်ဘတွေနဲ့ ရင်းနှီးတာတွေ ရှိတယ်။ သားသမီးတွေ၊ လူငယ်တွေ အပေါ်မှာလည်း သူတို့ သားသမီးတွေနဲ့ အတူတူပဲကြီးပြင်းလာတဲ့ဟာမျိုးတွေဖြစ် တော့ သံယောဇဉ်နဲ့ တစုံတရာ ရှိတဲ့အခါကျတော့ ကိုင်တွယ်တာ နည်းနည်း သက်သက်ညှာညှာကိုင်တွယ်တယ် လို့ ပြောလို့ရတာပေါ့နော်။ အဲဒီတုန်းက ဗိုလ်မှူးသန်းအောင်လား မသိဘူး။ နောက်ပိုင်းမှာကျတော့အပြောင်း အရွှေ့ ခံလိုက်ရတာတွေ ဖြစ်တယ်။

ဒါပေမယ့် စစ်တပ်နဲ့ကျောင်းသား ထိပ်တိုက်တွေ့တဲ့ ရက်တရက် ရှိတယ်။ လူတွေက အဲဒီနေ့မှာစိတ်လှုပ်ရှား ကြတယ်။ ငိုကြယိုကြတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ အားနဲ့ပဲပေါ့နော်။ စစ်တပ်ကလည်း အဲဒီနေ့က တကယ်ပစ်မလိုလိုနဲ့ အစပိုင်းမှာ ဖြစ်ပေမယ့်လည်း တကယ်တမ်း မပစ်ဘဲနဲ့ ပြန်ဆုတ်သွားတယ်။ လူထုသာ အားကောင်းတယ်ဆိုရင် စစ်တပ်က အရမ်းမလုပ်ဘူး။ အဲဒါတခုလည်း သင်ခန်းစာ ယူစရာ တခုတော့ရတာပေါ့။

အန်တီတို့ တောထဲကို ဘယ်လို ရောက်သွားတာလဲ။ ဘယ်လို အခက်အခဲတွေနဲ့ ကြံုတွေ့ခဲ့ရလဲ။

ကျမက အာဏာသိမ်းပြီးတဲ့ညမှာပဲ ချက်ချင်း လွိုင်ကော်မြို့ဘေးက ပါ၀ါးရွာ ဆိုတဲ့နေရာမှာ ကျမတို့ သူငယ်ချင်း တစု အဲဒီမှာသွားခိုနေတယ်။ အဲဒီမှာ နှစ်ရက်လောက်နေပြီးတော့ လမ်းပြတွေ ဘာတွေနဲ့ ကရင်နီနယ်စပ်ဘက်ကို ထွက်မယ်ဆိုပြီးတော့ အဲဒီကနေ လမ်းလျှောက်တယ်။ လမ်းမှာ ၉ ရက်ကြာတယ်။ လမ်းမှာ မိုးရွာတယ်၊မိုးရေထဲ မှာ အိပ်ခဲ့တာတွေ အဲဒီလိုမျိုးလေးတွေ ရှိတာပေါ့။ ဒီဘက်ကိုရောက်တော့ အဲဒီတုန်းကကရင်နီအမျိုး သား တိုးတက်ရေးပါတီကလည်း ကျောင်းသား တွေကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။နေရာချထားပေး တယ်။ ဘာလုပ်ချင်လဲပေါ့ ကူညီမယ်။ အဲဒီမှာ စစ်သင်တန်းတွေ တက်ချင်တယ်ပေါ့ သင်တန်းတွေပေးတယ်။ နယ်အသီးသီးက ကျောင်းသားတွွေ အများကြီးလာဆုံတယ်။ အဲဒီမှာ ပထမဦးဆုံး မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တပ်မတော်ဆိုတာဖွဲ့တယ်။ အဲဒီမှာ ကျမတို့ ပါခဲ့တယ်။ ကရင်နီ တပ်ရင်းကို အဲဒီတုန်းက ခေါ်တာကတော့ ကျောင်းသား တပ်မတော် တပ်ရင်း ၀၃ အဲဒီမှာ တာဝန်ကျတယ်။ စခန်းကော်မတီမှာ တာဝန်ယူတယ်။ ဒါပေမယ့်လည်း ကျမတို့ အဲဒီနောက်ပိုင်းမှာတော့ ဒီကရင်နီ ဒေသမှာ ပညာရေး လုပ်ငန်းတွေလုပ်တဲ့အချိန်မှာ အားနည်းမှုတွေ ရှိတယ်။ ကျမတို့ အဲဒီမှာတာဝန်တွေ ခွဲတဲ့အချိန်မှာ ကျမကတော့ ဒီပညာရေးလိုင်းပေါ့နော်။ ကျောင်းဆရာမ ၀င်လုပ်မယ်ဆိုပြီးတော့ ကရင်နီမှာ အဲဒီတုန်းက အလယ်တန်းကျောင်းပဲရှိတယ်။ အဲဒီမှာ ကျောင်းဆရာမ ၀င်လုပ်တယ်။ ကျမတို့ ပထမ တစ်နှစ်လုပ်ပြီးနောက်နှစ် မှာ အထက်တန်းကျောင်းဆိုပြီး စလုပ်ခဲ့တယ်။ အဲဒီမှာ အထက်တန်းကျောင်းမှာ ကျောင်းအုပ်အဖြစ် ကျမ နှစ်နှစ် လုပ်ခဲ့တယ်။

ဒီတော့ အရင်က ကရင်နီပြည်မှာ ၈ လေးလုံး လှုပ်ရှားပုံနဲ့ အခု နောက်ပိုင်း ကွာခြားပုံ ပြောပြပါလား။

ကွာခြားပုံ ဆိုတာကတော့ နိုင်ငံရေးအရ လူထုကို ကြည့်ရင် ဥပမာ ရခိုင်ပြည်နယ်ကို ကြည့်မယ် ဆိုရင် ၈လေးလုံး ၂၃ နှစ်ပြည့် အနက်ရောင်လှုပ်ရှားမှုပေါ့။ အနက်ရောင် ၀တ်ပြီးတော့ ဆုတောင်းပွဲတွေလုပ်တယ်။လူငယ်တွေနိုး နိုးကြားကြား နှိုးဆော်နေတာရှိတယ်။ ဒါပေမယ့် ကယားပြည်နယ်မှာကတော့ အရင်ကတည်းကလူထုလှုပ်ရှားမှု တွေဖြစ်ဖို့ ဦးဆောင်ဦးရွက်ပြုတဲ့လူကော နောက်မှာ သိုင်းသိုင်းဝန်းဝန်းနဲ့ လိုက်ပါလာမယ့်လူတွေရောထွက်လာ အောင် လုပ်ဖို့ ဆိုတဲ့ဟာ အချိန်တိုတိုနဲ့ မလွယ်သလိုမျိုး လူတွေက ကြောက်စိတ်တွေ ပိုများတယ်။စိုးရိမ်စိတ်တွေ ပိုများတယ်။ နောက် သူများ အခြေအနေကို သေသေချာချာသိနိုင်တဲ့ အခွင့်အလမ်းတွေ နည်းတယ်လို့ထင်တယ်။ ကိုယ့်ပြည်နယ်ထဲမှာပဲ ကိုယ်နေတယ်။ ဥပမာ ဒီ ၈ လေးလုံး မျိုးဆက်တွေ ထောင်ကနေပြန်လွတ်ပြီးတဲ့ခါကျ တော့ ဒီအဖြူရောင် ကမ်ပိန်းတွေလုပ်ခဲ့တယ်။ ကုန်စျေးနှုန်းတွေ ကြီးမြင့်လို့ ဆိုပြီးတော့ ဓာတ်ဆီစျေးတွေ တက်လို့ ကားမစီးဘဲနဲ့ လမ်းလျှောက်ပြီးတော့ ဆန္ဒပြပွဲ ပုံစံမျိုးတွေပေါ့နော်။ နယ်တွေကို ကူးသွားတယ်၊ ကယားပြည်နယ်ထဲမှာကျတော့ လူထုက ဒီသတင်းတွေကိုလည်း နားမထောင်ဘူး။ ဒါတွေကိုလည်း မသိ ဆိုတဲ့ဟာမျိုးတွေဖြစ်တယ်။ သိရင်လည်း လူနည်းစုပဲ စပြီး သူတို့ ဦးဆောင်ပြီးတော့လူတွေလမ်းပေါ်ထွက် အောင် လုပ်ဖို့အတွက် အကန့်အသတ်တွေ အခက်အခဲတွေ အများကြီးရှိနေတဲ့ ပုံစံမျိုးလို့ ကျမမြင်တာပေါ့နော်။

ကရင်နီပြည်နယ်မှာ ဒီမိုကရေစီ လှုပ်ရှားမှု နည်းနည်းရှိတယ်လို့တော့ ကြားရပါတယ်။ ဘာဆက်ဖြစ်နိုင်မလဲ။

၂၀၀၇ မှာဆိုရင် ရွှေဝါရောင် တော်လှန်ရေးဆိုတာဖြစ်တယ်။ ပြည်နယ် အသီးသီးကနေ ပါတယ်။ ဒါပေမယ့် ကယားပြည်နယ်မှာကတော့ အဲဒီတုန်းက လှုပ်ရှားမှု တစုံတရာ ဖြစ်တာ မကြားမိဘူး။ ဒါပေမယ့်နိုင်ငံရေးလှုံ့ဆော် မှုတွေ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုဖို့အတွက် စစ်အစိုးရ အတင်းအကြပ်လုပ်တဲ့ အချိန်မှာတုန်းက လူငယ်တွေက လှုပ်ရှားမှုပုံစံနဲ့ ဆန့်ကျင်တဲ့ ကမ်ပိန်းတွေ လုပ်ကြတာ တော့ရှိတယ်။ ကယားပြည်နယ်လူငယ်တွေအဖမ်းခံခဲ့ရ တာ တွေ ရှိတယ်။ အဖမ်းခံခဲ့ရတယ်၊ အခုချိန်ထိလည်း ထောင်ထဲမှာ ရောက်နေတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီလိုမျိုးဖြစ်သွားတဲ့ခါမှာ နောက်ထပ်လုပ်မယ့်သူတွေကလည်း နည်းနည်းစိတ်ပူမှုတွေတယ်။ ဒီတော့အုပ်စု လိုက်ပဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ စည်းရုံးရေးတွေ ချဲ့ထားတာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းပေါ်ပေါ်တင် တင်ကြီး လုပ်လာနိုင်တဲ့ အနေအထားရောက်ဖို့ကတော့ အခြေအနေ နည်းနည်း လိုနေသေးတယ် လို့ထင်တယ်။

Most read this week